Tuesday, November 13, 2007

ပြည်တွင်းမှပေးပို့လာသော ကဗျာတပုဒ်

သမိုင်းမြေဇာပင်များ

မြူနှင်းတွေ ချယ် တဲ့ ရေတံခွန်၊
မြခနောက် နဲ့ ရန်ကင်းတောင်တွေ
ဝန်းရံခတဲ့ အမ်တီယူမြေ။

ခြောက်သွေ့တဲ့ တမာတန်း
ပင်လက်ပံ နီရဲရဲ
စွယ်တော်ရှိုက်သံ နဲ့အတူ
သရက်ပင်အုပ်တွေ
ဝါးရုံတောတွေ
ထူထပ်တဲ့ အမ်တီယူမြေ။

ဒီလိုမြေ၊
ဒီလောက်လှတာ ကို
ဖျက်ဆီးသူနဲ့
ဖျက်ဆီးခံသူတွေအကြောင်း
ကျူပ်တို့ အသည်းနှလုံးနဲ့
ရေးထားတဲ့ စာ။
ဒီစာကို ခင်ဗျားတို့ လည်း
အသည်းနှလုံးနဲ့ဖတ်
ပြီးတော့…….
တိုင်းပြည်ဖျက်တဲ့အထဲ
ကျုပ်တို့မပါဘူးဆိုတာ
နားလည်ပေးရင်
ကျေနပ်ပြီ။


ကဲစမယ်…

ဒီလိုမြေမှာ
လှပတဲ့လူငယ်ဘ၀ ကို
မြှုပ်နှံ့သိမ်းထားခဲ့ရဖူးတဲ့
ကနောင်၊မက္ခရာ
ပြင်စည် နဲ့ ညောင်ရမ်းဆောင်တွေမှာ
မောင်ကြီးတို့ နေခဲ့ရတယ်။

ဒီလိုမြေမှာ
အနာဂတ်တွေ ကို
အနာဂတ်မှန်းမသိအောင်
ဖိစီးသိမ်းဆည်းရင်း နဲ့
နှစ်တွေကို ကုန်လွန်စေခဲ့ဖူးတဲ့
မန်းချယ်ရီ နဲ့ မန်းသီရိဆောင်တွေမှာ
မယ်ကြီးတို့ နေခဲ့ရတယ်။

လူငယ်အသိ ကို
ချမစားအောင်
ကြိတ်မိတ် သိမ်းထားရင်း
ပြေးခဲ့ရတဲ့ ပီတီ
ဝင်ခဲ့ရတဲ့ နိုင်စတာဒီ။
ဘယ်ညာ ဘယ်ညာ
ဘယ်ညာ ဘယ်…
ဘယ်သူ့အတွက်လဲ
ပြည်သူ့အတွက်ပဲ…
ဒီလိုသာ ရိုက်သွင်းတိုင်းသာ ရရင်
မောင်တို့ မယ်တို့ စစ်တပ်ဖွဲ့လို့ရပြီ။
ဟဲ…ဟဲ….မလုပ်နဲ့
စစ်တစ်ပိုင်းဖြစ်မယ် မှန်း..
မသိလို့ ၀င်ခဲ့မိတာ…
မှားမှန်းသိတဲ့ အချိန်မှာ
ကျုပ်တို့ ပြင်မရတော့ဘူး။

ဘုန်းကြီးတွေ ပင်လယ်ဝေ
လူတွေ လိုင်းထ
အလောင်းတွေ ပုံနေတဲ့
အခါအချိန် ရောက်မှ
ဝန်ထမ်းဆို တာ မဖြစ်ချင်လိုက်တာ။
ဂမ်ဘာရီတစ်ခေါက်လာရင်
ကျုပ်တို့ ဘယ်လောက် စိတ်ညစ်တယ်ဆိုတာ
လူထုလှုပ်ရှားမှု တခါဖြစ်ရင်
ကျုပ်တို့ ဘယ်လောက် အနေကျပ်တယ်ဆိုတာ
အလှုပ်အခတ် ရှိရင်
ကျုပ်တို့ အပြင်ထွက်ရင်တောင်
ဂိတ်ပတ်စ် ဆိုတာကြီးရမှ ထွက်ရတယ်ဆိုတာ
ဓါတ်ခဲမပါတဲ့ နာရီတလုံး ခြောက်နာရီမှာ
ရပ်တန့်နေတာ……..။
ေ၀၀ါးတဲ့ အနာဂတ် ကို
လူငယ်တွေ ကြိတ်မှိတ်ပြီး
အိပ်မက် မက်ချင်ယောင် ဆောင်နေရတာ….
ဒါတွေ ဘယ်သူသိမှာလဲ။

အတန်းတစ်ချိန် မှာ
ရိုးကော် နှစ်ခါကောက်
တစ်ခါကောက် နာရီဝက်
နှစ်ခါကောက်တော့ တစ်နာရီ
အချိန်တန်ပြီ
ငါတို့ လှစ်စို့
လဘက်ရည်ဆိုင် နဲ့ ဘောပွဲရုံကို
ဖြစ်ချင်တိုင်းဖြစ်နေတာ
ကျုပ်တို့ကို အပြစ်မတင်နဲ့
ဒီလို ရိုက်ချိုးထားတာကြီး
ဘယ်သူ အသက်ရှင်
ပျော်မွေ့ပြီး စာကို တကယ်
ကြိုးစားမှာလဲ။

နောက်တော့
တဖြည်းဖြည်းနဲ့
ချမစားခံချင်လဲ
မရတော့ဘူး
ရိုးကော်က သင်တဲ့စာတဲ့
အရေးကြီးတဲ့အချိန်
ဆရာမက လက်ပ်မပါပဲ
သီအိုရီချည်းပဲ ပေးနေချိန်
ကျုပ်တို့ အင်ဂျင်နီယာ အတတ်ကို
ဘာအမြင်ရှိလို့ တကယ် တတ်မှာလဲ။

လုပ်စမ်းပါ သုတေသန
ဝမရှိပဲ ၀ိလုပ်ခိုင်းပြန်တယ်။
ကူးချမယ် ဟိုနိုင်ငံ က ကျမ်းစာအုပ်
လုပ်ပြီ… ဒုက္ခပဲ
မဖတ်ရဲဘူး နိုင်ငံတကာ စမနာမှာ
ကူးထားတာ ပြန်အုပ်ရင်
ငါတင်မက သပန ပါ ပြုတ်သွားမယ်။
ဒီတော့ လည်း ဆရာမက အလည်သား
ငါ့သား၊ငါ့သမီး ဒါကို
နိုင်ငံတကာမှာ ဖတ်လို့ မရဘူးတဲ့
ကျုပ်ကတော့ စိတ်ထဲက
ဟိ..ဟိ လို့
ခပ်ကျိတ်ကျိတ်လေး ရယ်ချင်တယ်။
ဖြစ်နေရတဲ့ ဘ၀ ကို
မကျေနပ်ဘူး..။

ဒီလိုနဲ့…

နောက်ဆုံးတော့ အပေါစားဘွဲ့တလုံးရပြန်တယ်။
နယ်ကျောင်းမှာ ဆရာလုပ်ရပြန်တယ်။

နေဦး ခဏ ….
ကြားဖြတ်ပြောဦးမယ်။
ဒါတောင် သပန က
လူ့အရင်းအမြစ်ကို
အနာဂတ် နိုင်ငံအတွက်
ပြုစုပျိုးထောင်ပေးနေတယ်တဲ့ဗျာ။
ကျုပ်တို့တော့
ကိုယ့်ဘာသာ ဂလိထိုး ရယ်ရမလို ငိုရမလိုပဲ။

အင်းဆက်မယ်………

ဆရာလုပ်တော့မှ တွေ့ပြီ ဒုက္ခ။
ဒီတော့လည်း သိပ်ပိုင် သပေါ့
ရှေ့က ဆရာ၊ဆရာမ
လှမ်းစဉ်အတိုင်း
ကျူပ်တို့ ကျက်တူရွေးလုပ်ပြန်ပြီ
ဝိုင်တီယူပြေး၊ အမ်တီယူပြေး
ဆရာကြီး၊ဆရာမကြီးတွေ
ဖွင့်တဲ့ ကျူရှင်ကို
ကျုပ်တို့ ဆရာလေး၊ဆရာမလေးတွေ
ကျက်တူရွေး နည်းနဲ့ တက်ရတယ်။
ပြီးတော့ ကျုပ်တို့ ကျူရှင်ပြန်ဖွင့်ပြန်တယ် နယ်ကျောင်းတွေမှာ
ကျက်တူရွေးနည်းနဲ့ ကျောင်းသားတွေကို ကိုယ်က ပြန်သင်
ဟုတ်လို့ဗျာ….
ကိုယ်အရပ် နဲ့ ကိုယ့်ဇာတ်။

အဲဒီအကျိုးဆက်ကို ဆက်ပြောမယ်….

ဒီလို သပန အောက်က ကျောင်းကထွက်သူတွေ
နိုင်ငံခြားမှာ ပညာသင်ပြန်တော့..
ဟဲ..ဟဲ (ကိုယ့်လူမျိုးကို စော်ကားတာတော့ မဟုတ်ဘူးဗျာ)
စံချိန်မမှီ..ရေချိန်မမှီ
ပဲပင်ဖောက်ရင်း
စုန်းပြူးစိတွေ ချည်း ရသလို
စုန်းပြူးတွေ ဒုက္ခရောက်ရော့ပဲ။
ဒီတော့မှ အနှီ နိုင်ငံခြားရောက်
ကိုယ်ရွှေတော်တွေ
သူတို့ နောက်မျိုးဆက် ကို
ကျက်တူရွေးမျိုးမဖြစ်စေရဘူးတဲ့လေ။

ကဲ ဒါတွေ ထားတော့…
ဆက်ပြောမယ်……..

ဒီလို နဲ့ လုပ်နေရင်းသဘောပေါက်ပြီး
ဗမာပြည် အင်ဂျင်နီယာ ပညာရေး
သမိုင်းမှတ်တိုင်မှာ
ငါတော့ တရားခံ အဖြစ်မခံနိုင်ဘူးဟဲ့
ဒါပေမယ့် ငါ့ဝမ်း ငါ့ခါး
ငါ ဘယ် လို ထမ်းမလဲ လို့ စဉ်းစားလိုက်ရတာ
နောက်ဆုံး ရလဒ်ကတော့
ခပ်ရှင်းရှင်းပဲ
ထိုင်း၊စင်္ကာပူ၊မလေးတ၀ိုက်မှာ
အပြေးလိုက်ကြရရုံပေါ့။

ဘာပဲပြောပြော
ဒီစာကို ဖတ်သူတိုင်း
ကျုပ်တို့ကို သမိုင်းတရားခံ လို့
မမြင်ကြရင် ကျေနပ်ပြီ။
တကယ် က ကျုပ်တို့ဟာ
သိပ်သနားစရာကောင်းတဲ့
သမိုင်း မြေဇာပင်တွေပါဗျာ။

မြေဇာပင်များ

6 comments:

YeKyawAungMDY said...

အခုတော့ မောင်သောင်းရဲ့ သိပ္ပံ နှင့် နည်းပညာဝန်ကြီး ဌာန(သနပ) အောက်က ဖြစ်နေတော့ စစ်ပုံစံ မန္တလေး နည်းပညာ တက္ကသိုလ်ပေါ့။ ၉၆ ထိ တုန်းကတော့ မန္တလေးစက်မှုတက္ကသိုလ်ပါ။

Anonymous said...

ဒီကဗျာရေးသူတွေရဲ့ အခြေအနေကို ဝေမျှခံစားပေးရင်း ၊ မြေဇာပင်ဘ၀က ရုန်းထွက်နိုင်ဖို့ ကြိုးစားကြပါလို့ပဲ တိုက်တွန်းလိုက်ပါတယ် ။

nyeenyee2007 said...

တကယ် က ကျုပ်တို့ဟာ
သိပ်သနားစရာကောင်းတဲ့
သမိုင်း မြေဇာပင်တွေပါဗျာ။ , u r right , very good, hey keep on

ဆောင်းယွန်းလ said...

This poem is the best ever.

ဆန္ဒမွန် said...

အမိတက္ကသိုလ်က ညီနောင်တို့ရဲ့ ခံစားချက်ကို နားလည်ပါတယ်။ ညီကဗျာကို ဖတ်ရင် ဟိုးအတိတ်က အမ်အိုင်တီကို လွမ်းမိတယ်။ အဲဒီအချိန်က ၀ိုင်အိုင်တီက ၀ါရင့်ဆရာတွေလာပြီး ဧည့်ပို့ချ ဘို့ တောင်းဆိုးခဲ့ တဲ့ ၉၅ အခွင့် အရေးတိုက်ပွဲ နဲ့ ၉၆ လှုပ်ရှားမှု့ ပုံရိပ်တွေကိုလည်း သတိရမိတယ်။ တို့တစ်တွေဟာ လူငယ်တွေပါ။
လူငယ်ဆိုတာ.........
'Dare to think'
'Dare to say'
'Dare to do'
'Dare to fight for right'

ဘာလို့မြေဇာပင်အဖြစ်ခံရမှာ လဲ။ သမိုင်းသစ်ကို ဖန်တီးသူ။ အနာဂါတ်ရဲ့ သူရဲကောင်းတွေအဖြစ်ခံယူ နိုင်ဘို့ ကြိုးစားလိုက်စမ်းပါ။ ဒီလိုဖြစ်ဘို့ မျက်စိကိုဖွင့်၊နားကို စွန့်ထား ။

နောက်လည်းကဗျာတွေရေးနိုင်ပါစေ..

ဆန္ဒမွန်
hsandamon@gmail.com
အမ်အိုင်တီကျောင်းသားဟောင်းတစ်ဦး
ခေတ္တ အဝေးတစ်နေရာ။

odin said...

ဒီကဗျာဟာ ကျုပ်တို့ရဲ့ ခံစားချက်ကို ထင်ဟပ်နေပါတယ်။ ကဗျာရေးသူကိုလည်း ကျေးဇူးတင်ပါတယ်။ ကျုပ်တို့ ၉၈ နောက်ပိုင်း ဆယ်တန်းအောင်တဲ့သူတွေဟာ ကံဆိုးသူတွေပါ။ အင်ဂျင်နီယာကို စိတ်ဝင်စားလို့ တက်ချင်လည်း တက္ကသိုလ်က မရှိတော့ပါဘူး။ ဒါကြောင့် သပန ကဖွင့်တဲ့ ဒီသင်တန်းကပဲ တစ်ခုတည်းသော အင်ဂျင်နီယာတက္ကသိုလ် ဖြစ်နေတော့ ၀င်ခဲ့ရတာပါ။