Wednesday, September 19, 2007

မန္တလေးတွင် မဟာမြတ်မုနိဘုရားကြီးသို့ သံဃာတော်များ စီတန်းလှည့်လည် ဆန္ဒပြ

NEJ/ ၁၉ စက်တင်ဘာ ၂၀၀၇

ယနေ့နံနက် (၆) နာရီခန့်က မန္တလေးမြို့၌ နအဖစစ်အစိုးရကို သပိတ်မှောက်ကံဆောင်သည့်အနေဖြင့် သံဃာတော် အပါး (၅၀၀) ခန့်တို့က မဟာမြတ်မုနိဘုရားကြီးသို့ စီတန်းလှည့်လည်သွားရောက်ကာ ပရိတ်ရွတ်ဖတ်ကြသည်ဟု မြို့ခံများထံမှ သိရသည်။

မြို့ခံတဦးက “အနောက်ပြင်က သံဃာတွေများပါတယ်။ မစိုးရိမ်တို့ ဒိုင်းဝန်တို့ကနေပြီးတော့
(၄၁) လမ်းအတိုင်း (၃) ပါးတတွဲနှုန်းထွက်တယ်။ (၂) ပြလောက်ရှိတယ်။ ခန့်မှန်းက (၅၀၀) လောက်ရှိမယ်။ တချို့ကိုယ်တော်တွေ မမီလိုက်ဘူး။ (၅) ပါးတတွဲ (၇) ပါးတတွဲ နောက်လိုက်တာ လည်းတွေ့ရတယ်” ဟု ပြောသည်။

သံဃာတော်များသည် ဘုရားကြီးအရှေ့မုခ်မှဝင်ကာ ဘုရားကြီး၌ (၁၀) မိနစ်ခန့် မေတ္တာသုတ် ပရိတ် ရွတ်ပြီးနောက် အနောက်ဘက်မုခ်မှ ပြန်ထွက်ကာ လူစုခွဲလိုက်သည်ဟု သိရသည်။

သံဃာတော်များ ဆန္ဒပြချိန်သည် နံနက်စောစောဖြစ်နေသည့်အတွက် လူအများသိရှိလိုက်ခြင်းမရှိဘဲ ဘုရားဖူးများသာသိရှိလိုက်ပြီး အာဏာပိုင်များ၏ အနှောင့်အယှက်ပေးခြင်းလည်း မခံရကြောင်း မြို့ခံတဦးက ပြောသည်။

ပခုက္ကူမြို့၌ ဆန္ဒပြသည့် သံဃာတော်များအား ရိုက်နှက်ဖမ်းဆီးမှုကို နအဖစစ်အစိုးရက မတောင်းပန် သည့်အတွက် သံဃာတော်များက ပတ္တနိက္ကုဇ္ဇနကံဆောင်သည့်အနေဖြင့် ဆန္ဒပြနေခြင်းဖြစ်သည်။ ။ ခေတ်ပြိုင်

0 comments: