Friday, May 10, 2013

မြိတ် ၅၀ လာထား၊ နောင်ချို ၅၀ လာထား၊ ရန်ကုန် ၁၀၀ စားမယ်

ရေလုပ်ငန်းရှင်လေးလို့ အများကသိကြတဲ့ ဒီကမ်းခြေမြို့လေးမှာ
ပင်လယ်ဓါးပြဂိုဏ်းက တည်ထားတဲ့
ဗုဒ္ဒစေတီတော်ကိုေ၇ွှရောင်ပြန် သပ်ပယ်စွာ ကိုးကွယ် ပူဇော်ထား
ဖူးမျှော်သူများပင် အကုသိုလ် လျှော်ဖွတ်သံတွေကို သဲ့သဲ့ကြားရလိမ့်မယ်
မြို့လယ်ခေါင်က အထက်တန်းကျောင်းဆောင်တွေဟာ ခေတ်မှီ ခမ်းနား သစ်လွင်
အဲဒီထဲက တစ်နှစ်လျှင် ကျောင်းသား/သူ ၂၀၀ ခန့်က မြို့တော် တက္ကသိုလ်တွေဆီ ဆက်သွား
ခေတ်မှီ ကွဲခြား များပြားတဲ့ ဘာသာရပ်မျိုးစုံကို ငွေအားနဲ့ သင်ယူဘွဲ့ရကြ
(သမာအာဇီဝ ဆိုတဲ့ ဘာသာရပ်ကလွဲ) လို့ အားလုံးတတ်မြောက်ကျွမ်းကျင်
ပြန်လာရင် ပိုမို ယဉ်ကျေးသပ်ရပ်တဲ့ ဓါးပြတိုက်နည်းပညာ၊ စစ်လက်နက်တွေ တပ်ဆင်
နေ့စဉ် ငါးဖမ်း၊ ကမာမွေး၊ ရေနံတူးတဲ့ လုပ်ငန်းသုံး စက်အားမြင့် ရေယာဉ်တွေဟာ
တစ်လတစ်ခါ အုပ်စုလိုက်ထွက် ကုန်သွယ်သဘောင်္တွေကို ဓါးပြတိုက် ပြန်ပေးဆွဲ
ကုန်သွယ်သူဌေးများကနေ ဘဏ်အကောက်ထဲ စီးဝင်လာတဲ့ ဓါးပြကြေးငွေ ၂ပုံ၁ပုံနဲ့
မြို့လေးကို ငွေလျှံ လက်ဖွာတဲ့ လူငယ်တက်ကြွလေးလို ပုံမှန်လည်ပတ်
"ရေပြင်က ငွေဝင်ရမယ်" ဆိုတဲ့ စကားပုံကို သူတို့ ယုံကြည်ကြတယ်
"ဓါးပြက ဓါးပြကို ဓါးပြ မတိုက်ရဘူး" ဆိုတဲ့ ဥပဒေသ လိုက်နာကြတယ်


စိုက်ပျိုးရေးကုန်သည်လေးလို့ အများကသိကြတဲ့ ဒီတောင်ပေါ်မြို့လေးမှာ
ဘိန်းဘုရင်တပ်က တည်ဆောက်ထားတဲ့
ဘုရားကျောင်းကြီးဟာ ဗိသုကာတွေနဲ့ ကျယ်ဝန်းတင့်တယ် ဓမ္မတေးသံတွေနဲ့ ခမ်းနား
ဘုရားကျောင်းတက်သူများပင် အကုသိုလ် လျှော်ဖွတ်သံတွေကို သဲ့သဲ့ကြားရလိမ့်မယ်
မြို့လယ် ကုန်းကမူက အထက်တန်းကျောင်းဆောင်တွေဟာ ခေတ်မှီ ခမ်းနား သစ်လွင်
အဲဒီထဲက တစ်နှစ်လျှင် ကျောင်းသား/သူ ၂၀၀ ခန့်က မြို့တော် တက္ကသိုလ်တွေဆီ ဆက်သွား
ခေတ်မှီ ကွဲခြား များပြားတဲ့ ဘာသာရပ်မျိုးစုံကို ငွေအားနဲ့ သင်ယူဘွဲ့ရကြ
(သမာအာဇီဝ ဆိုတဲ့ ဘာသာရပ်ကလွဲ) လို့ အားလုံးတတ်မြောက်ကျွမ်းကျင်
ပြန်လာရင် ပိုမို အဆင့်မြင်တဲ့ နည်းပညာနဲ့ စစ်လက်နက်တွေ ဘိန်းဘုရင်တပ်ကို တပ်ဆင်
နေ့စဉ် ကော်ဖီပင်ရေလောင်း၊ ရော်ဘာစေးခြစ်၊ စပျစ်ခြံပိုးသတ်ဆေးဖျန်းတဲ့ စက်ယာဉ်တွေနဲ့
ကော်ဖီခင်း၊ ရော်ဘာခြံ၊ စပျစ်ကွင်း အလယ်ခေါင်က ဘိန်းစိုက်ခင်းတွေကို ဆေးဖြန်း ရေပေး
မူးယစ်ဆေးမှောင်ခိုကမ္ဘာကနေ ဘဏ်အကောက်ထဲ လှမ်းဝင်လာတဲ့ ဘိန်းရောင်းရငွေ ၂ပုံ၁ပုံနဲ့
မြို့လေးကို ငွေလျှံ လက်ဖွာတဲ့ လူငယ်တက်ကြွလေးလို ပုံမှန်လည်ပတ်
"ဘိန်းပန်းမှန်သမျှ စိမ်းလန်းနေရမယ်" ဆိုတဲ့ စကားပုံကို သူတို့ ယုံကြည်ကြတယ်
"ဘိန်းဘုရင်တပ်သား ဘိန်းမထိုးရ၊ ဘိန်းမရောင်းရ။" ဆိုတဲ့ ဥပဒေသ လိုက်နာကြတယ်

ဒီမိုကရေစီကျောက်တိုင်ကြီးလို့ အများကသိကြတဲ့ လွင်ပြင်မြို့တော်မှာ
ဗဟိုအစိုးရက တည်ဖွဲ့ထားထဲ့
တပ်မတော်ကြီးဟာ အင်အားတောင့်တင်း စည်းကမ်းသပ်ရပ် စစ်ရေးကြွယ်ဝဟန်နဲ့
လေ့လာသူတွေတောင် အကုသိုလ် လျှော်ဖွတ်သံတွေကို ကျယ်လောင်ကြားရလိမ့်မယ်
မြို့တော်ရဲ့ မြို့နယ်တွေထဲက တက္ကသိုလ်ကျောင်းဆောင်တွေဟာ ခေတ်မှီ ခမ်းနား သစ်လွင်
အဲဒီထဲက တစ်နှစ်လျှင် ကျောင်းသား/သူ ၂၀၀၀ ခန့်က နိုင်ငံခြား တက္ကသိုလ်တွေဆီ ဆက်သွား
ခေတ်မှီ ကွဲခြား များပြားတဲ့ ဘာသာရပ်မျိုးစုံကို ငွေအားနဲ့သင်ယူ သာမန်ဘွဲ့ အထူးဘွဲ့ ပါရဂူဘွဲ့တွေယူ
(သမာအာဇီဝ ဆိုတဲ့ ဘာသာရပ်က(ရှိလျှက်နဲ့လုံးဝမသင်ယူကြဘူး)လွဲ) လို့ အားလုံးတတ်မြောက်ကျွမ်းကျင်
တိုင်းပြည်ပြန်လာရင် ပိုမို အဆင့်မြင်တဲ့ နည်းပညာ၊ ဗျူဟာ၊ စစ်လက်နက်တွေနဲ့ တပ်မတော်ကြီးကို ပြန်မွန်းမံ
တိုက်စရာ ဘာရန်သူမှမရှိတဲ့ တပ်မတော်ကြီးဟာ တခါတရံ တောင်ပေါ်မှာ ဘိန်းစစ်ပွဲကို အယောင်ပြ တိုက်ခိုက်နှိမ်နင်း
တိုက်စရာ ဘာရန်သူမှမရှိတဲ့ တပ်မတော်ကြီးဟာ တခါတရံ ပင်လယ်မှာ ဓါးပြတွေကို အယောင်ပြ တိုက်ခိုက်နှိမ်နင်း
ဓါးပြဂိုဏ်းကရတဲ့ အခွန် ၅၀%၊ ဘိန်းဘုရင်တပ်ကရတဲ့ အခွန် ၅၀%နဲ့ မြို့တော်ယန္တယားကြီးကို စစ်အင်ဂျင်တပ်လည်ပတ်
"အမိန့်ပုံစံကိုဖွဲ့စည်းဖို့ စိတ်ပုံမှန်ကိုဖျက်ဆီးရတယ်" ဆိုတဲ့ စကားပုံကို သူတို့ ယုံကြည်ကြတယ်
"အမိန့်မှန်သမျှ အထက်မဆန်ရ၊ စစ်သေနတ်မှန်သမျှ စစ်သားကိုမချိန်ရ" ဆိုတဲ့ ဥပဒေသ လိုက်နာကြတယ်

(သမာအာဇီဝ) မရှိတဲ့နိုင်ငံမှာ
လူတွေဟာ ကိုယ့်ကိုယ်ကိုယ် တူ လို့ မြင်ပြီး
ကိုယ်က သူများကို သံ လို့ မြင်နေကြတယ်

ကိုယ့်ရွှေကိုယ့်မျိုးတို့
ဒီကောင့်ကို ဘယ်လိုချသုံးလိုက်မယ် ဆိုတဲ့ အကြည့်ကြီးနဲ့ မပြုံးစမ်းပါနဲ့ဗျာ
တူ ဆိုတာ သံကို ရိုက်ထိတာ မှန်ပေမယ့်
တခါတခါ လက်ချောင်းတွေကို ရိုက်မိတတ်တယ် ဆိုတာရော တွေးမိဖူးရဲ့လား
(အထူးသဖြင့် ခင်ဗျား အခုလို Army Rum တွေ မူးနေချိန်မျိုးမှာပေါ့...ဟား ဟား ဟား)။    ။

သုအိုင်စံ
၁၀-၀၅-၂၀၁၃

1 comments:

Unknown said...

ခေတ်သစ်ပို့စ်မော်ဒန်အရေးအဖွဲ့တွေများလားထိချက်ကပြင်းလွန်းတယ်ဖတ်ရင်းဖတ်ရင်းကရေငတ်သူတစ်ယောက်လိုဆက်သောက်ချင်လာတယ်