Tuesday, January 22, 2013

စိန့် ဂျင်မီ

အရင်ဘ၀က အသက်၀၀ မရှုခဲ့လို့များ
အခုဘ၀မှာ ငါတို့ အသက်ရှု ကျပ်နေရတာလား ဂျင်မီ။
စစ်ပွဲတွေကြား ၊ အကြောက်တရားတွေကြားမှာ အကြမ်းဖက်တရားတွေ နားထောင်ရင်း
ငါတို့ဟာ သားကောင် ဖြစ်နေရတယ်.
လက်ဖျံသွေးကြောထဲ ထိုးထည့်ထားတဲ့ အပ်တစ်ချောင်းရယ် ၊
နားထင်မှာ ထောက်ထားတဲ့ သေနတ်တစ်လက်ရယ် ၊
ဂျင်မီ မင်းဟာ မင်းရဲ့ ပျော်ရွှင်မှုတချို့ ကို အဆုံးစီရင်ပစ်တဲ့
ဆယ်ကျော်သက် လူသတ်သမား ဖြစ်တယ်။
ကဲ.........လာ ဂျင်မီ ငါတို့ နောက်ဖေးလမ်းကြားထဲ လမ်းလျှောက်ကြမယ်။
စီးကရက်တွေ ကို တစ်လိပ်ပြီး တစ်လိပ်သောက်ကြမယ်။
အဆုံးစီရင်ခြင်း ရဲ့ အရသာ ဟာ နတ်သမီးမျက်နှာ နဲ့ ဖြစ်တဲ့အကြောင်း ၊
အခုအချိန်မှာ မူးယစ်ဆေးဝါး အနည်းငယ် အလိုရှိနေတဲ့အကြောင်း ၊
အဂ္ဂါအယ်လင်ပိုး အကြောင်း ၊
မင်းရဲ့ အမေ ကျရှုံးသူကြီးအကြောင်း ၊
မေရီဂျိန်း အကြောင်း ။ ဒါတွေ ဟာ ပြောစရာမလိုတဲ့ အကြောင်းတရားတွေ ဖြစ်တယ်။
အိမ်ရှေ့ဧည့်ခန်းဆောင်ဟာ ငါတို့အတွက် အုတ်ဂူဖြစ်တယ် ဂျင်မီ။
မွန်းကျပ်လွန်းတဲ့ လေထုနဲ့ မှောင်မိုက်လွန်းတဲ့ မိန်းမကြီးတစ်ယောက် ထိုင်နေရဲ့။
သူမ ဟာ စီးကရက်တစ်လိပ်ဖွာရင်း သူမ ကိုယ် သူမ
ရှုံးနိမ့်သူတစ်ယောက်လားလို့ စိတ်ပျက်လက်ပျက် ပြန်မေးနေတယ် ။
ငါတို့ဟာ ဒေါသနဲ့အချစ်ရဲ့ ဓားစာခံတွေဖြစ်ကြတယ် ။
မေရီဂျိန်း ကို မေ့ပစ်လိုက် ဂျင်မီ။
သူမ ဟာ မင်းမဟုတ်တဲ့ အခြားတစ်ယောက်နဲ့ အိပ်ခဲ့တယ်။
သူမ ဟာ မင်းအတွက် အချစ်နတ်သမီး ဖြစ်ကောင်းဖြစ်လိမ့်မယ် ။ ဒါမှမဟုတ်
သူမ ဟာ မင်းအတွက် သွေးသားတောင်းဆိုမှုကြောင့် ဖြစ်လာတဲ့ ရမ္မဆန္ဒ။
ဒါမှမဟုတ် သူမဟာ မင်းအတွက်
လိင်ဆွဲဆောင်မှုရှိတဲ့ မိန်းမတစ်ယောက် ဖြစ်ကောင်းဖြစ်လိမ့်မယ်။
သူမ အတွက်တော့ မင်းဟာ သောက်ရေးမပါတဲ့ အတိတ်ပုံရိပ်တစ်ခုပဲ ဖြစ်လိမ့်မယ်။
မေရီဂျိန်း ကို မေ့ပစ်လိုက် ဂျင်မီ။
မင်း သူမ ကို ဘယ်တုန်းကမှ မချစ်ခဲ့ပါဘူး ။
မင်းတစ်ကိုယ်လုံး မှာ ထိုးထားတဲ့ တက်တူးတွေ ထဲ သူမ နာမည် မပါခဲ့ဘူး။
ကဲ...........လာ ငါတို့ နောက်ဖေး လမ်းကြားထဲ လမ်းလျှောက်ကြမယ်။
အဲဒီ လမ်းကြားထဲမှာ အစွန့်ပစ်ခံ ကလေးများ မျှော်လင့်ချက်တွေ
ညစ်ပတ်ပေရေလို့ ၊ ကြည့်စမ်း ဂျင်မီ ကြည့်လိုက်စမ်းပါ ။
သူတို့ မျက်လုံးထဲမှာ မင်းကိုယ်မင်း ပြန်တွေ့ နိုင်ပါ့မလား။
ငါတို့ ကမ္ဘာကြီး ဟာ ရီဆိုဒ်ကယ်လ် လုပ်ထားတဲ့ နှလုံးသားတွေ နဲ့ လည်ပတ်လို့
ငါတို့ ဟာ ကမ္ဘာကြီး ရဲ့ အစွန့်ပစ်ခံပစ္စည်းတွေ ဖြစ်တယ်။
ငါတို့ ဟာ မူရင်း အသံထွက်အတိုင်းမရှိတော့ဘူး ဂျင်မီ။
ဘုရားသခင် ဟာ ငါတို့အတွက် ကံကြမ္မာဆိုးတွေကိုသာ လက်သိပ်ထိုးပေးခဲ့တယ်။
စာလုံးပေါင်းသတ်ပုံ မမှန်တဲ့ အနက်ရောင်သမ္မာကျမ်းစာတစ်စောင်ထဲက

လူရွှင်တော်တွေ ခုန်ပေါက်ပြေးထွက်လာခဲ့တယ် ။
အားလုံးဟာ စောက်ရေးမပါတဲ့ လိမ်ညာမှုတွေ ပဲ ဂျင်မီ ။ ငါတို့ နာကျည်းရမှာလား ။
ဟောဒီ သန့်စင်ခန်းဟာ ငါတို့အတွက် ဘုံဗိမာန်ပဲ ဂျင်မီ ။
ငါတို့ရဲ့ ပေါက်ကွဲမှုတွေ ၊ မကျေနပ်မှုတွေ ၊ နာကျည်းမှုတွေ ကို လည်စင်းခံလို့
ဘလိတ်ဓားတစ်ချောင်းရဲ့ သွေးဆာမှုမှာ မင်း ဟာ မူးယစ်နေတုန်းလား။
သန့်စင်ခန်းနံရံပေါ်က စိန့်ဂျင်မီ ဆိုတဲ့ မင်းနာမည် ကို တိတ်တဆိတ်
ရေရွတ်နေတုန်းလား။
ဂျင်မီ မင်း အခုအချိန်ထိ နံရံပေါ်က မင်းရဲ့သွေးစက်တွေ ကို
တရှိုက်မက်မက် ငေးမောမှေးစက်နေတုန်းလား။
ငါတို့ဟာ ပွဲလမ်းသဘင်သုံး ယဉ်ကျေးမှုတွေနဲ့ အံဝင်ခွင်ကျမရှိလှဘူး
အပေါ်ယံကြော ဂုဏ်သိက္ခာတွေ နဲ့ လူကြီးလူကောင်းတွေ ရဲ့ ပတ်ဝန်းကျင်မှာ
ငါတို့ ခြေချစရာ နေရာဟာ မြေမြှုပ်ဗုံးတွေပဲလား ဂျင်မီ။
ဒုစရိုက်မှုတွေ ထူပြောပေါများတဲ့ နောက်ဖေးလမ်းကြားထဲက ငါတို့ ထွက်ကြစို့။
ပျောက်ဆုံးနေတဲ့ လမ်းမကြီးရဲ့ အဆုံးမှာ ဘာကိုမှ ညွှန်ပြမထားတဲ့
ဆိုင်းဘုတ်တွေ ။ အားလုံး ဟာ စောက်ရေးမပါတဲ့ လိမ်ညာမှုတွေ ပဲ ဂျင်မီ။
ပန့်ခ်လူငယ်တစ်ယောက် ရဲ့ ထသွားထလာဝိညာဉ်ဟာ စိတ္တဇ ဒဏ်ရာဒဏ်ချက်တွေ နဲ့
ချုပ်လုပ်ထားကြောင်း ဘယ်သူတွေကများ စောက်ဂရုစိုက်ခဲ့လို့လဲ ဂျင်မီ။
သူတို့မှ စောက်ဂရုမစိုက်တဲ့နောက် ငါတို့လဲ ဘာကို စောက်ဂရုစိုက်နေရဦးမှာလဲ။
အိမ်ထောင်ပြိုကွဲမှုရဲ့ နောက်ကွယ်မှာ အဆိပ်သင့်နေတဲ့ လူငယ်တွေ ရှိတယ် ဂျင်မီ။
ဒါဟာ အရာအားလုံးကို စွန့်လွှတ်ဖို့ လုံလောက်တဲ့ အကြောင်းပြချက်ပဲ။
ငါတို့ဟာ စောက်ရေးမပါတဲ့ ဟန်ဆောင်မှုမုန်တိုင်းတွေနဲ့ ကမ္ဘာကြီး ကိုထားခဲ့ကြမယ်
ငါတို့ စောက်ရေးမပါတဲ့ အိမ်ထောင်ထိန်းသိမ်းမှုတွေ ကိုလဲ ထားခဲ့ကြမယ်
ငါတို့ စောက်ကြီးစောက်ကျယ်နိုင်လွန်းတဲ့ ဟောဒီ မြို့ပျက်ကြီးကိုလဲ ထားခဲ့ကြမယ်
ဒါဟာ အိမ်ထောင်ပြိုကွဲခြင်းတွေရဲ့ နောက်ထပ် ပုံပြင်တစ်ပုဒ်ပဲ ဂျင်မီ။
စီးကရက်တိုတွေ ၊ အယ်လ်ကိုဟော ပုလင်းလွတ်တွေ ၊ ရန်ပွဲတွေ ၊
အရှက်ရစရာတွေ ၊ နာကျင်စရာတွေ၊ ရမ္မက်ဆန္ဒတွေ ၊ မုန်းတီးမှုတွေ ။
ဂျင်မီရေ...ငါတို့ရဲ့ ဦးနှောက်အစုတ်ကြီးတွေ ကို ဘယ်ပင်လယ်ကွေ့ မှာ
ဆေးကြောခွင့်ရဦးမလဲ။
ကဲ....လာ ငါတို့ ငရဲ ကို လမ်းလျှောက်သွားကြမယ် ဂျင်မီ။
ငါတို့ မရှိတဲ့အခါ လောကကြီးဟာ ပျော်ရွှင်စရာတွေနဲ့ ပြည့်နှက်နေမလား။
ဒါမှမဟုတ် ၀မ်းနည်းပူဆွေးမှုတွေနဲ့ ပြည့်နှက်နေမလား။
မေရီဂျိန်းအတွက် စာတစ်စောင် ရေးပေးခဲ့ပါ ၊ အဲဒီစာကို သူမ မဖတ်ပါစေနဲ့။
စီးကရက်တွေ တစ်လိပ်ပြီး တစ်လိပ်သောက်ကြမယ်။
အယ်လ်ကိုဟောတွေ တစ်ပုလင်းပြီး တစ်ပုလင်း သောက်ကြမယ်။
မိမိကိုယ်မိမိ အဆုံးစီရင်ခြင်းရဲ့ အရသာဟာ နတ်သမီးမျက်နှာနဲ့ဖြစ်ကြောင်း။
နားထင်မှာ ထောက်ထားတဲ့ သေနတ်တစ်လက်ဟာ မေရီဂျိန်းဖြစ်ကြောင်း။
အိမ်ကထွက်လာပြီးတဲ့နောက်မှာ အိမ်ကို ပြန်ရဦးမယ် ဂျင်မီ။
တဟားဟား နာကျည်းအော်ဟစ်ပြီးတဲ့နောက်မှာ
သေနတ်မောင်းခလုတ် ကို ဖြုတ်လိုက်တော့ ဂျင်မီ။
ငါတို့ဟာ လောကကြီးအတွက် စောက်ရေးမှမပါခဲ့ပဲ။ ။


________________________________________________________

လင်းပွင့်လက်များ

စိန့်ဂျင်မီ(St.Jimmy) - အဲရာဝေ

0 comments: