Tuesday, April 30, 2013

အမှိုက်ဖြစ်ရင်လည်း စရိုက်အစစ်နဲ့ လိုက်လွင့်နေလိုက်မယ် အဓိပ္ပါယ်

အဖေက သူ့သားငယ်ကို စက်ဘီးစီး သင်ပေးသလိုမျိုး
ကျနော်က စွန်ငယ်ကို လေထဲပျံအောင် အသက်သွင်းတယ်။

ကျနော်က ရစ်ဘီးချည်ကို တစ်ပတ်ချင်း လျှော့ လျှော့ကာ
သူက ဦးမော့ထွက်ခွာ အမြင့်အာကာဆီပျံဝဲ
ကောင်းကင်ထဲဝယ် ကျနော့်ကောင် စွန်လေးငယ်ငယ်။

ဒီကောင်ဟာ ဘယ်ဝေ့ ညာဝိုက် စွန်စရိုက်နဲ့
ကောင်းကင်ကို ပြေး ပြေးတိုက် ထိုးဖောက်
ဇောက်ထိုး ခေါင်းစိုက်ဆင်း ရုပ်တရက် ထိုးသုတ်ရင်း
ချက်ချင်း ဦးထောင်ရုန်းထွက် ကောင်းကင်တည့်တည့်ဆီ
ကျနော် ပီတိဖြာ အော် အော်ပြီး ရီပါလေရော။

ကျနော် ပျော်ရွှင်စွာ တနေကုန် ဟားတိုက်ရီ သူ့ကို ဂုဏ်ယူ ဂုဏ်ပြု
သူဟာ ကျနော် တီထွင် ထုဆစ်လိုက်တဲ့ သူရဲကောင်းပန်းပုငှက်လေ
ဒီနေဆည်းဆာတက်ချိန်မှာပဲ
"သားရေ အိမ်ပြန်စို့၊ စွန်ကို ရုပ်လိုက်တော့" လို့ အဖေက လှမ်း ခေါ်တယ်။

ကျနော် ရစ်ဘီးကို တပတ်ချင်းတင်း အားစိုက် သိမ်းရုပ်ပေမဲ့
ဒီကောင် တောင့်ခံပြီး ကျနော့်ကို လေဟုန်စီး ကလန်နေလိုက်ပြီ
ကျနော့်ရင်ထဲ ခိုက်ကနဲ သိလိုက်ပြီ
နိုင်လွန်ချည်ကြိုးကို အားရးပါးရ ကျနော် ဓါးနဲ့ လှီးဖြတ်ပေးလိုက်တော့
ဒီကောင် မိုက်ကနဲ တိမ်တစ်ဆိုင်နဲ့ ဝင်တိုက်မိသွားသေးတယ် ဟား ဟား ဟား။

ဟုတ်လား....
စွန်ဆိုတာ ကောင်းကင်မှာပဲ ရှိသင့်တယ် မဟုတ်လား
ကျနော် ရစ်ဘီးလေးပဲကိုင်ပြီး ပေါ့ပေါ့ပါးပါး အိမ်ပြန်ခဲ့တော့တယ်။ 

ခင်ဗျားတို့ လူ့ဦးနှောက်ထဲက ဒဿနနယ်မှာ အကျဉ်းချထားတဲ့
အဓိပ္ပါယ်လေယာဉ်ပျံတွေ အားလုံးကို အခုချက်ချင်း လွှတ်လိုက်ပါ
(သို့မဟုတ်)....ဘာတစ်ခုမှ ဆက်လက် မတွေးခေါ်ပါနဲ့တော့။   ။

သုအိုင်စံ
၃၀-၀၄-၂၀၁၃

0 comments: