Friday, October 19, 2007

မင်းကိုနိုင်မွေးနေ့ ထိုင်း-မြန်မာနယ်စပ်တွင်ကျင်းပ

NEJ / ၁၈ အောက်တိုဘာ ၂၀၀၇

ယနေ့ကျရောက်သည့် ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၏ (၄၅) နှစ်မြောက် မွေးနေ့နှင့် စက်တင်ဘာ လူထုလုပ်ရှားမှုတွင် ကျဆုံးသွားသည့် ရဟန်းရှင်လူပြည်သူများကို အမျှအတန်းပေးဝေသည့် ဆွမ်းကျွေးတရားနာ ယူပွဲ အခမ်းအနားတရပ်အား ထိုင်း-မြန်မာနယ်စပ် တနေရာတွင် ယနေ့နံနက်က နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) အေအေပီပီ-ဘီမှ ကမကထပြု ကျင်းပခဲ့သည်။

အေအေပီပီ-ဘီ အတွင်းရေးမှူးကိုတိတ်နိုင်က “ကိုမင်းကိုနိုင်ရဲ့ အရည်အချင်းတွေကို အသိ အမှတ်ပြုစံနမူနာယူတယ်။ ဒါကြောင့်သူ့ရဲ့ထုံးကို နှလုံးမူနိုင်ဖို့ သူ့မွေးနေ့ပွဲကိုကျင်းပရခြင်း ဖြစ်တယ်” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် လူထု၏အကျိုးကို အားသွန်ခွန်စိုက် ပြုခဲ့သူများ၏ အမြော်အမြင်လုံ့လစိုက်ထုတ်မှု၊ စွန့်လွှတ် အနစ်နာခံမှုများကို ဂုဏ်ယူအသိအမှတ်ပြုသည့်အနေဖြင့် ၎င်းတို့၏ မွေးနေ့ပွဲများကို နိုင်ငံတကာရောက် မြန်မာများက ကျင်းပလေ့ရှိသည်။

သခင်ကိုယ်တော်မှိုင်း၊ ဗိုလ်ချုပ်အောင်ဆန်း၊ လူထု ဒေါ်အမာ၊ ဒေါ်အောင်ဆန်းစုကြည်တို့၏ မွေးနေ့အထိမ်းအမှတ် အခမ်းအနားများကိုလည်း နိုင်ငံတကာတွင် ကျင်းပမြဲဖြစ်သည်။

ယနေ့အခမ်းအနားတွင် စက်တင်ဘာလူထုလုပ်ရှားမှု၌ ကျဆုံးသွားသည့် ရဟန်းရှင်လူပြည်သူများအား ရည်စူး၍ သံဃာတော်အရှင်သူမြတ်များအား ဆွမ်းဆက်ကပ်ပြီး တရားနာယူကာ အမျှအတန်းပေးဝေခဲ့ကြသည်။

အခမ်းအနားသို့ မြန်မာ့အရေးဆောင်ရွက်နေကြသည့် အဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များ၊ လွတ်မြောက်နယ်မြေရောက် ကိုမင်းကိုနိုင်၏လုပ်ဖော်ကိုင်ဖက်များ တက်ရောက်၍ ဂုဏ်ပြုအမှတ် တရစကားများ ပြောကြား ကြသည်။

ယမန်နှစ်က ကျရောက်ခဲ့သည့် ကိုမင်းကိုနိုင်၏ (၄၄) နှစ်မြောက်မွေးနေ့အား ရန်ကုန်မြို့ရှိနေအိမ်တွင် မွေးနေ့ရှင်ကိုယ်တိုင်ကျင်းပနိုင်ခဲ့သော်လည်း ယခုနှစ် တွင် အာဏာပိုင်များ၏ ဖမ်းဆီးခြင်းခံရသဖြင့် မွေးနေ့ပွဲအား မကျင်းပနိုင်ခဲ့ပေ။

၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်သည် ၁၉၈၉ ခု မတ် (၂၃) ရက်တွင် စစ်အစိုးရ၏ ဖမ်းဆီးခြင်းခံရကာ ၂၀၀၄ ခု နိုဝင်ဘာတွင် ပြန်လည်လွတ်မြောက်ခဲ့ပြီး (၁၆) နှစ်နီးပါး အကျဉ်းချခံခဲ့ရသည်။

0 comments: