Sunday, November 18, 2007

အရုဏ်ဦးကိုဖက်ပွေ့ခြင်း

အောင်နိုင်ဦး

စောစောက
သေနတ်သံတချက်
ကြားလိုက်မိပါရဲ့လား။

မေမေ
တစုံတရာယုံကြည်မှုနဲ့
တံခါးများဖွင့်လိုက်ပါ။

လူတွေလေ
လူငယ်တွေ
လူကြီးတွေ
ဘုန်းကြီးတွေ
မိန်းမတွေ
သူတို့အားလုံးက
လမ်းမကြီးတလျှောက်
ကြုံးဝါးချီတက်နေကြတယ်။

လူအုပ်တွေထဲမှာ
အသံတွေကြားရတယ်
သူတို့လက်ထဲမှာ
အလံတွေတွေ့ရတယ်
ခြေလှမ်းတွေ
အပြင်းတက်လာကြ
အဝေးဆုံကိုသွားကြမလို့ထင်ရဲ့
အလံတွေလွှင့်ထူကြ
အမြင့်ဆုံးကိုလွှင့်ကြမလို့ထင်ရဲ့။

အလင်းရောင်နဲ့ကျေနပ်ခြင်း
ရောယှက်မျက်လုံးများက
ဓား
မီးလျှံနဲ့
မုန်တိုင်းတွေလိုပဲ။

ခလေးငယ်တွေက
အလံနီတွေဝှေ့ရမ်းကြ
နှုတ်ဖျားမှာ
မီးလျှံတွေတေးသီနေကြလို့
ကနေ့ခေတ်ရဲ့
အနာတရဖြစ်မှုကို
အရူးအမူးကုစားလိုက်တယ်။

အိုးအိမ်
တိုက်တာ
အတွေးအခေါ်
အဟောင်းအမြင်ရှိရှိသမျှက
လမ်းပေါ်ရောက်သူများရဲ့
ဖ၀ါးအောက်မှာ။

တွေ့ရလိမ့်မယ်
နားစွင့်ပါမေမေ။

ချီတက်လာတဲ့
တော်လှန်ရေးသမားတွေက
သူတို့ရဲ့နောက်ဆုံးထိုးစစ်ကို
သေနတ်သံတချက်နဲ့
ကြွေးကြော်ပြီလေ။

ရောင်းရင်းတို့
သားချင်းများနဲ့အတူ
မျက်နှာသစ်ပါ
တို့ရဲ့
သွေးချွေးများနဲ့
ညစ်ညမ်းတဲ့ကမ္ဘာရဲ့ကြမ်းပြင်ကို
ဆေးကြောကြတဲ့
ဒီပွက်လောသံတွေကို
ကမ္ဘာမြေနားဆင်ပစေ။

ချီတက်ကြဟေ့
အရှေ့စူးစူးကိုချီတက်ကြ
ညတခုလုံး
အမှောင်ဖုံးရစ်လို့
ဒါပေမယ့်
ငါတို့ရဲ့ကြီးမားမှုတွေကြောင့်
နောက်ကိုဆုတ်ပေါ့။

အရုဏ်ကို
ဦးဆုံးပွေ့ဖက်ကြမယ်
ဒီပွက်လောသံတွေကိုကမ္ဘာမြေနားဆင်ပစေ။

ဒါဟာ
ငါတို့ရင်မှာ
ကာလများစွာ ဖွဲ့သီထားခဲ့ကြလို့ပဲ။

တပ်ဦးရောက်လေရာရာမှာ
အလင်းနုတေးသံတချို့တလေ
ကောင်းကင်ရက်လုပ်နေပေရဲ့။

မေမေ
ကျနော့ရဲ့မေမေ
ခွင့်ပြုပါ
သားဟာ
တချိန်မှာပြည့်ဝတဲ့တေးတပုဒ်ကို
အလိုလိုသီကျူးနိုင်ပါလိမ့်မယ်။ ။

အောင်နိုင်ဦး

0 comments: