စက်တင်ဘာလ ၃၀ ရက်၊ ၂၀၀၇ ခုနှစ်။
မန္တလေးအခြေအနေ
(ပြောက်ကျား ဆန္ဒပြပွဲ၊ ဖြိုခွဲမှာလား တန်ပြန်လား၊ လူမစုရန် ကျေညာချက်ထုတ်)
မြန်မာစံတော်ချိန် မွန်းလွဲ ၃ နာရီခွဲ (သတင်းရယူချိန်)
ပြောက်ကျားဆန္ဒပြပွဲ
“လွန်ခဲ့တဲ့ တနာရီလောက်တုန်းက ၇၅ လမ်းနဲ့ ၃၅ လမ်းမှာ တခါ၊ ၇၇ လမ်းနဲ့ ၃၅ လမ်းမှာ တခါ၊ ဆိုင်ကယ်စီးတဲ့ ကျောင်းသားတွေ အလံနီ တလက်နဲ့ ဆန္ဒပြသွားတယ်။ ပြောက်ကျား ဆန္ဒပြပွဲပေါ့နော်။ ဆိုင်ကယ်က ရာဂဏန်း နီးပါး ရှိပါတယ်။ အသက် ၂ဝ ကျော် အစိတ် ဝန်း ကျင်လေးတွေပါ။ ၃၅ လမ်းပေါ်မှာပဲ မြင်လိုက်ရတာခင်ဗျ။ သူတို့လည်း အမြန် ဖျောက်ရတာပေါ့နော်။ အချိန်တိုတွင်းမှာပဲ လုပ်သွားရတာ။ မြောက်ဘက်ကနေ တောင်ဘက် ကို ဖြတ်သွားတဲ့သဘောပေါ့။ မြောက်ကနေ ဝင်လာပြီးတော့ ၃၅ လမ်းပေါ် ဆင်းတယ်၊ ပြီးတော့ ဘေးကို ပြန်ဖျောက်သွားတယ်ပေါ့နော်”
ဖြိုခွဲမှာလား တန်ပြန်လား
“နေ့စားတွေ အနေနဲ့ ငွေပေးပြီး ခေါ်လာတဲ့ သူတွေရှိတယ်။ ၁ဝဝဝ၊ ၁၅ဝဝ၊ ၂ဝဝဝ လောက် ပေးပြီး ခေါ်လာတာ။ ကုန်သွယ်ရေး ရုံးတွေ တော်တော်များများရှိတဲ့ သာသနာ ၂၅ဝဝ လို့ခေါ်တဲ့ ဓမ္မာ့ဗိမာန် လို့ခေါ်တဲ့ သာသနာ့ ဗိမာန်မှာတို့ ရတနာဘူမိ နယ်မြေထဲမှာတို့ အများကြီးပဲပေါ့နော်။ နေ့စားနဲ့ ခေါ်ထားတဲ့ အရပ်သားတွေပေါ့ဗျာ၊ အများကြီး တွေ့ရတယ်။ သာသနာ ၂၅ဝဝ ရှေ့မှာဆိုရင် လမ်းဘေးမှာ ဒီအတိုင်းကြီး ထိုင်ပြီးတော့ ဖဲချနေကြတယ်။ ဘာလုပ်ခိုင်းဖို့လည်းတော့ ပြောမထားသေးဘူး။ တန်ပြန် ဆန္ဒပြပွဲ အတွက်လား၊ ဆန္ဒပြသူတွေလာရင် ဖြိုခွဲဖို့လား၊ မပြောတတ်ဘူး။ လောလောဆယ်တော့ ဘာမှတော့ လုပ်ခိုင်း မထားသေးဘူး။ သူတို့ ရိက္ခာနဲ့ ကျွေးမွေးပြီးတော့ ထားတယ်ပေါ့။ လူတိုင်း မြင်နေရတာ တော်တော်များတယ်။ ကားကြီး ကားငယ်တွေနဲ့ ခေါ်ခေါ်လာတာဗျ။ အနည်းဆုံး မရှိပါဘူးဆိုရင် ရာချီ ရှိတာပေါ့။ ခြောက်လှန့်ဖို့ ပါတယ်၊ တခုခု အသုံးချဖို့လည်း ဖြစ်မယ်ပေါ့နော်။ ဒီအတိုင်းကြီး ခေါ်ထားတာတော့ မဟုတ်ဘူး။ တခုခု အသုံးချဖို့”
လူမစုရန် ကျေညာချက်ထုတ်
“မနေ့ကလိုတော့ လူက စုတာမျိုးတော့ မရှိသေးဘူး။ ၃၄ လမ်းတဝိုက်မှာလည်း ထပ်ပြီး စုလို့မရဘူး။ လုံခြုံရေး ချထားတယ်။ ဖြစ်လာရင် ဖြိုခွဲမှာပဲ။ မန္တလေးတိုင်း ခရိုင် အုပ်ချုပ်ရေးမှူး အထွေထွေအုပ်ကနေ လမ်းမှာ ဆိုင်ကယ်တွေ၊ လူစုလူဝေးတွေ စုတာ မရဘူး၊ ဆိုင်ကယ် အစုလိုက်တွေ၊ ကားတွေ၊ စက်ဘီးတွေ လမ်းပိတ်ဆို့တာတွေ မရဘူး။ လုပ်လာရင် တည်ဆဲ ဥပဒေအရ အရေးယူမယ်လို့ မနေ့က ၂၉ ရက်နေ့စွဲနဲ့ ကျေညာထားတယ်လေ”
မဇ္ဈိမ
Sunday, September 30, 2007
Posted by
Tide
at
5:45 PM
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment