Sunday, December 1, 2013

ချစ်သောဂစ်တာနှင့် Mainstream Metal သမားတို့ရဲ့ ယနေ့ဒုက္ခ


နိုင်ငံရေးအရ သီချင်းသစ်ရေးစပ်ရမဲ့ အခြေအနေတွေမှာ
ငါတို့ဘဝက အပေါင်ဆုံး ဂစ်တာတွေကိုပဲ လွမ်းနေရဆဲပဲ။

အမှန်က ရပ်တည်ချက်ထဲက ပြတ်သွားတာက ၁ကြိုး ၂ကြိုးပဲ
၁ကြိုး ၂ကြိုးထဲ ဝယ်မရတော့ ငါတို့ပေါ်လစီကို ကြိုးတစ်စုံလုံး ဖြုတ်လဲရတယ်
တော်လှန်ရေးထဲမှာ သုံးစရာနေရာမရှိတဲ့ ၅ကြိုး ၆ကြိုးတွေက ငွေကုန်ပြီး အလကားပိုလို့။

စောက်သုံးမကျတဲ့ ခေါင်းဆောင်တွေက
ကြိုးဟောင်းကို မှီပြီး ကြိုးသစ်ကို အသံမညှိဘူး
စောက်ရမ်းလုပ် တစ်စုံလုံး ဖြုတ်ပစ်လိုက်တယ်
ကိုယ့်သမိုင်းကိုယ်ခြေရာခံလို့ မရတော့တဲ့ သံစဉ်ဟာ ငါတို့ပဲ။

ဒီနေ့နိုင်ငံရေးမှာ
ငါတို့ အခုထွက်မဲ့ အခွေမှာ ၁၉၇၀ က သီချင်းဟောင်းတွေ ပြန်ပါနေတယ်
ဆန်းသစ်တီးခတ်ထားတာလား မူရင်းအတိုင်းပဲလား အစွဲကလည်း ကြီးပါ့
ဒီနေ့ ကမ္ဘာ့ဂီတနိုင်ငံရေးက Spoken Words တွေ ပိုအားကောင်းနေတယ်။

မြန်မာပြည်ရဲ့ ကော်ပီတွေ ဖြတ်ခိုးတွေ သိပ်ပြီး ရေပန်းစားနေတဲ့ နိုင်ငံရေးဂီတနယ်မှာ
ပြောစမ်း..ကျုပ်တို့ ခင်ဗျားတို့ဟာ အစိုးရစာသားကို ဖြတ်ခိုးယူထားတဲ့ သူပုန်သီချင်းလား
ပျောက်သွားတဲ့ရံပုန်ငွေတွေရဲ့ ကူပါ ကယ်ပါ အော်သံဟာ မိတ်ဖက်နိုင်ငံရေးဆွေးနွေးပွဲသံလိုပါပဲ
ဒီအသံအသွားအလာတွေကို ဘယ်တော့မှ ကျုပ်တို့ သီချင်းရေး Recording မလုပ်ရဲကြဘူးမဟုတ်လား
(လူကြားမကောင်းဘူးလေ)။

နိုင်ငံရေးဂီတနယ်မှာ ဂီတအနုပညာသက်သက် လုပ်မဲ့ကောင်က နှလုံးသားမဲ့နေတယ်
နိုင်ငံရေးဂီတနယ်မှာ ဂီတစီးပွားရေးသက်သက် လုပ်မဲ့ကောင် ငွေအရင်းအနှီးမဲ့နေတယ်
နိုင်ငံရေးဂီတနယ်မှာ (ဂီတအနုပညာ+ဂီတစီးပွားရေး) တွဲလုပ်မဲ့ကောင်က ငွေရော နှလုံးသားရောမဲ့နေတယ်
ဒီလိုနဲ့ ၃ ဖွဲ့ကွဲတုန်းက ဂစ်တာ၃လက်နဲ့ ဒေါ်လာ ၃ သိန်းကို ၃ပုံ ခွဲ နောက်အစည်အဝေးပွဲတွေလည်း ထပ်မဖြစ်တော့ဘူး။

နိုင်ငံရေးဂီတမှာ လူလည်မကျနဲ့... ငါ့ Riff တွေကိုသုံးမယ် ဆိုရင်တော့ ငါ့ကို အကြောင်းကြားသင့်ပါတယ်
နိုင်ငံရေးဂီတမှာ လူလည်မကျနဲ့...ငါ့ကဗျာကို သုံးမယ်ဆိုရင်လည်း ငါ့ နာမည်လေးတော့ ဖော်ပြသင့်ပါတယ်
ရေးလိုက်တဲ့ သီချင်းက Global Toilet နဲ့ တူတယ် Multi-culture Shitနဲ့ Multi-color Piss တွေနဲ့အပြည့်
တော်လှန်ရေးစိတ်ဓါတ်နဲ့ ခိုးထားတာကို ကြိုးစားမေ့ပစ်ကာ "Dust In The Wind" ဟာ "ကမ္ဘာမကျေဘူး" ဖြစ်လာရော။

လက်နက်ကိုင်တော်လှန်ရေးမှာ
ဂစ်တာတောင် ပေါင်စားနေရတဲ့ကောင်က Independent Record လုပ်လို့မရဘူး
အဲဒီ ကိုယ်နည်းနည်းသူများများ စာချုပ်ပေါ် ငါ့ခလေးဆာနေပါလားအသိနဲ့ လက်မှတ်ထိုးလိုက်ပါ
အခုဆောက်သင့်တာက တက္ကသိုလ် ၁၀ခု မှမဟုတ်ပဲ၊ မူလတန်းကျောင်း ၂ခု ဖြစ်နေတယ်။

နိုင်ငံ့သမိုင်းစာအုပ်ကို လှန်ကြည့်ပါ
70s Music ကို မချစ်ရင် Music ကို မချစ်ဘူးလို့ ငါတို့ ရဲရဲယုံယုံ အမြဲကြွေးကြော်လေ့ ရှိတယ်
ဟုတ်တယ် ငါတို့ဂစ်တာမှာ အံမခန်း Scaleတွေ ကျင့်ခဲ့ မသေတတ်တဲ့တေးတွေ ဖန်ဆင်းခဲ့တယ်
ခေတ်က သူစီးကြောင်းအတိုင်း သူစီးတာ ငါတို့ဂီတက ဘယ်တော့မှ မသေပေမဲ့ နေလို့မရတော့ဘူး
Rock Will Never Die ဆိုပေမဲ့ It Dies Sometimes In Pop Culture လို့ဆိုရမှာပဲ
Spoken Wordsသမားက ဂစ်တာမတီးပေမဲ့ သူ့ Vocalကို Laptopက အကုန် Mix-downလုပ်ပေးတယ်။

လူထုအတွက်ဆို ဆံပင်ရှည်ဖြတ်ခိုင်းမလား ဖြတ်ပေးမယ် ဂတုံးတုံးခိုင်းမလား လုပ်ပေးမယ်
ငါတို့ဂစ်တာကိုတော့ မပေါက်ခွဲခိုင်းနဲ့ ငါတို့ နှလုံးသားထဲ Spoken Words Lyrics လာမပစ်ထဲ့နဲ့
အခု ငြိမ်းချမ်းရေးဖော်ဆောင်မဲ့ ပရိတ်သတ်က Music ကိုတကယ်ချစ်တတ် ခံစားတတ်မှ ဖြစ်မယ်။

မနေ့က ကြားလိုက်တယ်
Zeppelin Song ကို Spoken Words လုပ်ချလိုက်တဲ့ ကိစ္စ
လွတ်တော်ထဲမှာ အတည်ပြု ကျ သွားပြီတဲ့
ဒီကိစ္စကို ငါတို့ ဂစ်တာသမားတိုင်းက သဘောတူလို့ မရဘူး
ဒီငြိမ်းချမ်းရေးကို ဖျက်တယ်ကွာ။   ။

သုအိုင်စံ
၁၉-၀၁-၁၃

0 comments: