Saturday, January 11, 2014

ဒီနှစ် ခင်ဗျား သိပ်ချမ်းနေပြီလား ကိုအောင်ကိုကို

ခင်ဗျား ပျော်ရွှင်စွာ ခုန်ချ ပျောက်ဆုံးသွားတဲ့ မဟာရေတံခွန်ဟာ
ဒီနှစ်တော့--
ရွာအပြင်က ဘိုးဘိုးအောင်ရုပ်ထုအိုအစုတ်ကြီးလိုပဲ
အေးခဲတောင့်ခိုင် အစိမ်းသေ မတ်တပ်ရပ် သေသွားတယ်
ကျနော်လား...
အခု ရွှေတိဂုံကုန်းပေါ်က ကောင်းပြီး တွေးလွမ်းနေတာဗျ
(သိပါ့...မထိုက်တန်ဘူးဆိုတာ သိပ်သိတာပေါ့)
စမ်းချောင်းကအိမ်ကို ကျနော် သွားတတ်တာပေါ့
ယုံကြည်ချက်သေတွေကို ငုံထားရတဲ့ ဟောဒီပါးစပ်က
ခင်ဗျားအမေကို ဘယ်လိုစကားလုံးတွေ အန်ချ ပြရမှာလဲ
ရန်ကုန်မြေထဲကို တစ်လှမ်းချင်း ကျနော် စ ခြေချ နင်းတော့
ခင်ဗျားတို့ရဲ့ အသဲနှလုံးတွေကို တစ်လုံးပြီးတစ်လုံး ဆက်တိုက်နင်းခွဲခဲ့ရတာ
ရာဇဝင် အနာဆုံးပဲဗျာ
ခင်ဗျားမှာ ကျည်အပို ရှိသေးရင် ကျနော့်ရင်ကို အတွဲလိုက် ကုတ်လိုက်စမ်းပါ
ဒီအရပ်မှာ ခွပ်ဒေါင်းအလံဟာ မြင့် မြင့် မှ မပျံသန်းတတ်တော့တာ
ခင်ဗျားဘော်ဒါတွေလည်း (သွေးမုန်တိုင်း)ကို တီးတာ မကြားမိတော့သလိုပဲ
ဒီလိုပါပဲ--- ဖဲဝိုင်းဟာ ထုံအီမိုးသောက်
ဖဲခိုးဒိုင်က လွှတ်တော်ထဲကနေ Time Out ခေါ်သွားတယ်
ဟား ဟား ဟား....
သတ်ကွင်းမြေထဲ ဖြတ်ဆင်းသေသွားသူတွေကို ခင်ဗျား သိပ် သိချင်နေတယ်လား
(၁) ဒေါ်----
(၂) ဦး----
(၃) ကို----
(၄) မ----
(၅) ရဲဘော်----
(၆) ရဲမေ----
.....................................................
စာရင်းက အရှည်ကြိး...အများကြီးပေါ့ဗျာ..
အောက်ဆုံးနားမှာ ကျနော့်ကဗျာအမည်လည်းပါတယ်
ကိုယ့်လျှာကိုယ်ဖြတ်ပြီး ပြောရဆိုရတာ သွေးပန်းထွက်တယ်ဗျာ...
ဒီအရပ်မှာ ခွပ်ဒေါင်းအလံဟာ မြင့် မြင့် မပျံသန်းတတ်တော့ဘူး ဆိုတာ
ခင်ဗျားဟာ မယုံကြည်နိုင်ဘူး ဖြစ်နေတယ် မဟုတ်လား...
ကဲဗျာ... လွှတ်တော်ထဲမှာ ဖာခန်းဖွင့်ထားတယ် ဆိုတာရော ယုံနိုင်မလား
ဟား-ဟား-ဟား....အဲဒါ ကျနော် သက်သက် ကြပ်ပြောတာဗျ....
ဖာခန်းဟာ ဖာမသူနဲ့ဖာချသူပဲ ပတ်သက်တာဆိုတော့ ကျနော် မသိဘူး...
ကဲဗျာ.. ရွှေတိဂုံဘုရားပေါ် လဒ နားတယ် ဆိုတာရော ယုံကြည်နိုင်မလား
ဟုတ်တယ်...အဲဒါ...အမှန်ပဲ
ရွှေတိဂုံဘုရားထီး ငှက်နားတော်ပေါ် လဒ နားသွားတာ ကျနော့်မျက်မြင်ပဲ
ဟုတ်တယ်...လဒဟာ တိုင်းပြည်အနာဂတ်မှာ နားနေတုန်းပဲ
လဒဟာ မြန်မာပြည်အနာဂတ်မှာ နားနေတုန်းပဲ
ခင်ဗျားကို ကျနော်တို့ ဘယ်တော့မှ အမျှဝေရမှာလဲ
Great Fall ကြီးရေခဲနေတုန်း ခင်ဗျား ပြန် ကုတ်တက်လာခဲ့ပါလား
ပြီးရင် ခင်ဗျား ဆဲချင်တာတွေ ကိုမိုးသီးဆီ Email ပို့ပြီး ပြန်ခုန်ချသွားလိုက်ဦး
အဲဒါသာ လက်ရှိမြန်မာ့နိုင်ငံရေးနဲ့ အထိုက်တန်ဆုံးပဲ
ကျနော်လည်း ကျကွဲဖို့ လေ့လာနေတယ် ရဲဘော်....။    ။

သုအိုင်စံ
၁၁-၀၁-၂၀၁၄