Friday, October 12, 2007

ဖမ်းဆီးနှိပ်စက်မှုများကို စစ်အစိုးရဆက်လက်ပြုလုပ်

ဧရာဝတီ/ကိုသက် | အောက်တိုဘာ ၁၁၊ ၂၀၀၇

သံဃာထုလှုပ်ရှားမှုများကို ထောက်ခံခဲ့သူများနှင့် အမေရိကန်စင်တာတွင် ပညာသင်ကြားသည့် ကျောင်းသူ ကျောင်းသား များအား စစ်အစိုးရက ဖမ်းဆီးနှိပ်စက်မှုများကို နေ့စဉ်နေ့တိုင်း ဆက်လက်ပြုလုပ်နေကြောင်း အဖမ်းခံရသူများနှင့် နီးစပ်သူ များက ဧရာဝတီကို ပြောဆိုကြသည်။

ယနေ့ထုတ် စစ်အစိုးရသတင်းစာကလည်း ၎င်းတို့၏လမ်းပြမြေပုံ ၇ ချက်ကို ဖျက်လိုဖျက်ဆီးလုပ်နေသူများအား အမျိုးသား နိုင်ငံရေးသတိဖြင့် တွန်းလှန်ကြ ရန်နှင့် ပြည်တွင်းပြည်ပ အဖျက်သမားများအား တိုင်းရင်းသား ပြည်သူအများက လက်တွဲညီညီတွန်းလှန်ကြရန် တိုက်တွန်းရေးသားထားသည်။

နောက်ဆုံးကြားသိရသောသတင်းများအရ စက်တင်ဘာလအတွင်းက ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များဖြစ်ကြသည့် ကိုမင်းကိုနိုင်၊ ကိုဂျင်မီ၊ ကိုမြအေးနှင့် ကိုမာကီတို့ ၄ ဦး ရိုက်နှက်စစ်ဆေးထားသည့် ဒဏ်များကြောင့် အင်းစိန်ထောင်ဆေးရုံသို့ ရောက်ရှိလာကြောင်း ထောင်အာဏာပိုင်တချို့နှင့် နီးစပ်သူတဦးက ပြောသည်။

ရုပ်ရှင်သရုပ်ဆောင် ကိုကျော်သူနှင့် ဇနီး မရွှေဇီးကွက်တို့ အောက်တိုဘာလ ၉ ရက်နေ့ညက နေအိမ်တွင် အဖမ်းခံရသည်ဟု နာရေး ကူညီမှုအသင်း၏ တာဝန် ရှိသူတဦးက ဧရာဝတီကိုပြောသည်။

ကိုကျော်သူသည် နာရေးကူညီမှုအသင်း၏ ဒုဥက္ကဌ (၁) ဖြစ်ပြီး မရွှေဇီးကွက်မှာ ဘဏ္ဍာရေးမှူးဖြစ်သည်။
“ကိုကျော်သူနဲ့ မရွှေဇီးကွက်တို့မရှိတော့ အသင်းမှာအားလျှော့သွားတာပေါ့။ ဘာတွေဆက်ဖြစ်မယ် ဆိုတာကိုတော့ သုံးသပ် လို့မရသေးပါဘူး။ ကျနော်တို့အလုပ်က ရပ်လို့မရတဲ့အလုပ်ဆိုတော့ ကျန်တဲ့လူနဲ့ ဆက်လုပ်နေရတာပေါ့” ဟု နာရေး ကူညီမှု အသင်း၏ တာဝန်ရှိသူက ပြောသည်။

နာရေးကူညီမှုအသင်း၏ ဒုဥက္ကဌ (၂) ဖြစ်သူ စာရေးဆရာမ သန်းမြင့်အောင်ကိုလည်း အာဏာပိုင်တို့က လိုက်လံဖမ်းဆီးနေ သောကြောင့် ရှောင်တိမ်းနေရကြောင်း သိရသည်။

ကိုကျော်သူ၊ မရွှေဇီးကွက်၊ ဒေါ်သန်းမြင့်အောင်၊ လူရွှင်တော် ဇာဂနာ၊ ကဗျာဆရာ အောင်ဝေး၊ အမျိုးသားရေး ဦးဝင်းနိုင် တို့သည် စက်တင်ဘာလ ၂၄၊ ၂၅ ရက်နေ့များတွင် ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်ရှိ ကြေးသွန်းဘုရား၌ ဆန္ဒပြ သံဃာတော် များကို ဆွမ်းကပ်လှူခဲ့ကြပြီး ကိုဇာဂနာနှင့် အမျိုးသားရေး ဦးဝင်းနိုင်တို့သည် စက်တင်ဘာလ ၂၅ ရက်နေ့က နေအိမ် များတွင် အဖမ်းခံကြရသည်။

ယမန်နေ့ညကလည်း အမေရိကန်စင်တာတွင် ပညာသင်နေကြသည့် ကိုရဲမြတ်ဟိန်းနှင့် မအေးမြင့်မြင့်တို့ကို နေအိမ်များတွင် လာရောက်ဖမ်းဆီးသွားသည်ဟု ၎င်းတို့နှင့် နီးစပ်သူများက ပြောသည်။ အမေရိကန်စင်တာတွင် ပညာသင်နေကြသည့် အခြားကျောင်းသူ ကျောင်းသား အချို့ကို အာဏာပိုင်တို့က လိုက်လံဖမ်းဆီးခဲ့သော်လည်း နေအိမ်များမတွေ့သဖြင့် အဖမ်းမခံရပေ။

ကိုရဲမြတ်ဟိန်းသည်အနောက်ပိုင်းတက္ကသိုလ်တွင် ပညာသင်ကြားနေပြီး အသက် ၁၉ နှစ်သာရှိသေးသည်။ မအေးမြင့်မြင့်၏ အသက်မှာ ၂၀ ဖြစ်ပြီး အရှေ့ပိုင်းတက္ကသိုလ်တွင် ဥပဒေဘာသာရပ်ကို သင်ကြားနေသူ ဖြစ်သည်။

ဗကသ များအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ကိုလင်းထက်နိုင်က “စစ်အစိုးရအနေနဲ့ ကျောင်းသားတွေကိုဖမ်းဆီးရုံနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ ကျောင်းသားတွေနဲ့ ပြည်သူ တွေရဲ့ အမျိုးသားရေးစိတ်ဓာတ်တွေ ပျောက်ပြယ်သွားမယ်လို့ ထင်ရင် အဲဒါမှား နေတယ်လို့ ပြောရပါလိမ့်မယ်။ နည်းမျိုးစုံနဲ့ ဘယ်လိုပဲ နှိပ်ကွပ်ဖြိုခွဲပါစေ ကျနော်တို့ မျိုးဆက်ကြီးတခုလုံးကို သုတ်သင်သတ်ဖြတ်ရင်တောင်မှ နောက်ကျန်တဲ့မျိုးဆက် တွေဟာ ဆက်လက်ရှင်သန် နေဦးမှာပါ” ဟု ဧရာဝတီကို ပြောသည်။

အောက်တိုဘာ ၈ ရက်နေ့က နိုင်ငံရေးအကျဉ်းသားဟောင်းတဦးဖြစ်သည့် ကိုချစ်ကိုလင်းအား အာဏာပိုင်တို့က ဖမ်းဆီးလိုက်သည်ဟု ဇနီးဖြစ်သူ မသက်သက်အောင်က ဧရာဝတီကို ပြောသည်။ အောက်တိုဘာ ၉ ရက်နေ့ နေ့လယ် ၂ နာရီမှ ညနေ ၆ နာရီအထိ ၎င်းတို့၏နေအိမ်ကိုဝင်ရောက်ရှာဖွေပြီး ၁၀ ရက်နေ့ နံနက်ပိုင်းတွင် မသက်သက်အောင်၏ မိခင်နှင့် ယောက္ခမတို့အား ထပ်မံဖမ်းဆီး ကြောင်း သိရသည်။ အမေနှင့် ယောက္ခမကိုဖမ်းဆီးခြင်းမှာ မသက်သက်အောင်အား မမိသောကြောင့် ဓားစားခံအဖြစ်ဖမ်းထားခြင်း ဖြစ်ပြီး သူမ၏ ၈ နှစ်၊ ၆ နှစ်နှင့် တနှစ်ခွဲအရွယ် သား ၃ ယောက်အတွက် အထူးစိုးရိမ်နေကြောင်း သိရသည်။ မသက်သက်အောင်နှင့် ကိုချစ်ကိုလင်းတို့သည် သံဃာထုဆန္ဒပြပွဲများတွင် သံဃာတော်များဘေးမှ လက်ချင်းချိတ်ကာ တက်တက်ကြွကြွ ဆန္ဒပြခဲ့သူများ ဖြစ်သည်။

0 comments: