Wednesday, May 7, 2008

ဘယ်သူကူလို့ ဖေးမမယ်

ဧရာဝတီ-ကြည်ဝေ/လှိုင်သာယာ - ရန်ကုန်
မေ ၇၊ ၂၀၀၈

မိုးလင်းလင်းချင်း ဒီနေ့ စခန်းကနေ ထွက်ပေးရမယ်ဆိုတဲ့ အသိကြောင့် ခိုကိုးရာမဲ့စိတ်နဲ့ ၀မ်းနည်း ပက်လက်ဖြစ်သွားရ တယ်လို့ အသက် ၄၃ နှစ်အရွယ် ကလေး ၄ ယောက်မိခင် မတင်တင်ဝင်းက ပြောပြပါတယ်။ သူတို့က လေဘေးဒဏ် အပြင်းအထန် ခံစားလိုက်ရတဲ့ ရန်ကုန်မြို့၊ လှိုင်သာယာ အပိုင်း ၂၀ ရပ်ကွက်မှာ နေတာပါ။

“ဒုက္ခသည် စခန်းမှာ လူက အရမ်းများနေတော့ ကျန်းမာရေးနဲ့ မညီညွတ်ဘူး ဆိုပြီး မနေ့က လူလျှော့တယ်။ လူတ၀က် လောက်လျှော့လိုက်တဲ့ အထဲမှာ ပါသွားတော့ ဒီနေ့ မနက် ထွက်ပေးခဲ့ရတယ်” လို့ လက်မောင်းပေါ်က အညိုရောင် ချည်အင်္ကျီနဲ့ မျက်ရည်ကို တို့သုတ်ရင်း သူက တိုးသက်စွာ ပြောပြပါတယ်။

(ဓာတ်ပုံ - ဧရာဝတီ)

သူ့ ခင်ပွန်းသည်ကတော့ ပြိုသွားတဲ့ တဲအိမ်နေရာမှာ တဲထိုးဖို့အတွက် ၀ါးနဲ့ ဓနိသွားဝယ်နေတယ်လို့ ဆိုပါတယ်။

ဝါးတလုံးကို ကျပ် ၁၅၀၀ ဈေးရှိပြီး၊ ဓနိတပျစ်ကို ၁၂၀၀ ကျပ် ဈေးပေါက်နေတယ်လို့ ၀ါးဝယ်လာသူ တဦးကပြောပြပါတယ်။ လေးပေ ငါးပေလောက်အကျယ်ရှိတဲ့ တဲတလုံး အတွက် ကုန်ကျစရိတ်ကတင် လုပ်အားခမပါ ကျပ် ၃သောင်း ၀န်းကျင် လောက် ဖြစ်နေတဲ့အတွက် ဒုက္ခသည်အတော်များများအနေနဲ့ တဲအိမ်မဆောက်နိုင်ကြပါဘူး လို့ ဆိုပါတယ်။

မုန်တိုင်း ဒဏ်ကြောင့်ပျက်စီးခဲ့တဲ့ ၁၅ ပေ၊ ပေ ၂၀ အရွယ်တဲအိမ်မျိုး ပြန်ဆောက်မယ်ဆိုရင် ခုပေါက်ဈေးနဲ့ ကျပ် ၁ သိန်း လောက်ကုန်ကျနိုင်တဲ့အတွက် ၅ ပေ၊ ၆ပေ အကျယ်ရှိတဲ့ နေဖြစ်ရုံတဲအိမ်မျိုးပဲ ဆောက်မယ်လို့ သူက ပြောပြပါတယ်။

“လက်ထဲမှာလည်း ပိုက်ဆံက ၁သောင်းမပြောနဲ့ ၅ထောင်ပြည့်အောင်မရှိတော့ အိမ်က ကလေးတွေကို တဲပျက်တွေက သုံးလို့ရနိုင်သေးတဲ့ ၀ါးနဲ့ ဓနိတွေ လိုက်ရှာပြီးကောက်ခိုင်းနေရတယ်” လို့ သူက ဆိုပါတယ်။

ဒုက္ခသည် စခန်းကနေ မဖြစ်မနေ ထွက်ပေးရမယ့် မိသားစုတွေကတော့ အိမ်ပြိုအိမ်ပျက်တွေထဲကနေ ကောင်းနိုးရာရာ ၀ါးနဲ့ ဓနိတွေကို လိုက်ကောက်နေကြိပီး လူဝင်အိပ်လို့ရတဲ့ အရွယ်ခပ်သေးသေး တဲအိမ်လေးတွေပဲ ဆောက်နေကြတယ်လို့ လှိုင်သာယာ အပိုင်း ၂၀ ရပ်ကွက်မှာနေတဲ့ ဦးသိန်းဝင်းက လက်ရှိ ရပ်ကွက်တွင်း အခြေအနေကို ပြောပြပါတယ်။

“တတ်နိုင်တဲ့သူတွေကတော့ အိမ်တွေပြန်ပြင်ဆောက်ကြတာပေါ့၊ မတတ်နိုင်တဲ့သူတွေကတော့ မြင်တဲ့အတိုင်းပဲ ၀ါးတလုံး တောင် ၀ယ်နိုင်ကြတာ မဟုတ်တော့ ဒုက္ခသည် စခန်းမှာပဲ ကုပ်ကပ်နေကြတယ်။ အခု စခန်းကလည်း လူတွေလျှော့နေတာ ဆိုတော့ ပိုဆိုးတာပေါ့။ တဲအိမ်တောင် လူတိုင်းဆောက်နိုင်တာမှ မဟုတ်တာ” လို့ သူက ဆိုပါတယ်။

လှိုင်သာယာမြို့နယ်ထဲက မုန်တိုင်းဒဏ်ခံရသူတွေထဲမှာ သူတို့နေတဲ့ အပိုင်း ၂၀ ရပ်ကွက်က အဆိုးဆုံး ဖြစ်ပါတယ်။ လူနေ အိမ်ခြေစိပ်ပြီး တဲအိမ်လေးတွေဖြစ်တဲ့အတွက် လူတိုင်းနီးပါး အိုးမဲ့ အိမ်မဲ့ဖြစ်ကြတာ တွေ့ရပါတယ်။

ငွေကြေးတတ်နိုင်သူ အနည်းစုကတော့ ၅ ရက်နေ့ကစပြီး ပျက်စီးသွားတဲ့ အိမ်တွေနေရာမှာ တဲအိမ်သစ်ကလေးတွေကို ဆောက်လုပ်ကြပေမယ့် အများစုကတော့ ငွေကြေးမတတ်နိုင်တဲ့အတွက် မုန်တိုင်းဘေးဒုက္ခသည်စခန်းအဖြစ် ဖွင့်ထားတဲ့ အထက်တန်းကျောင်းထဲမှာ သွားရောက်နေထိုင်ကြရတယ်လို့ ပြောပြကြပါတယ်။

အဆိုပါစခန်းမှာလည်း လူတွေပြည့်ကျပ်နေတဲ့အတွက် စစ်အာဏာပိုင်တွေက ကျန်းမာရေးနဲ့ မညီညွတ်ဘူး ဆိုပြီး လူ တ၀က်တိတိလျှော့ချခဲ့တယ်လို့ စခန်းမှာ နေထိုင်သူတွေက ပြောပါတယ်။ ယင်းစခန်းမှာ လူပေါင်း ငါးထောင်ခန့်နေထိုင် ခဲ့တယ်လို့ သိရပြီး ယခုအခါ လူ ၂ ထောင်ကျော်ပဲ ရှိတော့တယ်လို့ ဆိုပါတယ်။

“မနေ့က လူကြီးတွေလာကြည့်သွားတယ်။ လူတွေက အရမ်းများတော့ ညအိပ်ရင် တယောက်နဲ့ တယောက်အသားချင်း ထိနေတော့ လေကောင်းလေသန့်လည်းမရဘူး။ ညစ်ပတ်တယ်၊ ရောဂါတွေ ဖြစ်ကုန်မယ်ဆိုပြီး လူလျှော့ဖို့ ပြောသွားတာနဲ့ မနေ့က ညတွင်းချင်း စခန်းက နေထွက်ရမယ့် သူ စာရင်းလုပ်တော့တာ” လို့ စခန်းမှာ နေထိုင်ခွင့်ရသူ အသက် ၆၇ နှစ် အရွယ် အမျိုးသမီးကြီးတဦးက ပြောပြပါတယ်။

စခန်းမှာ နေထိုင်ခွင့်ရသူတွေကတော့ သက်ကြီးရွယ်အိုတွေများတယ်လို့ ရယက တွေက ဆိုကြပေမယ့် စခန်းကနေ ထွက်ပေးရတဲ့ သူတွေရဲ့ ပြောပြချက်အရ စခန်းမှာ နေထိုင်ခွင့်ရသူတွေကတော့ ရယက တွေရဲ့ ဆွေမျိုးသားချင်းတွေ၊ ကြံ့ဖွံ့အဖွဲ့ဝင်တွေရဲ့ ဆွေမျိုးသားချင်းနဲ့ နီးစပ်ခင်မင်သူတွေပဲ များတယ်လို့ သိရပါတယ်။

စခန်းမှာ နေထိုင်ခွင့်ရသူတွေကို အလှူရှင်ရှိရင် တအိမ်ထောင် ဆန်တပြည်နှုန်းဝေပေးတယ်လို့ သိရပါတယ်။ အလှူရှင် လည်း နေ့စဉ် မရှိတဲ့အတွက် ဆန်အပါအ၀င် စားသောက်စရာနဲ့ ရေသန့် အခက်အခဲကို ကြုံတွေ့နေရတယ်လို့ ဒုက္ခသည် တွေက ဆိုကြပါတယ်။

အဆိုပါ မြို့နယ်တွင်းက မုန်တိုင်းခံရသူတွေအနေနဲ့ ရေရရှိဖို့အတွက် ရပ်ကွက်အတွင်းက မပျက်မစီးကျန်ရှိနေတဲ့ တုံကင်နဲ့ တွင်းရေကို တန်းစီစနစ်နဲ့ အသုံးပြုနေရတယ်လို့ သိရပါတယ်။် တမိသားစုကို ရေ ၂ ပုံး နှုန်းသာ ရတဲ့အတွက် သောက်ရေ အဖြစ်ပဲ အသုံးပြုနိုင်ပြီး ချက်ပြုတ်ဖို့ ရေအခက်အခဲ ကြုံ နေကြတယ်လို့ အဆိုပါ ရပ်ကွက်အတွင်း နေထိုင်သူတွေက ပြောပါတယ်။

ငွေကြေးတတ်နိုင်သူတွေကတော့ တခြားရပ်ကွက်တွေထဲက ရေရောင်းတဲ့ အိမ်တွေဆီကနေ ရေတပုံးကို ငွေ ၃၀၀ ကျပ် နှုန်းနဲ့ ၀ယ်ယူ သုံးစွဲကြပါတယ်။ အများစုကတော့ အဆိုပါရပ်ကွက်ကနေ ၇ မိုင် ၈ မိုင် လောက်ဝေးတဲ့ လှိုင်မြစ်ရေကို တနိုင်တပိုင်သွားခပ်ယူပြီး သုံးစွဲနေရတယ်လို့ သိရှိရပါတယ်။

အဆိုပါ ရပ်ကွက်အတွင်းနေထိုင်သူအများစုဟာ နေ့စားအလုပ်သမားတွေများတဲ့အတွက် ခုလို အလုပ်မဆင်းနိုင်တဲ့ ကာလတွေမှာ စားစရာ ဆန်ဖိုးငွေတောင် မရှိသူက များတယ်လို့ ရပ်ကွက်အတွင်းနေထိုင်သူတွေက ပြောပြကြပါတယ်။

လှိုင်သာယာမြို့နယ်အတွင်းမှာ လက်ရှိဆန်ကြမ်းပေါက်ဈေးက ယခင် ကျပ် ၈၀၀ တန်ဆန်က ယခုအခါ အနည်းဆုံး ၁ပြည်ကို ၁ထောင် နှုန်းကနေ ၁၅၀၀ ဈေးထိရှိနေပြီး ယခင် ၈၀၀ ကျပ်တန် ဇီယာဆန်က ၀ယ်မရအောင်ဖြစ်နေတယ်လို့ လည်း ကြားသိရပါတယ်။

အစိုးရအနေနဲ့ ဆန်တပြည် ၇၅၀ ကျပ်နဲ့ ရောင်းချပေးမယ်လို့ ကြေညာထားပေမယ့် ခုချိန်ထိ အဆိုပါ ရပ်ကွက်အတွင်း ရောင်းချပေးခြင်း မရှိသေးဘူးလို့လည်း သိရှိရပါတယ်။

ကားခတွေကလည်း လှိုင်သာယာမြို့နယ်ကနေ ဘယ်စီးစီး အနည်းဆုံး ၃၀၀ ကျပ်ကနေ ၁ ထောင်ကျပ်ထိ ဈေးဖြစ်နေတဲ့ အတွက် အလုပ်ဆင်းဖို့ အခက်အခဲဖြစ်နေတာ တွေ့မြင်ရပါတယ်။

“ဒီမှာက တရက်အလုပ်လုပ်မှ တရက်စားကြရတာ။ ခု ကားခတွေက ဈေးကြီးတော့ လူတိုင်းအလုပ်မဆင်းနိုင်ကြဘူး။ တချို့ပဲ အလုပ်ဆင်းကြတယ်။ အလုပ်အဆင်းအတက် တနေ့ကို ခရီးစရိတ် ၁ ထောင်လောက်ကုန်တယ်” လို့ အဆိုပါ ရပ်ကွက်တွင် နေထိုင်သူ တဦးက ပြောဆိုပါတယ်။

အများစုအနေနဲ့ ကတော့ နီးစပ်ရာ ကားခမလိုတဲ့ လှိုင်သာယာမြို့နယ်ထဲက ရပ်ကွက်တွေမှာ သစ်ပင်ရှင်းပေးတာ၊ အိမ်မိုး ပေးတာ၊ အိမ်ပြင်ပေးတာ စတဲ့အလုပ်တွေကို ရှာဖွေ လုပ်ကိုင်ပြီး နေကြကြောင်း သိရှိရပါတယ်။

အဆိုပါ လှိုင်သာယာ၊ အပိုင်း ၂၀ ရပ်ကွက်မှာ လမ်းတလမ်းထဲတင် လူ ၁၀၀၀ ၀န်းကျင်ကနေ ၁၅၀၀ ၀န်းကျင်ကြား နေထိုင် လျက်ရှိပါတယ်။ လမ်းသွယ်ပေါင်း ၂၀ ၀န်းကျင်ထိ ရှိပြီး ရန်ကုန်တိုင်းအတွင်း လေမုန်တိုင်းဒဏ်ခံရတဲ့ မြို့နယ်ပေါင်း ၄၀ ရှိကြောင်း အစိုးရရဲ့ တရားဝင်ထုတ်ပြန်ချက်အရသိရပါတယ်။ အဆိုပါ မြို့နယ်တွေမှာလည်း လေမုန်တိုင်းဒဏ်ခံရသူများ တွက် ဒုက္ခသည်စခန်းတွေအဖြစ် စာသင်ကျောင်းများနဲ့ အဆောက်အဦ အလွတ်တွေမှာ ထားရှိကြပြီး ဘုန်းကြီးကျောင်း တချို့မှာလည်း ထားရှိကြောင်း ကြားသိရပါတယ်။မြို့နယ်တခုမှာ စခန်းပေါင်း အနည်းဆုံး ၃ ခုခန့်ရှိတယ်လို့ သိရပါတယ်။

တောင်ဥက္ကှလာပမြို့နယ်တွင် နေထိုင်သူ တဦးကတော့ “ဘုန်းကြီးကျောင်းတွေမှာ ဖွင့်လို့မရဘူးလို့ပြောတာပဲ၊ ကျနော်တို့ ရပ်ကွက်မှာတော့ စည်ပင်သာယာပိုင် အခန်းလွတ်တခုထဲမှာ စုထားတယ်” လို့ သူက ပြောပြခဲ့ပါတယ်။
ဘုန်းကြီးကျောင်းတွေမှာ စခန်းဖွင့်ဖို့အတွက် သက်ဆိုင်ရာ အာဏာပိုင်တွေထံကနေ ခွင့်ပြုချက်ယူရပြီး တချို့မြို့နယ်တွေ မှာဆိုရင် ဘုန်းကြီးကျောင်းများအတွင်း စခန်းဖွင့်ခွင့်မပြုဘူးလို့လည်း ကြားသိရပါတယ်။

0 comments: