ဂါမဏိ
http://www.khitpyaing.org/irony/november_2007/14-11-07_garmani.php
အချိန်ကား မဟာသက္ကရာဇ် ၁၀၃ ခု ကဆုန်
လဆန်း (၁၄) ရက်။ အင်္ဂါနေ့ဖြစ်၏။ ဘုရားလောင်းသိဒ္ဓတ္တသည် ဤည၌ ထူးခြားသော အိပ်မက်ကြီးငါးခုကို မြင်မက်တော်မူ၏။ အိပ်မက်ငါးရပ်ကား …
(၁)ဟိမ၀န္တာတောင်ကို ခေါင်းအုံးလျက် မြေပြင်ကို အိပ်ရာပြု၊ အရှေ့နှင့်အနောက် သမုဒ္ဒရာပေါ် လက်ထား၊ တောင်သမုဒ္ဒရာ၌
ခြေထောက်ထား အိပ်စက်ရသည်ဟု အိပ်မက်ခြင်း။
(၂)အနီရောင်မြက်ပင်သည် ချက်မှဖောက်၍ ကောင်းကင်တိုင်အောင်တက်သည်ဟု
အိပ်မက်ခြင်း။
(၃) အဖြူရောင်ပိုးများ ခြေထောက်မှ လွှမ်း၍တက်လာသည်ဟု အိပ်မက်ခြင်း။
(၄) အရောင်အမျိုးမျိုးရှိသည့်ငှက်များ အရပ်လေးမျက်နှာမှလာ၍ ခြေရင်း၌ အားလုံးအဖြူရောင်ဖြစ်သွားသည် ဟု အိပ်မက်ခြင်း။
(၅) ကြီးမားသည့် မစင်တောင်ပေါ်တက်၍ လမ်းလျှောက်သော်လည်း ပေကျံခြင်းမရှိဟု
အိပ်မက်ခြင်း။
ဟူ၍ဖြစ်၏။
ခေတ်ပြိုင်ဝဘ်ဆိုက်မှတဆင့်ဝေမျှသည်။လဆန်း (၁၄) ရက်။ အင်္ဂါနေ့ဖြစ်၏။ ဘုရားလောင်းသိဒ္ဓတ္တသည် ဤည၌ ထူးခြားသော အိပ်မက်ကြီးငါးခုကို မြင်မက်တော်မူ၏။ အိပ်မက်ငါးရပ်ကား …
(၁)ဟိမ၀န္တာတောင်ကို ခေါင်းအုံးလျက် မြေပြင်ကို အိပ်ရာပြု၊ အရှေ့နှင့်အနောက် သမုဒ္ဒရာပေါ် လက်ထား၊ တောင်သမုဒ္ဒရာ၌
ခြေထောက်ထား အိပ်စက်ရသည်ဟု အိပ်မက်ခြင်း။
(၂)အနီရောင်မြက်ပင်သည် ချက်မှဖောက်၍ ကောင်းကင်တိုင်အောင်တက်သည်ဟု
အိပ်မက်ခြင်း။
(၃) အဖြူရောင်ပိုးများ ခြေထောက်မှ လွှမ်း၍တက်လာသည်ဟု အိပ်မက်ခြင်း။
(၄) အရောင်အမျိုးမျိုးရှိသည့်ငှက်များ အရပ်လေးမျက်နှာမှလာ၍ ခြေရင်း၌ အားလုံးအဖြူရောင်ဖြစ်သွားသည် ဟု အိပ်မက်ခြင်း။
(၅) ကြီးမားသည့် မစင်တောင်ပေါ်တက်၍ လမ်းလျှောက်သော်လည်း ပေကျံခြင်းမရှိဟု
အိပ်မက်ခြင်း။
ဟူ၍ဖြစ်၏။
ဤအိပ်မက်ငါးရပ်ကို ဗြဲတိုက်တော်အမှုထမ်းများက ယခုလို အဓိပ္ပာယ်ကောက်ယူကြသည်။
(၁) နိုင်ငံတော်အာဏာအရပ်ရပ်ကို သိမ်းပိုက်ရန် မျှော်မှန်းချက်ဖြစ်သည်။
(၂) သြကာသလောကဖြိုခွဲရန် သမ္မာသမဂ္ဂ၀ါဒီတို့နှင့် ပူးပေါင်းကြံရွယ်ချက်ဖြစ်သည်။
(၃) လောကသားစည်းလုံးညီညွတ်ရေးကို ဖြိုခွဲဖျက်ဆီးရန် ကြံဆောင်မှုဖြစ်သည်။
(၄) အလုံးစုံပျက်သုဉ်းရေးကို အားထုတ်ခြင်းဖြစ်သည်။
(၅) စီးပွားရေးပိတ်ဆို့၍ အချုပ်အခြာအာဏာကို ပျက်ပြားဆုံးရှုံးစေရန်ကြံစည်ခြင်းဖြစ်သည်။
ဟု ဖွင့်ဆိုစွပ်စွဲကြသည်။
ဘုရားလောင်းမူကား ဤအိပ်မက်များကို ဆင်ခြင်တော်မူလျှင် “ငါသည် ယနေ့စင်စစ်
ဘုရားဖြစ်အံ့” ဟု ကြံရည်ဆုံးဖြတ်ကာ မိုးသောက်ယံ၌ ဆွမ်းခံချိန်ကိုစောင့်လင့်တော်မူလျက် သေနရွာအနီး ညောင်ပင်ကြီးခြေရင်း၌ နေတော်မူ၏။ ထိုအခါ၌ ယင်း သေနရွာမှ သူဌေးသမီး သုဇာတာသည် ဘုရားလောင်းအား အထူးကြည်ညိုလေးမြတ်လှသဖြင့် မိမိ ကိုယ်တိုင် ထူးကဲစွာဖော်စပ် ချက်လုပ်ထားသော ဃနာနို့ဆွမ်းကို ဘုရားလောင်းအား ဆက်ကပ်ပူဇော်၏။ ဤသည်မှာ ပြင်ပအကူအညီကိုယူခြင်းဖြစ်သည်။ ပြင်ပမှစွက်ဖက်မှုဖြစ်သည်ဟု မဇ္ဈိမအလင်း သတင်းစာ ဆောင်းပါးများကရေးသည်။
ဘုရားလောင်းသည် ဆွမ်းဘုဉ်းပေးပြီးလျှင် ထိုနေရဉ္ဇရာမြစ်အနီး အင်ကြင်းတော၌ နေ့ကုန်စေ၍ မူလကမ္မဋ္ဌာန်း စီးဖြန်းပြီး ညချမ်းသောအခါ မဟာဗောဓိပင်သို့ ကြွတော်မူပြီး အရှေ့သို့လှည့်လျက် မြက်ရှစ်ဆုပ်ကြဲရွှေပလ္လင်ထက်၌ ထက်ဝယ်ဖွဲ့ခွေ နေတော်မူကာ အာနာပါနဈာန်ကို ၀င်စား၍ “ဘုရားမဖြစ်သမျှ ဤနေရာက ငါမထပြီ” ဟု ၀ီရိယထုတ်လေ၏။
ဤကား ထိပ်တိုက်ရင်ဆိုင်ရေးလမ်းကြောင်းအတိုင်း လျှောက်ခြင်းဖြစ်သည်ဟု မဇ္ဈိမအလင်း သတင်းစာ ဆောင်းပါးရှင်များကလည်းကောင်း၊ ပညာကျော်ပုဏ္ဏားဟူးရားများကလည်းကောင်း စွပ်စွဲကြသည်။
ဤအခါ၌ သိကြားမင်းသည်လည်းကောင်း၊ နဂါးမင်းသည်လည်းကောင်း၊ ဗြဟ္မာမင်းသည် လည်းကောင်း၊ သန္တုသိတနတ်မင်းကြီးသည်လည်းကောင်း၊ ပဉ္စသိင်္ခနတ်မင်းသည်လည်းကောင်း များစွာသော နတ်တို့သည်လည်းကောင်း အထူးထူးသော ပူဇော်သက္ကာရဖြင့် ပူဇော်ကြကုန်၏။
တရားမ၀င်လူစုလူဝေးမှုများ ကျူးလွန်နေသဖြင့် လူစုခွဲရန် ရွာဆော်များက လိုက်လံဟစ်ကြွေး သတိပေးခဲ့သည်။
ထို့နောက်၌ကား ၀သ၀တ္တီ မာရ်နတ်မင်းသည် လာလတ်၍ အရှေ့သို့ (၁၂) ယူဇနာ၊ လက်ဝဲ
(၁၂) ယူဇနာ၊ လက်ယာ (၁၂) ယူဇနာ၊ နောက်မျက်နှာက စကြာဝဠာတံတိုင်းထိ။ အထက်ကို
(၉) ယူဇနာရှိသော ကြောက်မက်ဖွယ်အသွင် အမျိုးမျိုးဆောင်သည့် နတ်စစ်သည်ဗိုလ်ပါအပေါင်း
ဝန်းရံလျက် ယူဇနာ (၁၅၀) ရှိ ဂီရိမေခလာဆင်ကိုစီး၍ ချီတက်လာရာ အလွန်ကြမ်းတမ်း များပြားလှသည့် ဥက္ကာများကျခြင်း၊ အခိုးထကာ မှောင်အတိကျခြင်း၊ သမုဒ္ဒရာနှင့်တကွ
ပထ၀ီမြေကြီး ပြင်းထန်စွာတုန်လှုပ်ခြင်း၊ ပင်လယ်သမုဒ္ဒရာ အခိုးထခြင်း၊ မြစ်များပြောင်းပြန်
စီးခြင်း၊ တောင်ထွတ်များပြို၍ မြေသို့ကျခြင်း၊ သစ်ပင်များ လဲကျခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်း၊ တော်လဲသံထခြင်း၊ မှောင်မိုက်ကျခြင်း၊ ကောင်းကင်၌ ခေါင်းပြတ်ကိုယ်များ ဟိုသည်သွားလာ
နေခြင်း စသည့်နိမိတ်ဆိုးများပြလေ၏။ မာရ်နတ်စစ်တပ်ကြီး၏ “ဖမ်းကြလော့၊ သတ်ကြလော့” ဟူသော ကြိမ်းမောင်းအော်ဟစ် ကြွေးကြော်သံများကား ယူဇနာတထောင် ဝေးကွာသောအရပ်မှ
စ၍ မြေပြိုသကဲ့သို့ တုန်ဟည်းထ ကြားရ၏။
ထိုရောအခါ လောကသားပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးကြရန် တက္ကသိုလ်ပြည်
မှ ပညာရှိသုခမိန်များက တွန်းဆော်ကြသည်။ စစ်သည်အင်အား (၄) သိန်းမက တန်ခိုးကြီးလှသော မာရ်နတ်မင်းကို လေးစားအသိအမှတ်ပြုလျက် ကျွန်းကြီးလေးကျွန်းကိုစိုးမိုးရသော စကြာဝတေး
မင်းအဖြစ်သို့ ရောက်ရှိကာ သြကာသလောကတခွင်လုံး ဖွံ့ဖြိုးတိုးတက် သာယာဝပြောမည့် လမ်းပြမြေပုံအတိုင်း (၇) သင်္ချေနှင့် ကမ္ဘာတသိန်း ပါရမီဖြည့်ရန် မာရ်နတ်တမန်များနှင့် လူပြန်တော်ပညာရှိများက ပတ်ချွဲနပ်ချွဲလျှောက်ထားကြသည်။
ယင်းသို့ မာရ်နတ်တပ်ကြီး ချီတက်လာလျှင် စောစောကရှိနှင့်သော သိကြားမင်း၊ ဗြဟ္မာမင်းတို့
သည် မည်သို့မျှကြံ့ကြံ့ခံရပ်တည်မနေနိုင်ဘဲ မျက်နှာဦးတည့်ရာသို့ ပြေးလွှားရှောင်ပုန်းကြတော့၏။ မာရ်နတ်မင်းသည် (အမ်အိုင်ဂျီ-၂၉၊ အမ်အိုင်-၂၄၊ ၁၀၅မမ၊ ၁၂၀မမ၊ ၆၀မမ၊ ၄၀မမ၊ အာရ်ပီဂျီ၊ အမ်အေ-၁၊ အမ်အေ-၂၊ အမ်-၁၆၊ မျက်ရည်ယိုဗုံး၊ ရာဘာကျည်ဆန်၊ ၀ါးရင်းတုတ်၊ လေးခွ၊
ကြိုးကွင်း၊ အကျဉ်းထောင်၊ လျှပ်စစ်ကျဉ်စက်၊ ရဲဘက်စခန်း တို့ပါဝင်သည့်) လေဆင်နှာမောင်း လက်နက်၊ မိုးမုန်တိုင်းလက်နက်၊ ကျောက်ခဲပူမိုး၊ ဓားလှံလက်နက်မိုး၊ မီးကျီးခဲမိုး၊ ပြာပူမိုး၊ သဲပူမိုး၊ ရွှံ့ညွန်ပူမိုး၊ မိုက်မှောင်လက်နက်နှင့် မြင်းမိုရ်တောင်ကိုပင် နှစ်ခြမ်းခွဲနိုင်သည့် (နျူကလီးယား) စက်လက်နက် စသော လက်နက် (၁၀) ပါး နှင့် (၉) ယူဇနာအလျားရှိ (စကာ့ဒ်ဒုံးကျည်၊ ဆမ်-၇ ဒုံးကျည်၊ စတာလင်ဒုံးကျည်) လေးမြား၊ ပုဆိန်၊ လှံ လက်နက်မျိုးစုံ ကိုင်စွဲသော လက်ရုံးတထောင် ဖန်ဆင်းလျက် တိုက်ဖျက်လေ၏။
ယခုဖြစ်ရပ်သည် သြကာသလောက၏ ပြည်တွင်းရေးသက်သက်ဖြစ်ပြီး မဟာစကြာဝဠာ၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ခြိမ်းခြောက်မှုမဟုတ်ကြောင်း၊ ထို့ကြောင့် ကမ္ဘာစောင့် နတ်မင်းကြီးများမှ စွက်ဖက်ဖို့ မလိုအပ်ကြောင်းဖြင့် ဂန္ဓာရတိုင်းမှနဂါးမင်းနှင့် ဥတ္တရမြောက်
ကျွန်းပိုင် နတ်မင်းကြီးတို့က တချက်လွှတ်ဝိတိုအာဏာဖြင့် အမိန့်တော်ချမှတ်သည်။ နှစ်ဖက်
စလုံးမှ ထိန်းထိန်းသိမ်းသိမ်းပြုကြရန်လည်း ဂန္ဓာရ နဂါးမင်းက တိုက်တွန်းသည်၊
ဘုရားလောင်းလည်း တုန်လှုပ်ခြင်း အလျဉ်းမရှိဘဲ မေတ္တာကမ္မဋ္ဌာန်းစီးဖြန်းခြင်းအမှုကိုသာ ပြုမြဲအတိုင်း ပြုကျင့်လေရာ မဟာပထ၀ီမြေကြီးသည် ဘုရားလောင်းဘက်မှ သက်သေဆောင်၍ သည်းထန်စွာတုန်ခါ မြည်ဟည်းပြီး ကောင်းကင် တောင်စဉ် စကြာဝဠာတိုက်အလုံး တဖြောင်း
ဖြောင်း၊ တဖျန်းဖျန်း အုန်းအုန်းထစ်ချုန်းမြည်ဟည်းလေ၏။ သိန်းပေါင်းများစွာသော မာရ်နတ် စစ်သည်များလည်း တဟုန်ထိုးသော မေတ္တာရေအလျဉ်၌ မျောပါလွင့်ပျောက် ပြိုကွဲသွား၍
နေမ၀င်မီ၌ပင် မာရ်နတ်မင်းအပေါ် အောင်တော်မူ၏။
အလုံးစုံသောလောကကို ဆောင်နိုင်သည့်မာရ်နတ်မင်း ပျက်သုဉ်းလျှင် မဇ္ဇိမဒေသတခွင်နှင့်
တကွ သြကာသလောကတခုလုံး ဖရိုဖရဲကစဥ့်ကလျား ခေးယို့စ် ဖြစ်သွားလျက် ဥပဒေကင်းမဲ့ အကြမ်းဖက်ဆူပူစစ်ပွဲများ အနှံ့ဖြစ်လတ္တံ့ဟု တက္ကသိုလ်ပြည်မှ ပညာရှိများ၊ (၁၀၁) ပါးသော
နိုင်ငံတို့မှ ပုဏ္ဏားဖြူ ပုဏ္ဏားညိုများ၊ ပြုဗ္ဗာကျွန်း၊ ဂေါယာကျွန်းနှင့် အဆိယဒေသမှ သူကြွယ် ကုန်သည်များက နိမိတ်ဖတ်ကြား ပြန့်ပွားကြသည်။
ဘုရားလောင်းသည် ညဦးယံ၌ ပုဗ္ဗေနိဝါသဥာဏ်၊ သန်းခေါင်ယံ၌ ဒိဗ္ဗစက္ခုဥာဏ်ကိုရ၍ မိုးသောက်ထသောအခါ စကြာဝဠာတိုက်တသောင်းလုံးကို တုန်လှုပ်စေလျက် ပဋိစ္စသမုပ္ပါဒ်မှ
စ၍ အာနာပါနစတုတ္ထဈာန်ကို ၀င်စားပြီး ၀ိပဿနာကို ပွားစေသည်တွင် အစဉ်အတိုင်းရအပ်သော အာသ၀က္ခယဥာဏ်ဖြင့် ကိလေသာအပေါင်းကို ထောင်းထောင်းပိုင်းဖြတ်လျက် မင်္ဂလေးတန်ကို အစဉ်အတိုင်းရ၍ ထိုရအပ်သော မဂ်ဖိုလ်ကို ဆင်ခြင်သော ပစ္စဝေက္ခဏာ ၀ီထိ (၁၉) ချက်၏
အဆုံး၌ အလုံးစုံသောတရားကို သိတတ်သော သဗ္ဗညုတဥာဏ်ကိုရ၍ မဟာသက္ကရာဇ် ၁၀၃ ခု၊ ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့အကုန် နေအရုဏ်တက်သည်နှင့်တပြိုင်နက် လောကသုံးပါး၏ အထွတ်အထိပ် သဗ္ဗညုဗုဒ္ဓ ဂေါတမဘုရားရှင်အဖြစ်သို့ ကောင်းစွာရောက်တော်မူသတည်း။ ဘုရားအဖြစ်ကို ရရှိအောင်မြင်ချိန်၌ အလုံးစုံသောပထ၀ီမြေကြီးသည် အိုးထိန်းစက်ကဲ့သို့ သွက်သွက်ခါအောင် ငလျင်လှုပ်ခါပြီး မော်ကွန်းတင်လေ၏။
“သမီးတော်တို့။ ဤကား လောကအလုံးကို ဆူပူချောက်ချားစေခြင်းပင်တည်း။ ဤဂေါတမ
ရဟန်းတုသည် ငါ မှန်းထားသော ရွှေပလ္လင်ဝယ် ငါ့အလျင် ဘုရားလုပ်ချေပြီ။ ဤရဟန်းတု ရဟန်းယောင်၏ ပျက်စီးကြောင်းကို ကြံပါသော်လည်း မကြံနိုင်၍ တွေမှိုင်ရတော့သည်” ဟု မာရ်နတ်က တဏှာ၊ အရတီ၊ ရာဂ မည်သော သမီး (၃) ယောက်ကို ပြောဆိုရာ စွမ်းအားရှင်
သမီး (၃) ယောက်က “သမီးတို့ မိန်းမမာယာအစွမ်းဖြင့် ဤရဟန်းဆိုးကို ဖျောင်းဖျ၍ ဗောဓိ ညောင်ပင်မှ ဖယ်ခွာစေကာ ဖခင်၏ညောင်နှစ်ပင်သို့ ပါအောင်ပြုပါအံ့” ဟုကတိပေးလျက် တယောက်ကား ကုမ္မာရီ (၁၃) နှစ်အရွယ်၊ တယောက်ကား ကလျာဏီ (၁၈) နှစ်အရွယ်၊ တယောက်ကား ကလေးတခါမွေးပြီးသော ဂမ်ဘာရီမိန်းမအရွယ်ဖြင့် တင့်တယ်စွာ တန်ဆာ
ဆင်ပြီး ဘုရားရှင်ခြေတော်ရင်း၌ အလုပ်အကျွေးပြုလိုကြောင်း ခြောက်ကြိမ်တိုင်တိုင် ဖြားယောင်း တောင်းပန်လာ၏။
“ငါဘုရားသည် ကိလေသာတရားတို့ကို ပယ်ရှားအောင်မြင်အပ်ပြီဖြစ်၍ သင်တို့အား သုသာန်၌ စွန့်ပစ်အပ်သော သူကောင်ပုပ်ကဲ့သို့ စက်ဆုပ်တော်မူသည်” ဟု ဘုရားရှင်က နတ်သမီး (၃) ယောက်ကို ကဲ့ရဲ့တော်မူရာ နတ်သမီးတို့လည်း မာရ်နတ်မင်းထံပြန်ကြရတော့သည်။ ထို့နောက် တွင်ကား ဥပကမထေရ်၊ ပဉ္စ၀ဂ္ဂီငါးပါး၊ ယသသူဌေးသားနှင့် အဖော်(၅၄) ဦး၊ ဘဒ္ဒ၀ဂ္ဂီ မင်းသား ညီနောင် (၃၀) စသဖြင့် သံဃာ့အသင်းပွားများစည်ပင်လာပြီး ကမ္ဘာတွင် ဗုဒ္ဓသာသနာ အခိုင်အခန့် အေးဆေးဖြစ်တည်လာရာ ယခုအခါ နှစ်ပေါင်း ၂၅၉၅ နှစ်တိုင်ပြီဖြစ်တော့သတည်း။
ရည်ညွှန်း- ကျီးသဲလေးထပ် ဆရာတော်ဘုရားကြီး၏ “ဇိနတ္ထပကာသနီကျမ်း”
0 comments:
Post a Comment