Tuesday, January 15, 2013

ကားများ


ငါတို့ဟာ
ရေ မြေ လေ မီး၊ ကားဘီး ၄ ဘီးပေါ်မှာ ရပ် တည် ပြီး
သစ္စာလေးပါးဆိုတဲ့ အရပ် လေးမျက်နှာတွေဆီကို
အမှားနဲ့အမှန်ပြောင်းပြန်ပြေးလွှားနေတဲ့ မှန်ကန်ခြင်း သံသရာ လမ်းမကြီးပေါ်
လီဗာနင်းလိုက် ဂီယာသွင်းလိုက် ပျော်/ပျော်/ မပျော်/ပျော်
ဂိတ်တွေလည်း ပျောက်ခဲ့သလို ဘရိတ်တွေလည်း ပေါက်ခဲ့တာပဲ
လူအုပ်ကြီးက လူစည်းကမ်းလိုက်နာသလို ကားတန်းကြီးက လမ်းစည်းကမ်းမဖောက်ရဘူး
တစ်ယောက်ကဖြစ်ဖြစ်/ နှစ်ယောက်လုံးပဲဖြစ်ဖြစ်/တအုပ်လုံးကဖြစ်ဖြစ်
လမ်းစည်းကမ်းဖေါက်လို့ဖြစ်တဲ့ ရပ်ကွက်ထဲကရိုက်ပွဲတွေ
လမ်းစည်းကမ်းဖေါက်လို့ဖြစ်တဲ့ ပြည်တွင်းစစ်တွေ
လမ်းစည်းကမ်းဖေါက်လို့ဖြစ်တဲ့ ကျူးကျော်စစ်တွေ
လမ်းစည်းကမ်းဖေါက်လို့ဖြစ်တဲ့ ကမ္ဘာစစ်တွေ
နောက်တော့လည်း ကားသချိုင်းထဲက စွန့်ပစ်ကားတာယာပုံကြီးလိုပါပဲ
အသုံးမဝင်တော့ပေမဲ့ ဖျောက်ပစ်ဖို့ သိပ်ခက်နေတဲ့သမိုင်းဆိုးတွေပေါ့
ငါတို့ ဘယ်လောက်ပဲ ပင်ပင်ပန်းပန်းနဲ့မောင်းလာမောင်းလာ
နေဆည်းဆာ ထန်းရိပ်အောက်မှာ ဂိတ်ထိုးမော့ချင်တဲ့ တူညီတဲ့အပြုံးတွေရှိကြတာပဲ
(ငြိမ်းချမ်းရေးစကားဆိုတာ အရက်သောက်ပြီးဆွေးနွေးလို့ရနိုင်တယ်)
တွဲလုံးမတီးတတ် လိုက်ပွဲမမှာတတ်ရင်တောင်မှ လူဟာကိုယ့်အတ္တတော့ ကိုယ်တင်ဆောင် သယ်နေရတာပဲ
ကိုယ့်ကိုယ်ကိုယ် လမ်းဘေးဆွဲရပ်ပစ်ထားလို့ မရတဲ့ ဒီဟိုင်းဝေးလမ်းမကြီးပေါ်
လူဟာ ရှေ့တည့်တည့်ကဝင်လာတဲ့ ကားကို လက်ရပ်ပြ နှုတ်ဆက်ပြတတ်လာတယ်
ယှဉ်ရပ်ထားတဲ့ ကားအချင်းချင်း သတင်းနှီးနှော စကားပြော မျှဝေတတ်လာတယ်
ဘုန်းကြီးကို ကန်တော့ရမှန်းသိလာသလို ဖာတွေကို ဈေးဆစ်ရမှန်းလည်း သိလာတယ်
တစ်ယောက်ဘီးပေါက်တဲ့အခါ တစ်ယောက်ကထိုင်စောင့်တတ်လာတယ် ကင်းစောင့်တတ်လာတယ်
ဖာတွေသယ်လာခဲ့တဲ့ တစ်ယောက်ကို ဘိန်းတွေသယ်လာခဲ့တဲ့တစ်ယောက်က နားလည်တတ်လာတယ်
ဟိုင်းဝေးလမ်းမကြီးက ရှည်ပြီးဝိုင်းနေတော့ ဖွင့်ပြီးသား ဟဲဗီးရောခ့် သီချင်းတွေ အခါခါ ပြန်ပြန်ကြားနေတယ်
1961 Hotel Californiaနဲ့ ဂစ်တာတီးကျင့်တဲ့ကောင်ကျင့်၊ Marylyn Monroeပုံနဲ့အကြောလျှော့တဲ့ကောင်လျှော့
Marylyn Mansonသီချင်းနဲ့သတ်သေတဲ့ကောင်ကသေ၊ နာရီဟာ တာယာတွေပွိုင်ြ့ပုန်းရင်း ပါးချပ်လာနေတယ်
တစ်ယောက်ဂိတ်ထိုးသွားတဲ့သုသာန်ဟာ တစ်ယောက်စထွက်လာတဲ့ သားဖွားဆောင်ဖြစ်နေတယ်
လူအရိုးကို ခေါင်အုံးလုပ်အိပ်ခဲ့ရတဲ့ညက လူရဲ့အိပ်မက်ဆိုးမှာ လူယဉ်ကျးမှုကြီးကားတိုက်သေသွားတာ သွေးသံရဲရဲ
တခါတခါ ကားတိုက်မှုဖြစ်ရင် တစ်ယောက်ရဲ့ သွေးရဲဦးခေါင်းကို တစ်ယောက်ရဲ့ရင်တွင်းအရိုးအုံထဲ ထဲ့သယ်လာခဲ့ကြတယ်
လမ်းဆိုတဲ့ ဦးနှောက်မရှိတဲ့ကောင်က သွားချင်ရာကိုသွားနေတယ် (ဦးနှောက်များလွန်းလို့လည်း ဖြစ်နိုင်ပါတယ်)
ငါတို့မှာကလည်း ကားဘီး လမ်းမ ခရီး နေ့သစ် ကိုယ့်ပြီးခဲ့ခြင်းတွေပဲ ကိုယ်စားမြုံ့ပြန်ပြန်တတ်တဲ့ဦးနှောက်နဲ့နှလုံးသား
အပြင်လောကကို ခုန်ထွက်သွားလို့ မရတဲ့ဘဝမှာ များစာများစားစား မရှိဘူး နောက်ဆုတ်ဂီယာနဲ့ ရှေ့တိုးတဲ့ဂီယာ နှစ်ခုပဲ
လူ့ အတွေးအခေါ်ကို ခဏခဏ ဘရိတ်တုံး ဖြုတ်လဲခဲ့ရတယ် လူ့ဖြစ်တည်ခြင်းကို ခဏခဏ အင်ဂျင်ဝိုင်လဲ ခဲ့ရတယ်

အဲဒီလို တစ်ဘဝလုံးမောင်းလာတာ၊ ဘဝမှာ၊ လမ်းမှာ၊
wrong way, go back ဆိုင်းဘုတ်တွေပဲ များများမြင် လာခဲ့တာပဲ
ငါတို့ ရှာနေတဲ့ကဗျာဟာလည်း
ဂငယ်ကွေ့မှာရေးထားတဲ့ အသေချာဆုံး ဗလာပါပဲလား
လူသားသည်
လူစည်းကမ်းနဲ့ လမ်းစည်းကမ်းအတိုင်း မောင်းရမှာဖြစ်သော်လည်း
(တခါတရံ)
ပြောင်းပြန် မောင်းရန် ဥပဒေသ တစ်ခုမက လူကိုယ်တိုင်က (မှားတတ်ခြင်းမူအရ) လမ်းပေါ်မှာ ခွင့်ပြုထားပေးခဲ့တယ်
တခါတခါ လူတိုင်းဟာ လမ်းပြောင်းပြန်ကြီးကို မတော်တဆဖြစ်ဖြစ်၊ တမင်ဖြစ်ဖြစ်၊ ခဏတော့ မောင်းခဲ့ဖုးကြမှာပဲ
ကားတိုင်းဟာလည်း မော်ဒယ်ဂဲလ်တွေ ဝိုင်းဝိုင်းလည်နေတဲ့ မော်ဒယ်သစ်ကားတစ်စီး အသေအချာ ဖြစ်ဖူးခဲ့ကြတယ်
အခုတော့လည်း တဖြည်းဖြည်း ဂွင်းသိပ်မတိုက်တော့တဲ့ အဖိုးအိုလို ချဉ်ဆီခမ်းလာတဲ့တဲ့ကားဟာနဲ့ အဆုံးမဲ့လမ်းမကြီးပေါ်
ရပ်နေသလိုလိုလား ရွေ့နေသလိုလိုလား နေညိုသွား မိုးသောက်သွား
ကားလမ်းရဲ့ဘေး ဘယ်/ညာမှာ သိပ်နက်တဲ့ ချောက်ကမ်းပါး
သံသရာနံရံက ပဲ့တင်လာသော တခါကပျိုးထားခဲ့တဲ့ တရားသံ ကြားနေရသလိုလို၊ချောက်ထဲက ဟားတိုက်ရယ်သံလိုလို
တကယ်တော့...ဒီလမ်းပေါ်ကို ဘီးမတင်ခင်မှာပဲ ငါတို့ အားလုံးရဲ့ ဥဒဟိုလိုင်စင်ကို ဘုရားသခင်က ဆွဲဖျက်ဆီးထားခဲ့တာ
ဝေးဝေးမှာ ဝေဝေဝါးဝါး တဖြည်းဖြည်း ပျောက်ကွယ်သွားတဲ့ ကားတစ်စီးအောက်က မှန်ဝါးဝါး လမ်းလေး ဟိုကိုပြေးနေတယ် ဒီနေရာဆီ။   ။

သုအိုင်စံ
၁၅-၀၁-၁၃

0 comments: