ဧရာဝတီ-ကိုစိုး | ဒီဇင်ဘာ ၂၇၊ ၂၀၀၇
စစ်အစိုးရက ဗုဒ္ဓဘာသာ တရားပွဲတချို့ကို အမိန့်ဖြင့် ပိတ်ပင်တားမြစ်လိုက်ကြောင်း ရန်ကုန်မြို့မှ သံဃာတော်များ၏ ပြောကြားချက်အရ သိရသည်။
ယခုလအတွင်း ရန်ကုန်မြို့၌ ကျင်းပရန်စီစဉ်ထားသည့် နာမည်ကြီး ဓမ္မစေတီ ဆရာတော် ဦးကောသလ္လ၊ မဇ္ဈိမ ဂုဏ်ရည် ဆရာတော် ဦးကောဝိဒ၊ ဖြူးဆရာတော် ဦးနဒပတိနှင့် လူရည်ချွန်ဆရာတော် ဦးဇဋိလ စသည့် ဆရာတော် ၄ ပါး၏ တရား ပွဲများကို ပိတ်ပင်လိုက်ခြင်းဖြစ်သည်ဟု ရန်ကုန်မြို့မှ သံဃာတော်တပါးက ပြောသည်။
ယမန်နေ့က ရန်ကုန်တိုင်း အင်းစိန်မြို့နယ်တွင် ဟောကြားရန်စီစဉ်ထားသည့် ဆရာတော် ဦးကောဝိဒ၏ တရားပွဲကို ရန်ကုန်တိုင်းမှူး၏ အမိန့်ဖြင့် မြို့နယ်အာဏာပိုင်များက ပိတ်ပင်ခဲ့သည်ဟု သိရသည်။
“တိုင်းမှူးဆီကို ဆရာတော် ဦးကောဝိဒက မေတ္တာရပ်ခံသေးတယ်၊ ဒါပေမယ့် တိုင်းမှူးက ခွင့်မပြုဘူးတဲ့၊ မနက်ဖြန်ဟောမယ့် ဦးကောဝိဒ တရားပွဲကိုလည်း ဖျက်ခိုင်းဖို့များတယ်”ဟု ရန်ကုန်မြို့မှ သံဃာတော်က ပြောသည်။
မကြာသေးခင်က ရန်ကုန်မြို့လယ်တွင် ဟောကြားသည့် ရွှေပြည်ဟိန်း ဆရာတော် ဦးခေမာသီရိ လင်္ကာရ၏ တရားပွဲကို လည်း တရားဟောနေစဉ် အာဏာပိုင်များက ရပ်ခိုင်းခဲ့သည်ဟု ဆိုသည်။
“သူ့ကိုတော့ သူဟောတဲ့တရားက မလွတ်မကင်းဖြစ်လို့ ခေါ်မေးပြီးပြီတဲ့၊ အရေးယူမယ်လို့လည်း ကြားတယ်”ဟု တခြား သော သံဃာတော်တပါးကလည်း ပြောသည်။
ယင်းရွှေပြည်ဟိန်းဆရာတော်ကို စက်တင်ဘာ အရေးအခင်းတွင် ဦးဆောင်သံဃာတပါးအဖြစ် လှုပ်ရှားခဲ့သည်ဟု အာဏာ ပိုင်များက သံသယ ရှိသောကြောင့် ယခုကဲ့သို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟုလည်း ဆိုသည်။
ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းကလည်း သီတဂူ ဆရာတော် အရှင်ဥာဏိဿရ နှင့် ဆရာတော် ဦးကောဝိဒတို့၏ တရားခွေ ဗီစီဒီများကို အာဏာပိုင်များက ပိတ်ပင်ခဲ့သေးသည်။
“တည့်တည့်ပဲဖြစ်ဖြစ် သွယ်ဝိုက်လို့ပဲဖြစ်ဖြစ် စစ်အစိုးရကို ဝေဖန်ထားတာလို့ယူဆရင် အဲဒီ တရားခွေကို သူတို့က ပိတ်လိုက် တယ်”ဟု ဓမ္မာစရိယ ဦးပဉ္ဖင်း တပါးကပြောသည်။
ရန်ကုန်မြို့နိုင်ငံတကာ ထေရ၀ါဒ ဗုဒ္ဓဘာသာ သာသနာ့ တက္ကသိုလ် ပြန်ဖွင့်မည့်ရက်ကိုလည်း အာဏာပိုင်များက ရွှေ့ဆိုင်း ထားကြောင်း သိရသည်။
“သတင်းစာ ထဲမှာတော့ သံဃာ့တက္ကသိုလ် ဖွင့်ရက်ကို ရက်ရွှေ့လိုက်တယ်တဲ့၊ ဖွင့်မယ့်ရက်ကို ပြန် ကြေညာမယ်ပေါ့၊ အမှန်ဆိုရင် တက္ကသိုလ် ဖွင့်ရက်က ကျော်သွားပြီ၊ တက္ကသိုလ်က သံဃာတချို့ စက်တင်ဘာ အရေးအခင်းမှာ ပါခဲ့လို့လေ အာဏာပိုင်တွေက အခဲမကြေဖြစ်နေပုံရတယ်”ဟုလည်း အထက်ပါ ရန်ကုန်မြို့မှ သံဃာတော်က မိန့်ကြားသည်
Friday, December 28, 2007
ဗုဒ္ဓဘာသာ တရားပွဲတချို့ကို စစ်အစိုးရက ပိတ်ပင်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment