Thursday, December 6, 2012

ကျောင်းသားသူပုန်တို့ရဲ့ ခရီးရှည်အမှတ်တရ - အပိုင်း (၁၆)

ကြွေးကြော်သံများနဲ့ စုံစုံညီ

နောက်ပိုင်း အမျိုးသားညွန့်ပေါင်းအစိုးရခေါ် အဝေးရောက်အစိုးရကို ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရ ထားကြတဲ့ လွှတ်တော်အမတ်အများစုနဲ့ဖွဲ့စည်းအပြီး မာနယ်ပလောဟာ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းတွေ၊ ကျောင်းသားတွေအပါအ၀င် ဒီမိုကရေစီရေးတိုက်ပွဲဝင်နေကြတဲ့ အဖွဲ့အစည်းတွေအများစု ရဲ့ စုစည်းရာ တော်လှန်ရေးဌာနချုပ်ဖြစ်လာတယ်။ KNU အခမ်းအနားတစ်ခုမှာပေါ့။ ကျနော်တို့နဲ့အတူ၊ ကရင်ရွာတွေက ရွာသားတွေပါတဲ့၊ လူရာနဲ့ချီတဲ့စစ်ကြောင်းတွေ စစ်ရေးပြကွင်းကို ကြွေးကြော်သံတွေနဲ့ အတူ လှည့်ကြတယ်။ ကျနော်တို့က စာရွက်တွေနဲ့ ဘာတွေကိုအော်ရမယ်ဆိုတာကို ကိုယ့်အဖွဲ့တွင်း လိုက် ဝေထားကြတယ်။ “စစ်အာဏာရှင်စနစ်…. ဖြုတ်ချပစ်၊ ဖြုတ်ချပစ်” “ဥက္ကဌကြီး ဗိုလ်ချုပ်ကြီးမြ…. သက် ကျော်ရာကျော်ရှည်ပါစေ” “ဒီမိုကရေစီတော်လှန်ရေး… အောင်ရမည်” “အရေးတော်ပုံ… အောင်ရမည်” ပေါ့။ ဘယ်ရမလဲ… ရှစ်လေးလုံးအရေးတော်ပုံကတည်းက ကျောင်းသားတွေက လမ်းပေါ်မှာအော်ခဲ့တာဘဲ။ ကွင်း ထဲမှာ ကျနော်တို့အသံတွေဟိန်းနေတာပေါ့။ ရွာသားတွေက ပထမတော့ကွက်ကြည့်ကြည့်နဲ့၊ နောက်တော့ သူတို့ကျနော်တို့စစ်ကြောင်းကို တဖြည်းဖြည်းအင်အားဖြည့်ဝင်လာကြတယ်။

သူတို့ကျနော်တို့နဲ့လိုက်အော်ရတာကို ပျော်နေကြတာပေါ့။ သူတို့ကိုလည်း စာရွက်လေးတွေဝေပေးလိုက် တယ်။ အဲဒီနောက် ရှေ့ကအော်တဲ့အကိုကြီးက ပုံမှန်အတိုင်း “ဥက္ကဌကြီး ဗိုလ်ချုပ်ကြီးမြ” လို့တိုင်ပေးလိုက် တော့၊ ကရင်ရွာသားတွေဆီက “ဖြုတ်ချပစ်၊ ဖြုတ်ချပစ်” ဆိုတဲ့အသံကြီးက ချွန်ထွက်လာတယ်။ ရှေ့က အကိုကြီးမျက်လုံးပြူးပြီး “ဟေ့လူတွေ ခင်ဗျားတို့ စာဖတ်ပြီးအော်လေ ပြဿနာတက်တော့မှာဘဲ” တဲ့။ ရွာသားတွေက “မသိဘူးလေ၊ ခုန နင်တို့အော်သလိုအော်လို့ရမယ်မှတ်လို့” တဲ့။ ကွင်းဟိုဘက်လောက်မှာ လူကြီးတွေမကြားရတဲ့နေရာမှာ မို့လို့ပေါ့။ နို့မို့ မနည်းရှင်းရမယ်။


ရဲဘော်တို့နဲ့တူပျော်ပျော်

ဗဟိုမှာရှိနေတဲ့အချိန်မှာ ကျနော့ကို သူ့ညီအရင်းလိုအရမ်းခင်တဲ့ ကိုတိုက်ဂါးဆိုတာ လာလာလည်လေ့ ရှိတယ်။ သူက သူ့ဆီမှာစားစရာရှိတိုင်း ကျနော့ကိုမျှကြွေးတယ်။ သူက မြန်မာ့လက်ဝှေ့ထိုးတာလည်း ၀ါသနာပါတယ်။ မာနယ်ပလောမှာ ပွဲတွေလမ်းတွေရှိတဲ့အချိန် လက်ဝှေ့ပွဲတွေရှိပြီဆိုရင် သူက လက်ဝှေ့ သွားထိုးပြီး ကျနော့ကိုလ္ဘက်သုတ်လိုက်ဝယ်ကြွေးတယ်။ လ္ဘက်ရည်လည်းတိုက်တယ်။ အဲ… တစ်ခုဘဲ.. သူလက်ဝှေ့ထိုးပြီးကျနော့ဆီဝင်လည်တော့ “ဟေ့… တို့တွေ မာနယ်ပုလောမှာ လ္ဘက်ရည်သွားသောက်ကြရ အောင်၊ ငါလက်ဝှေ့ထိုးလာတော့ ပိုက်ဆံနဲနဲရလာတယ်ကွ” လို့ခေါ်တယ်။ ကျနော်သူ့မျက်နှာကို ကြည့် လိုက်တော့ အထိုးခံထားရတာအဖုအပိန့်တွေနဲ့။ မျက်လုံးတစ်လုံးကလည်းပိတ်တော့မယ်။ ဟာဗျာ… ခင်ဗျားပုံကိုကြည့်တာနဲ့တင် ခင်ဗျားကြွေးတာမစားရက်တော့ဘူးလို့ပြန်ပြောဖြစ်တော့ သူက “ညီလေး ကလည်းကွာ အဲဒါတွေခနနေပျောက်သွားမှာပါတဲ့”။ တကယ်တော့ ကိုယ့်အပေါ်မှာ အဲဒီလောက်ကောင်း တဲ့ ရဲဘော်ညီအကိုမောင်နှမတွေ အများကြီးတွေ့ခဲ့တာ ကျနော့အတွက် အမြတ်ပါဘဲ။

ရယ်စရာပြောတတ်တဲ့ရဲဘော်တွေထဲမှာ မုဒုံဘက်က ကိုစိုးလွင်တစ်ယောက်ရှိတယ်။ သူ့ကို ကြီးမိုက်လို့ ၀ိုင်းခေါ်ကြတယ်။ ကြီးလေ မိုက်လာလေဆိုတဲ့သဘောပေါ့။ သူကလည်း ကျေကျေနပ်နပ်ခံယူပါတယ်။ သူငယ်ချင်းရဲဘော်တွေနာမည်ပြောင်ပေးတဲ့အခါ ကျေကျေနပ်နပ်မဖြစ်တာက ကျနော်တို့မြို့မှာမွေးပြီး ရန်ကုန်မှာကြီးတဲ့ကိုသက်။ ကိုသက်က ကြိုးတွေ၊ အပ်တွေ စုဆောင်းထားလေ့ရှိတယ်။ ကျနော်တို့ စစ်အင်္ကျီ ဘက်တံဆိပ်တွေကို အပ်ပျောက် တကယ့်ကိုသေသေသပ်သပ်ချုပ်ပေးနိုင်တဲ့ သူလည်းဖြစ်တယ်။ ကျောပိုးအိပ်၊ ဖိနပ်ကအစ သူ့ရဲ့ဣစ္ဆာသရအိပ်ထဲက အပ်တွေကြိုးတွေနဲ့ချုပ်ပေးလေ့ရှိတယ်။ အဲဒီတော့ ရဲဘော်တွေက ထီးချုပ်တယ်၊ ဖိနပ်ချုပ်တယ်ဆိုပြီးသူ့ကို နာမည်လှလှလေးဝိုင်းပေးလိုက်တယ်။ ကုလား ကြီး။ သူ့ကို ကုလားကြီးလို့ခေါ်ရင် သူပြန်ပြောလေ့ရှိတာက “ရီး..ကုလားကြီးပါ့လား” တဲ့။

ကိုစိုးလွင်ပြောပြောနေတဲ့ ရီစရာထဲမှာက အမှတ်တရ တစ်ခုရှိတယ်။ မွန်အဖိုးကြီးနဲ့ မွန်မလေးတစ်ယောက် စက်ဘီးချင်းတိုက်မိကြတယ်တဲ့။ ဂျိန်းကနဲ တိုက်အပြီး ကောင်မလေးက “ဘကြီးလုပ်၊ တစ်ချက်မဟုတ်၊ ကျမ စပုတ်… ပြတ်” လို့ မကျေမနပ်ပြောတယ်။ ဘကြီးလုပ်တာနဲ့ ကျမစက်ဘီးက စပုတ်တိုင်တွေပြတ် ကုန်ပြီလို့ပြောတာလေ။ အဘိုးကြီးက ကုန်းထလာပြီး ဒေါသတကြီးပြန်ပြောလိုက်တာက “နင့်စပုတ်ပြတ်၊ အကြောင့်.. မဟုတ်…၊ ငါ့ဂွေး…လိမ်” တဲ့။ နင့်စပုတ်တိုင်ပြတ်တာကိစ္စမရှိဘူး ငါ့စက်ဘီးဂွေလိမ်သွားပြီလို့ ပြောတာ။ မွန်သံနဲ့ထွက်ပြောကြည့်ရင် အရမ်းရီရတယ်။

ကျနော်တို့တပ်ရင်းက ရဲဘော်အများစုက KNU ရဲ့ နာမည်ကြီး ၀မ်ခခံစစ်အတွေ့အကြုံရှိကြတယ်။ ရန်သူပစ် လိုက်တဲ့ လက်နက်ကြီးကျည်ဆံတစ်လုံးက ဆန်အိတ် ၁၂ အိတ်ဖိုးလောက်ရှိတာဆိုတော့ ဂျိန်းဆိုပြီးဟို ဘက်က အသံထွက်လာတိုင်း ခံစစ်ထဲကလူတွေ သွားပြန်ပြီ ဆန်အိတ် ၁၂ အိတ် လို့ပြောလေ့ရှိကြတယ် တဲ့။ ဒီပြည်တွင်းစစ်က ကျနော်တို့အားလုံးကိုဆင်းရဲသားတွေဖြစ်ပြီး ကမ္ဘာ့အလယ်မှာမျက်နှာငယ်ငယ် နေရအောင် လုပ်ထားတာပါလားလို့လည်း စဉ်းစားမိသေးတယ်။ သူတို့က လက်နက်ကြီးသံကိုနားထောင်ပြီး အဲဒီလက်နက်ကြီးသံက ကိုယ့်အနားကိုကျလာမယ့် လက်နက်ကြီးလား အဝေးကိုကျော်ပြီးသွားကွဲမှာလား ဆိုတာကို သိကြတယ်။ ကိုယ်တိုင်လက်တွေ့ကြုံမှ သူတို့ပြောတာမှန်တယ်လို့လက်ခံရတယ်။ လေချွန်သလို ရွှီးဆိုတဲ့အသံရှည်က ခေါင်းပေါ်ရောက်တဲ့အထိ မပျောက်သေးရင် ၀ပ်ကျင်းပေါ်တက်ပြီး ထမင်းတောင် အေးအေးဆေးဆေး စားလို့ရသေးတယ်တဲ့။ အဲဒီရွှီးဆိုတဲ့အသံက အနားအရောက် ရှပ်ကနဲပျောက်လို့က တော့ နီးရာကျင်းထဲ ဒိုင်ဗင်ထိုးပေတော့တဲ့။ ဒီအတွေ့အကြုံကို စောထခံစစ်မှာလက်တွေ့စမ်းခွင့်ရတယ်။

သူတို့ဝမ်ခအတွေ့အကြုံမှာ တဘက်ရန်သူကထုလိုက်တဲ့ လက်နက်ကြီးကျည် (အသီး) တစ်ခုက ခေါင်း ပေါ်က၀ါးရုံမှာ ညပ်ပြီးတ၀ှီးဝှီးလည်နေတော့ ပုန်းတဲ့လူပုန်း၊ ၀ပ်တဲ့လူဝပ်နဲ့ နောက်တော့ အဲဒါကြီးက အရှိန် သေပြီး ဗုတ်ကနဲမြေကြီးပေါ်ပြုတ်ကျလာတယ်တဲ့။ မကွဲဘူး။ တချို့လက်နက်ကြီးကျည်တွေလဲ မကွဲဘဲ မြေကြီးထဲ၊ ရွှံ့ထဲမှာ ဖွတ်ကနဲလာစိုက်နေတာလည်းရှိတယ်။ အဲဒီတော့ ကျနော်တို့ရဲ့ ရဲဆေးဖြစ်တဲ့ “သေနတ် ဆိုတာပစ်တိုင်းထိတာမဟုတ်ဘူး” ဆိုတဲ့ အဆိုက မှန်တာပေါ့။ အဲဒါနဲ့တပြိုင်တည်း နောက်ထပ်အဆို တစ်ခုလည်းရှိသေးတယ်။ “ထိမယ့်ကောင်ဆိုရင်လဲ ကျည်ဆံမှာကိုယ်ပိုင်နံပါတ်နဲ့ကို လိုက်လာတာတဲ့” ဟင်… ကောင်းရော။ ဒါကြောင့် “ပူမနေစမ်းပါနဲ့ကွာ၊ ဘာမှမဖြစ်ရင်၊ ဘာမှမဖြစ်လို့ဘဲ” ဆိုတဲ့ စကားကြီး ထွက်လာတာဖြစ်မယ်။

လောကွားလူက ဗဟိုရုံးရဲ့ ညာဘက်ခပ်လှမ်းလှမ်းမှာ စစ်ရုံးရှိတယ်။ တစ်ရက်တော့ အဲဒီစစ်ရုံးဘက်က ဗဟို ရုံးရှေ့က လမ်းလေးအတိုင်း လူတွေတ၀ုန်းဝုန်းပြေးဆင်းလာတာတွေ့ရတယ်။ မှတ်မိသလောက် ဦးရီထွန်း၊ ကိုတိတ်ကြီး၊ စစ်ဦးစီးချုပ်ကိုကျော်ထင်ရယ်၊ နောက် ဗဟိုဆက်သွယ်ရေးတပ်ဖွဲ့ဝင်တစ်ချို့ရယ်။ ကြည့်ရတာ နောက်ကြည့်နောက်ကြည့်နဲ့ ပြေးဆင်းလာကြတော့ တစ်ခုခုတော့ နောက်ဖက်မှာ အန္တရာယ်ရှိတဲ့သဘော။ အောက်ကလူတွေကလည်း ထွက်ပြေးရမှာလိုလို။ ဘာလဲဟ။ ရန်သူရောက်လာတယ်လဲ သတင်းမကြားပါ ဘူးပေါ့။ နောက်မှ သူတို့ထဲကတစ်ယောက်ကပြောတယ်။ KNU KE (လက်နက်ထုတ်လုပ်ရေးတပ်) က ဒုံး ကျည်တစ်ခုကို မီးရှို့ပြီးစမ်းပစ်ကြည့်တာ ဒုံးကျည်ကတည့်တည့်မသွားပဲ ကွေ့ပြီးသူတို့နောက်ပြန်လိုက်လာ လို့တဲ့။ တော်သေးတာပေါ့ သူတို့ဒုန်းကျည်က ကွဲသံလဲမကြား ဘယ်ကျသွားမှန်းမသိလို့။ နဂိုကမှ ဗဟိုမှာ နေ့တိုင်းလိုလို ညာဦးထီး (ငါးပိ) နဲ့ချည့်လိုလိုစားကြရလို့ အဟာရကမပြည့်ရတဲ့အထဲ သူတို့နောက်လိုက် ပြေးတဲ့သူပြေးနေရသေးတယ်။ အဲဒီငါးပိတွေကြောင့်လားမသိဘူး၊ ကျနော်တို့လက်ချောင်းတွေ ခနခန၀ဲ ပေါက်ပြီး ကုတ်နေကြရတယ်။ ၀ဲကုတ်ရတာလဲ တစ်ခါတစ်လေ ဇိမ်ကျသား။

0 comments: