Wednesday, October 24, 2007

မြန်မာပြည်၏ ဟိုမှာဘက်တွင် သတင်းမှန်သိစေဖို့ ကြိုးပမ်းကြတဲ့ ဘလော့ဂါတို့ရဲ့ခံစားချက်

ရေးသားသူ :
နယ်ခြားမဲ့မြန်မာဘလော့ဂါများ
Burmese Bloggers w/o Borders
၂၇ စက်တင်ဘာလ ၂၀၀၇
English version can be found at this link.

ဒီကနေ့ကတော့ ပြည်တွင်းပြည်ပမှာ နေထိုင်ကြတဲ့ မြန်မာတို့ အဖို့ တကယ့်ကို ၀မ်းနည်းစရာနေ့တစ်နေ့ပါ။ မေတ္တာနဲ့ ဆန္ဒဖော်ထုတ်နေသူတွေကို လက်နက်နဲ့ အဖြေပေးလိုက်တဲ့ ပွဲတစ်ခုဟာ တောင်းပန်နေကြတဲ့ကြားထဲကပဲ မြန်မာပြည်မှာ အမှန်တကယ် ဖြစ်သွားခဲ့ပါပြီ။ စဉ်းတောင် မစဉ်းစားဝံ့စရာ လူမဆန်တဲ့ ရက်စက်မှုတွေကို မြန်မာ အာဏာပိုင်တွေက လုပ်ချလိုက်ပါပြီ။

အဖြစ်အပျက်တွေဟာ အရင်လက အစိုးရက လောင်စာဆီ ဈေးနှုန်းတွေကို နေ့ချင်းညချင်း တက်လိုက်တာက အစပြုခဲ့တာပါ။ နောက်တော့ မြန်မာပြည်ရဲ့ နယ်မြို့ကလေး တစ်မြို့ဖြစ်တဲ့ ပခုက္ကူမြို့မှာ ပြည်သူတွေ ဆင်းရဲဒုက္ခ သက်သာစေဖို့အတွက် သံဃာတော်တွေက မေတ္တာပို့ လမ်းလျှောက်ခဲ့ပါတယ်။ အဲဒါကို အာဏာပိုင်တွေက ကြမ်းတမ်းစွာ ကိုင်တွယ် ဖြေရှင်းခဲ့ပါတယ်။ ပထမပိုင်းမှာ သံဃာတော်တွေက အဲဒီ လုပ်ရပ်အပေါ် တောင်းပန်ဖို့ တောင်းဆိုခဲ့တယ်။ ဒါကို အချိန်တစ်ခု ပေးထားတဲ့အထိ အာဏာပိုင်တွေက မလိုက်လျောခဲ့ပါဘူး။ နောက်ပိုင်းမှာတော့ ၈၈ မျိုးဆက် ကျောင်းသားတွေနဲ့ သံဃာတွေ ပူးပေါင်းပြီး ခံစားနေရတဲ့ ပြဿနာတွေရဲ့ ရင်းမြစ်ဖြစ်တဲ့ အချက်တွေကို အတိအလင်း ကြွေးကြော် တောင်းဆိုခဲ့ပါတယ်။ တကယ်တော့ တောင်းဆိုထားတဲ့ အချက်တွေဟာ နိုင်ငံရေး အသွင်ကို အများကြီး နှိမ့်ချထားခဲ့ပါတယ်။ စားဝတ်နေရေး ပြေလည်ချင်တယ်။ ဖမ်းထားတဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးစေချင်တယ်။ စေ့စပ် ညှိနှိုင်း စေချင်တယ်။ ဒီနေရာမှာ ညှိနှိုင်းမယ် ဆိုတာဟာ စစ်အစိုးရအတွက် အများကြီး လမ်းဖွင့်ပေးခဲ့တာပါ။

ဒီလိုနဲ့ ပြည်သူတွေ ပူးပေါင်း ပါဝင်ကြတဲ့ ဆန္ဒ ဖော်ထုတ်ပွဲဟာ ကြီးသထက်ကြီး လာပါတယ်။ ၁၉၈၈ ခုနှစ် နောက်ပိုင်းမှာ ဒါဟာ အကြီးကျယ်ဆုံး ဆန္ဒ ဖော်ထုတ်မှုပါပဲ။ သံဃာတွေက ဦးဆောင်လာတာကတော့ ၈၈ နဲ့မတူတဲ့ ထူးခြားမှု ဖြစ်ပါတယ်။ သံဃာတွေ ဘာလို့ ဦးဆောင်ရတာလဲ ဆိုတာ အခု ကမ္ဘာမှာ မေးနေကြတဲ့ မေးခွန်း တစ်ခုပါ။ သံဃာတွေဟာ မြန်မာ့နိုင်ငံရေး သမိုင်းမှာ အရေးပါတဲ့ ကဏ္ဍက အမြဲ ပါဝင်ခဲ့ကြပါတယ်။ ဘာသာရေးအရ ရဟန်းသံဃာ ဆိုတာ နိုင်ငံရေးမှာ ပါဝင်သင့် မပါဝင်သင့် ဆိုတာတွေ အငြင်းပွားခဲ့ကြပါတယ်။ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းရဲ့ပြောစကားကို ဒီလို ကိုးကားချင်ပါတယ်။

"........ ဆရာတော်၊ သံဃာတော်၊ ဘုန်းတော်ကြီးများသည် အရေး ကိစ္စတိုင်းတွင် ကျွန်ုပ်တို့ လူမှု အသိုင်းအဝန်းကို ရှေ့သို့ ချီတက် နိုင်စေရန် ကူညီခဲ့ကြပေသည်..... ဘုန်းတော်ကြီးများ အနေဖြင့် လူတစ်ချို့ က လူမှုဝန်းကျင်ကို အန္တရာယ် ပြုလာပြီဆိုရင် သူတို့ ကို ကာကွယ်ဖို့ ၊ သူတို့ ကိုယ်တိုင် တရား ဥပဒေတွေ ဖြစ်သွားတာကို ကာကွယ်ဖို့ ၊ မကောင်းတဲ့ အနာဂါတ် နိမိတ်ဆိုး အကြောင်းနှိုးဆော် ဟောကြားသင့် ပါတယ်........

.... ဆရာတော်၊ သံဃာတော်များ ဘုရား.. မေတ္တာ ထား၍ ပြည်သူ အားလုံး တို့ ၏ စိတ်များကို ကြောက်ရခြင်းမှ ကင်းလွတ်စေရန် (free from fear) ၄င်း၊ အမြင်ကျဉ်း၍ အမြင်လွဲမှုများ၊ လျစ်လျူရှုမှုများ နှင့် အယူသည်းမှုများမှ ကင်းဝေးစေရန် ၄င်း၊ ရည်သန် ၍ သြဝါဒ ပေးကြားတော်မူပါ။ သူတို့အား ပိုမို မြင့်မြတ်လာစေရန် နှင့် ပိုမို ပျော်ရွှင်ဖွယ်ရာ ဘဝများ ရရှိစေရန် အတွက် သင်ကြား ဆုံးမ ပေးတော်မူပါ။ ထို အရာများသည် အရှင်မြတ်များ၏ အပ်ရာသော ဝန်တာများ ဖြစ်သည့် အတွက် လျှောက်ထား အပ်ပါသည် ဘုရား ................."

ဗိုလ်ချုပ်အောင်ဆန်း
၁၉၄၆ ခုနှစ်
ဖဆပလ ညီလာခံ မိန့်ခွန်း မှ ကောက်နူတ်ချက်၊
(မြန်မာဘလော့ဂါ ကိုမောင်ရင်၏ ဖော်ပြမှုမှ ကိုးကားပါသည်)

အတိတ်က သင်ခန်းစာအရ စစ်တပ်က ပစ်ခတ် နှိမ်နင်းလေ့ ရှိတာကို သိပေမယ့်လည်း လွတ်လပ်မှုကို ငတ်မွတ်နေကြတဲ့ ပြည်သူလူထုဟာ ဒါဟာ နောက်ဆုံး အခွင့်အရေး ဖြစ်ကောင်းပါရဲ့လို့ လိုချင်တဲ့အချက်တွေကို ငြိမ်းချမ်းစွာ ဆက်လက် ဖော်ထုတ် ခဲ့ပါတယ်။ ဒီလှုပ်ရှားမှုတွေမှာ ဘယ်သူတွေ ပါဝင် လှုပ်ရှားကြသလဲ ဆိုတာကို ကြည့်ရင် သံဃာတွေ သီလရှင်တွေနဲ့အတူ ပြည်သူ့ အနုပညာရှင်တွေ ကျောင်းသားတွေ နဲ့ အရပ်သူ အရပ်သား ပြည်သူတွေ အားလုံး သိန်းနဲ့ချီပြီး ပါဝင်ခဲ့ကြတာကို အထင်အရှား တွေ့ရမှာပါ။

ဒါဟာ ရောင့်ရဲလွယ်တဲ့ ရိုးသား အေးဆေးစွာ နေလေ့ရှိတဲ့ မြန်မာ ပြည်သူတွေရဲ့ မခံမရပ်နိုင်တဲ့အဆုံး ရင်ထဲက ထွက်ကျလာတဲ့ အသံတွေပါပဲ။ အဲဒီလို ကိုယ်တိုင် စိတ်ရင်းနဲ့ တက်တက်ကြွကြွ ပါဝင်လာမှုဟာ မိနစ်နဲ့အမျှ သတင်းတွေ တက်လာတဲ့ မြန်မာ ဘလော့ဂ်တွေမှာ အထင်အရှား တွေ့ရပါတယ်။ သတင်း မှောင်ချပြီး ဗြောင်လိမ်လေ့ရှိတဲ့ အစိုးရအောက်မှာ ဖြစ်ရပ်မှန်တွေ ထုတ်ဖော်နိုင်ဖို့ သတင်းတွေ ရဖို့အတွက် ဖြန့်ချိဖို့အတွက် ပြည်သူတွေဟာ စွန့်စား ဓာတ်ပုံ ရိုက်ခဲ့ရတယ်။ အင်တာဗျူး တွေ ခိုးကြောင်ခိုးဝှက် ဖြေခဲ့ရတယ်။ ဒါဟာ ဘယ်သူဘယ်ဝါရဲ့ အလုပ်ခိုင်းစေမှုကြောင့် မဟုတ်ဘဲ တစ်ပြားတစ်ချပ်မှ မရဘဲ လုပ်ခဲ့တာပါ။ သူတို့အတွက် အရိုက်အနှက်ခံရဖို့ ကင်မရာ အသိမ်းခံရဖို့ ပိုကံဆိုးရင် သေနတ်မှန်ဖို့ ထောင်ကျဖို့ဆိုတဲ့ စွန့်စားမှုတွေပဲ ရှိပါတယ်။ သတင်းတွေကို မီဒီယာတွေထက် စောပြီး ချက်ချင်း တင်နိုင်ခဲ့ပါတယ်။ မီဒီယာကြီးတွေကတောင်မှ သတင်း အဓိက ပြည်သူလူထုဆီက ရတာပါလို့ ပြောခဲ့ကြရပါတယ်။ အဖြစ်မှန်တွေ ကမ္ဘာက သိပါစေတော့၊ မတရားမှုတွေ ဖြေရှင်း နိုင်ပါစေတော့လို့ ပြည်သူတွေကတော့ အတတ်နိုင်ဆုံး ပါဝင် ဆင်နွှဲခဲ့ကြပါပြီ။ ဒီလို ရဲဝံ့သူတွေအပေါ် နိုင်ငံတကာရဲ့ တုံ့ပြန်မှုကတော့ ဘယ်လိုလဲ။

သွေးထွက်သံယိုတွေကတော့ ဖြစ်သွားခဲ့ရပါပြီ။ နိုင်ငံတကာက ဒါကို မဖြစ်အောင် ထိထိရောက်ရောက် တားမြစ်နိုင်တဲ့ အကူအညီတွေ အချိန်မီ မပေးနိုင်ခဲ့ဘူး ဆိုတာ ထင်ရှားပါတယ်။ စိတ်ပူမိကြောင်း အေးချမ်းစွာ ဖြေရှင်းမယ်လို့ မျှော်လင့်ကြောင်း သဘောထားတွေတော့ ပြောခဲ့ကြပါမယ်။ ကုလသမဂ္ဂ အစည်းအဝေးမှာတော့ မြန်မာနိုင်ငံကို သြဇာလွှမ်းမိုးမှု အကြီးအကျယ် ရှိတယ်ဆိုတဲ့ တရုတ်နိုင်ငံက ဒီလို ထ ကန့်ကွက်ခဲ့ပါတယ်။ ဟုတ်တယ် မြန်မာနိုင်ငံမှာ ပြဿနာ တချို့တော့ တက်နေတာပေါ့ တဲ့။ ဒါပေမယ့် အဲဒါဟာ ကမ္ဘာ့ ငြိမ်းချမ်းရေးကို ထိခိုက်နိုင်လောက် အောင်တော့ မဟုတ်ပါဘူးတဲ့။ ဒါဟာ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ အရေးယူမှုအထိ မလိုအပ်ဘူးလို့ဆိုလိုတာပါ။

အခုတော့ တရားမျှတမှု တစ်ခုကို လိုချင်လို့ အေးချမ်းစွာ သဘောထား ထုတ်ဖော်နေသူတွေကို ဒီလိုနည်းနဲ့ တုံ့ပြန်ခွင့်ရတယ်လို့ မြန်မာအာဏာပိုင်တွေက ကမ္ဘာ့အလယ်မှာ ပြောင်ပြောင်တင်းတင်း ချပြလိုက်ပါပြီ။ နိုင်ငံတကာရဲ့ စိုးရိမ်ပူပန်မှု သက်သက်နဲ့ ပျော့ပျောင်းစွာ တောင်းပန်မှုတွေဟာ စစ်အစိုးရ တစ်ခုအတွက် ဂရုစိုက်စရာ မဟုတ်ဘူး ဆိုတာ ဥပမာ ပေးလိုက်တာပါပဲ။ ယခုလို အခြေအနေမျိုးမှာတောင် ဒါဟာ မြန်မာပြည်ရဲ့ အိမ်တွင်းရေး သက်သက်ပါ လို့ နိုင်ငံတချို့က ဆိုနေဆဲပါ။ တကယ်ပဲလား။ စဉ်းစားစရာပါ။ လက်နက်မဲ့သူတွေကို လက်နက်ရှိသူက အနိုင်ကျင့်တာ တရားနည်းလမ်း ကျပါသလား။ စက်တင်ဘာ ၂၇ ရက်နေ့မှာ ဖြစ်ခဲ့တဲ့ အပြစ်မဲ့ မြန်မာပြည်သူတွေရဲ့ သွေးမြေကျ ဖြစ်ရပ်ကို နိုင်ငံတကာက ဘယ်လို တုံ့ပြန်မလဲ ဆိုတာ စောင့်ကြည့် ရပါတော့မယ်။

မှတ်ချက် ။

(ယခု ဆက်လက်၍ ရက်စက်စွာ နှိမ်နင်းမှုများ ဖြစ်ပွားနေပါသည်။ မြန်မာဘလော့ဂါ တစုက မိမိတို့၏ ခံစားချက် အတွေးအမြင်များကို ဆက်လက် ရေးသားသွားပါမည်။)

မဇ္ဈိမဆောင်းပါး တွင် မြန်မာ့ဘလောဂါ့တစ်စု နာမည်နှင့် တင်ပြခဲ့သည် ။


0 comments: