Friday, October 19, 2007

လူရွှင်တော်ဇာဂနာနှင့် မင်းသားကျော်သူတို့ ပြန်လည်လွတ်မြောက်

ခတ်ပြိုင်-ပီတာအောင် /၁၈ အောက်တိုဘာ ၂၀၀၇

စွယ်စုံရအနုပညာရှင် ဇာဂနာ၊ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီကျော်သူနှင့် ဇနီးဖြစ်သူ ဒေါ်ရွှေဇီးကွက်တို့ကို နအဖ စစ်အစိုးရက ယမန်နေ့ည၌ အင်းစိန်ထောင်မှ ပြန်လည် လွှတ်ပေးလိုက်ကြောင်းသိရသည်။

ဇာဂနာ၏ မိသားစုဝင်တဦးက “မနေ့ည (၇) နာရီခွဲမှာ အိမ်ရောက်လာတယ်။ အင်းစိန် ထောင်ကနေပြီး နောက်ထောင်ပြောင်းမယ်ဆိုလို့ သူက သူ့ထောင်ပစ္စည်းလေးတွေတောင် သိမ်းပြီးတော့မှယူလာတာ။ လမ်းရောက်တော့မှ အိမ်ပို့ပေးလိုက်တာ။ မှန်းတော့ မှန်းမထားဘူးပေါ့နော် ဒီရက်လောက်ထွက်လာမယ်လို့။ အခုလို ထွက်လာတယ်ဆိုတော့ ၀မ်းသာတာပေါ့။ ကိုယ်ခန္ဓာတော့ တ၀က်လောက် ပိန်သွားတယ်။ သူ ချောင်းကလည်း အရမ်းဆိုးနေတယ်။ အဆုပ်ပွနေတာ သမံတလင်းနဲ့ထိတွေ့ရတဲ့အတွက်ကြောင့်” ဟု ပြောသည်။

ဖမ်းဆီးခံရစဉ် ဇာဂနာသည် ပထမဦးဆုံး အောင်သပြေစစ်ကြောရေးစခန်း၌နေခဲ့ရပြီး ယင်းနောက် အင်းစိန်ထောင် စစ်ခွေးတိုက်သို့ ပို့ဆောင်ခံရကာ ထိုမှတဆင့် ထောင်အတွင်းရှိ အခြားထိန်းသိမ်းခံနေရသူများနှင့်အတူ အကျဉ်းကျခံခဲ့ရကြောင်း၊ အမေရိကန်သံရုံးရှေ့၌ တကိုယ်တော်ဆန္ဒပြ၍ ဖမ်းဆီးခံရသူ ဦးအုန်းသန်းနှင့် အတူနေခဲ့ရပြီး မင်းသားကျော်သူတို့နှင့် သီးခြားစီနေခဲ့ရကြောင်း သိရသည်။

ကျော်သူနှင့်ဒေါ်ရွှေဇီးကွက်တို့လည်း ယမန်နေ့ညက ဇာဂနာထက်အရင်စော၍ ပြန်လည် လွတ်မြောက်လာခဲ့ ကြောင်း နာရေးကူညီစောင့်ရှောက်ရေးအသင်း (ရန်ကုန်) မှ တာဝန်ရှိ သူတဦးက ပြောသည်။

ဇာဂနာနှင့် ကျော်သူတို့သည် အခြား စာပေ၊ အနုပညာရှင်အချို့နှင့်အတူ ပြီးခဲ့သည့်စက်တင်ဘာ သပိတ်မှောက် ကံဆောင်ပွဲ၌ပါဝင်သည့် သံဃာတော်များအား ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်၌ နှစ်ရက်ဆက်တိုက် ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပြီးနောက် ဖမ်းဆီးခံရခြင်းဖြစ်သည်။ ဇာဂနာသည် စက်တင်ဘာ (၂၅) ရက် ည၌ ဖမ်းဆီးခံခဲ့ရပြီး ကိုကျော်သူတို့ ဇနီးမောင်နှံသည် အောက်တိုဘာ (၁၀) ရက်နံနက်၌ ဖမ်းဆီးခံခဲ့ရသည်။

ဆန္ဒမှန်ထုတ်ဖော်ပြသသည့် ဇနီးမောင်နှံနှစ်ဦး ဖမ်းဆီးတရားစွဲခံရ
ခေတ်ပြိုင်-ပီတာအောင်/ ၁၈ အောက်တိုဘာ ၂၀၀၇

စစ်အစိုးရအားမထောက်ခံကြောင်း ဆန္ဒထုတ်ဖော်သူ ပဲခူးတိုင်း ပေါင်းတည်မြို့မှ မူလတန်းပြဆရာဟောင်း ဦးမောင်မောင်ဦးနှင့် ဒေါ်နီနီမာတို့ ဇနီးမောင်နှံနှစ်ဦးကို နိုင်ငံတော်အစိုးရကို ထိခိုက်စေသည့်ပြစ်မှုဖြင့် အာဏာ ပိုင်များက ယမန်နေ့၌ စွဲချက်တင်လိုက်ကြောင်းသိရသည်။

၎င်းတို့နှစ်ဦးက ရဟန်းရှင်လူပြည်သူများအား နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်နေသူများအား ရှုတ်ချကြဆိုသည့် စာသားကို ၀ှိုက်ဘုတ်ပေါ်၌ရေး၍ နေအိမ်ရှေ့၌ ချိတ်ဆွဲခြင်းနှင့် ပြီးခဲ့သည့် အင်္ဂါနေ့က ပေါင်းတည်မြို့၌ ကျင်းပသည့် အမျိုးသားညီလာခံထောက်ခံပွဲသို့ သွားသူများကို နေအိမ်မှလှမ်း၍ မေးခွန်းထုတ်ခြင်းတို့ပြုလုပ်ခဲ့သည့်အတွက် ထိုနေ့ညတွင် ဖမ်းဆီးခံရခြင်းဖြစ်သည်။

ဒေါ်နီနီမာနှင့် ဆွေမျိုးနီးစပ်တော်သူတဦးက “တကယ်တော့ ဟန့်တားနှောင့်ယှက်တာ မဟုတ်ပါဘူး။ မေးခွန်းထုတ်လိုက်တာပေါ့။ တကယ်ပဲ ရဟန်းသံဃာနဲ့ပြည်သူကိုသတ်နေတဲ့အစိုးရကို ထောက်ခံသလားလို့ နေအိမ်ခြံဝန်းထဲက မေးခွန်းလှမ်းထုတ်လိုက်တဲ့သဘောပါ။ အဲဒါကို စွဲချက်တင်ထားတာပါ။ မနေ့က စွဲချက်တင်ထားတယ်၊ စွဲတဲ့အမှုတွေက ပုဒ်မ ၁၅၃ ရယ်၊ ၅၀၅ (ခ) ရယ်ပေါ့ ” ဟု ပြောသည်။

ပုဒ်မ (၁၅၃)သည် ရန်စခြင်းဖြင့် ရုန်းရင်းဆန်ခတ်မှုကို ကျုးလွန်ရန်ကြံရွယ်သည့်ပြစ်မှုဖြစ်ပြီး ကျူးလွန်သူကို ထောင်ဒဏ်(၁) နှစ်နှင့် ပုဒ်မ ၅၀၅ (ခ)သည် နိုင်ငံတော်အစိုးရကိုဖြစ်စေ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကိုဖြစ်စေထိခိုက်စေသည့်ပြစ်မှုဖြစ်ပြီး ကျူးလွန်သူကို ထောင်ဒဏ် (၂) နှစ်ထိအပြစ်ပေးနိုင်သည်။

ဦးမောင်မောင်ဦးနှင့် ဒေါ်နီနီမာတို့ကို ပေါင်းတည်ထောင်၌ အချုပ်ဖြင့်ထားရှိပြီး ယခုလ (၃၀) ရက်၌ ရုံးချိန်းထုတ်ကာ အမှုစစ်ဆေးမည်ဖြစ်သည်။ ၎င်းတို့၏ မိသားစုက ရှေ့နေငှား၍ အမှုကိုရင်ဆိုင်သွားရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

0 comments: