Friday, December 7, 2012

ကျောင်းသားသူပုန်တို့ရဲ့ ခရီးရှည်အမှတ်တရ - အပိုင်း (၁၈)

တောချောက်လေသလား

ကျနော်တို့ဆီမှာ ရန်သူဆီကတိုက်ပွဲတွေမှာ သိမ်းထားတဲ့ ဂျီသရီးသေနတ်တွေနဲ့ ကျည်ဆံတွေ အဆင်သင့် ရှိနေတယ်။ ဂျီသရီးကို ကျနော်တို့သိပ်မကြိုက်ဖူး။ သေနတ်က အရမ်းလေးလွန်းတာရယ်၊ တောတိုးတဲ့ အခါမှာ ဂျီသရီးသေနတ်ကရှည်လွန်းတော့ ဟိုချိတ်ဒီချိတ်နဲ့ လှုပ်ရှားရတာမသွက်လက်ဖူး။ နောက်တစ် ချက်ကတော့ သေနတ်ပြောင်းပူလာတဲ့အခါမှာ ကျည်ဆံဂျမ်းဖြစ်ပြီး ဆက်ပစ်လို့မရတာတွေလည်းရှိတယ်။ တခြားသေနတ်တွေမရှိတဲ့အခါတွေမှာတော့ လိုရင်လိုသလိုသုံးပါတယ်။ ဒါပေမယ့် ဂျီသရီးသေနတ်က တောတွင်းပြောက်ကြားစစ်ဆင်ရေးတွေအတွက် သိပ်တော့ အသုံးမ၀င်လှပါ။ ကျနော်တို့ စခန်းချထားတဲ့ ၀န်းကျင်က ရွာသားတွေက နောက်ပိုင်းကျနော်တို့နဲ့ခင်မင်ပြီး အ၀င်အထွက်တွေရှိလာတယ်။ အဲဒီအထဲမှာ ကိုဘရီဆိုတဲ့ ရွာသားတစ်ယောက်က လက်သိပ်ဖြောင့်တယ်။ သူက ကျနော်တို့ဆီမှာတစ်ခါတစ်လေ စိတ်ကူးပေါက်ရင် အဲဒီသိမ်းထားတဲ့ဂျီသရီးသေနတ်တွေထဲက တစ်လက်နဲ့ ကျည်ဆံလေးငါးတောင့်လောက် လာငှားပြီး တောကောင်ပစ် အမဲလိုက်လေ့ရှိတယ်။ သူထွက်တိုင်းလိုလို မျောက်တို့၊ ချေတို့ တစ်ခုမဟုတ် တစ်ခုဆွဲပြီး ပြန်လာတာပဲ။ ကျနော်က အမဲလိုက်တဲ့အလုပ်က တယ်ဟုတ်ပါလားဆိုပြီး အဲဒီဒေသမှာ အထိုင်တာဝန်ယူထားတဲ့ ကျနော်တို့မြစ်ဝကျွန်းပေါ်ဖက်က ကိုဂါဆိုတဲ့အကိုကြီးတစ်ယောက်နဲ့အတူ တော လိုက်ချင်စိတ် ပေါက်လာတယ်။ တစ်ညနေ ကျနော်လည်းကိုဂါနဲ့တောလိုက်မယ်ဆိုတော့ သူက ဟာ… ကောင်းတယ်၊ ကျနော်လည်းအဖော်ရတာပေါ့လို့ဆိုတော့ ကျနော်လည်းလိုက်သွားဖြစ်တယ်။ အဲဒီ ပဲခူးတိုင်း နယ်ဘက်လူတွေက နတ်တို့ ထူးခြားတဲ့ဓလေ့ထုံးစံတို့ကို အယုံအကြည်တော်တော်ကြီးကြတယ်။ အဲဒီ ဒေသခံတွေအပြောအရဆိုရင် တစ်ခါက ဓလေ့ထုံးစံကိုစော်စော်ကားကားသွားလုပ်တဲ့ ရန်သူစစ်ကြောင်း တစ်ခုလုံးတောင် အစရှာလို့မရအောင်ပျောက်သွားခဲ့ဖူးတယ်ဆိုဘဲ။


ကျနော်က အဲဒါတွေကိုနားလည်တာမဟုတ်ဘူး။ ဘာဘဲဖြစ်ဖြစ် ညပိုင်း ကိုဂါနောက်ကိုလိုက်ပြီး တော လိုက်ထွက်ချင်တာတစ်ခုဘဲ။ ညနေပိုင်း ကျနော်တို့စားသောက်ပြီး အေးအေးဆေးဆေးမှ သွားမယ်ဆိုလို့ ည ၇ နာရီလောက်မှ ကျနော်တို့နှစ်ယောက် အေက ၄၇ သေနတ် တစ်ယောက်တစ်လက်ဆွဲပြီး ထွက်လာခဲ့ ကြတယ်။ တောင်ခြေကိုရောက်တော့ ကျနော်တို့ခြေမျက်စေ့သာသာလောက်ရှိတဲ့ ချောင်းလေးတစ်ခုကို နှစ်ယောက်သားဖြတ်ပြီး တောင်ကြောပေါ်တက်ခဲ့ကြတယ်။ မှောင်ထဲမှာ လက်နှိပ်ဓာတ်မီးလေးတောင့်ထိုး တစ်လက်နဲ့ ကိုဂါက ရှေ့ကထိုးပြီးတောင်ပေါ်တက် တောတိုး ကျနော်ကနောက်ကလိုက်ခဲ့တယ်။ ကျနော်တို့ ညဖက် ပုဇင်းရင်ကွဲသံတွေ ဆူဆူညံညံကြားထဲမှာ တောကောင်တစ်ကောင်တစ်လေ တွေ့လိုငြားနဲ့ မျက်စေ့ ဖွင့်၊ နားစွင့်ပြီး သွားကြတယ်။ ကျနော်တို့တောကို တိတ်တိတ်ဆိတ်ဆိတ်တိုးနေကြတာ တစ်နာရီကျော်၊ နှစ် နာရီရှိသွားတဲ့တိုင်အောင် ဘာဆိုဘာမှမတွေ့ဘူး။ ညက မြူတွေနှင်းတွေကြားထဲမှာ အတော်လေးအေးနေ ပြီ။ အဲဒီတော့ ကိုဂါက ညီလေး… ခန နားကြမယ်ဆိုပြီး ကျနော်တို့နှစ်ယောက်သား အနားဝန်းကျင်က သစ် ရွက်ဝါးရွက်ခြောက်တွေကိုစုပြီး မီးပုံလေးဖိုကြတယ်။

ကျနော်တို့ပါလာတဲ့ဆေးပေါ့လိပ်လေးတွေထုတ်ပြီး မီးညှိသောက်ကြရင်း တောကောင်ရှာမတွေ့ဖြစ်နေ တော့ တခြားသူတွေလည်းတောလိုက်နေကြတာများတော့ တောကောင်တွေမရှိတော့တာဖြစ်မယ်ဆိုပြီး ကျနော်က “ကိုဂါရေ… တောကလည်း (လူတွေ)ခြောက်လွန်းလို့လားမသိဘူး။ ဘာဆိုဘာကောင်မှကို မတွေ့တော့ဘူး။ ပြေးကုန်ကြပြီထင်တယ်” လို့ပြောလိုက်တယ်။ နာရီဝက်လောက်နေတော့ ကျနော်တို့ ပြန်ထပြီး လမ်းပြန်လျှောက်ကြတယ်။ ကျနော်တို့တိုးရင်းတိုးရင်း ကြိမ်တောတွေထဲရောက်သွားပြီး ကျနော် တို့နှစ်ယောက် ညပ်နေကြတယ်။ ကြိမ်ဆူးတွေကို ပါလာတဲ့ဓားနဲ့ခုတ်ရှင်းပြီး တိုးသွားပေမယ့် ခရီးမတွင် တော့ဘူး။ ကိုဂါက ညီလေး… ပြန်ကြမယ်ဆိုတော့ ကျနော်တို့ဆက်မသွားတော့ဘဲ နောက်ပြန်လှည့်ခဲ့ကြ တယ်။ ကျနော်တို့လမ်းပျောက်နေပြီ။ ဘယ်ကိုပြန်ထွက်ရမယ်ဆိုတာတော့ မမှတ်မိလောက်အောင် တောက ရှုပ်ထွေးသွားတယ်။ ကျနော်တို့ နှစ်နာရီဝန်းကျင်လောက်လျှောက်ပြီးတော့မှ အဆင်းလမ်းကိုပြန်တွေ့တယ်။ တောင်ကြောပေါ်ကနေ ရွာသားတွေစခန်းချထားတဲ့ တဲတွေကိုပြန်တွေ့ရတော့ ကျနော်တို့ ပြန်ဆင်းလာကြ တယ်။ ကျနော်တို့နဲ့ မနီးမဝေးမှာ ‘ချေ’ဟောက်သံကြားတယ်။ ကျနော်က ‘ချေ’သံကြားတယ်.. သွားပစ်ကြ မလားဆိုတော့ ကိုဂါက ကျနော့ကိုခေါင်းခါပြတယ်။ သူ့ကိုပြန်ကြည့်တော့ သူကတစ်ခုခုစိုးရိမ်နေတဲ့ပုံနဲ့ပေါ့။

ချောင်းလေးကိုရောက်တော့ ကျနော်တို့ချောင်းကိုပြန်မဖြတ်ခင် ကိုဂါက “ညီလေး… တစ်ခုခု ထူးဆန်းနေ တာ သတိထားမိလား” လို့မေးတယ်။ ကျနော်ကခေါင်းခါပြတော့ သူက ဒီမှာကြည့်ဆိုပြီး သစ်ရွက်ခြောက် တစ်ရွက်ကို ချောင်းရေထဲကိုချလိုက်တယ်။ အဲဒီသစ်ရွက်က အထက်ကိုဆန်တက်သွားတယ်။ ကျနော် လည်း မျက်စေ့လည်သွားတယ်။ ဟုတ်တယ် အဲဒီချောင်းရေက ကျနော်တို့ဖြတ်ကူးလာတဲ့အချိန်က အနေ အထားနဲ့ပြောင်းပြန် ပြန်စီးနေတာ။ ကျနော်တို့ချောင်းရေကိုဖြတ်ကူးကြတော့ ရေက ပေါင်လည် လောက် အထိ နက်နေပြန်တယ်။ ကျနော်တို့ပြန်လာခဲ့တယ်။ ကိုယ်တွေနဲ့ခင်တဲ့ ရွာသားတစ်ယောက်ရဲ့ တဲကိုရောက် တော့ မနက် ၂ နာရီကျော်နေပြီ။ အပြင်မှာလည်းအရမ်းအေးနေတော့ ကျနော်တို့ သူ့တဲအောက်မှာ သစ်တုံးကြီးတွေကို ဆိုင်ပြီးဖိုထားတဲ့မီးပုံဘေးမှာ ခဏလောက်ဝင်ထိုင်ကြတယ်။ နိုးလာတဲ့ အသက် ၅၀ ၀န်းကျင်လင်မယားက ကျနော်တို့ကိုထပြီးနှုတ်ဆက်ပြီး ဘယ်ကပြန်လာလဲမေးတော့ ကျနော်တို့ တော လိုက်သွားပြီး အပြန်ဝင်တာလို့ ပြောဖြစ်တယ်။ ခနနေတော့ ဟာ… ဗိုလ်ကြီးတို့ တစ်ကိုယ်လုံးလဲ စိုရွှဲနေပြီ။ ဘယ်ချောင်းမှာ ချော်လဲလာကြသလဲဆိုတော့ ကျနော်က ဒီအနားကချောင်းဖြတ်ကူးလာတာလို့ပြောတော့ သူတို့တဟားဟားရယ်ကြတယ်။ ပြီးတော့ “ဗိုလ်ကြီးတို့က အတော်နောက်တာပဲ။ ဒီ ‘မဒမ’ ချောင်းက ခြေချင်းဝတ်လောက်ပဲ ရှိတာ” ဆိုတော့ ကျနော်နဲ့ကိုဂါ တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြတယ်။
နောက်တစ်နေ့ကျမှ ဒေသအတွေ့အကြုံရှိတဲ့ကိုဂါက ကျနော့ကိုပြန်ပြောပြတယ်။ ကျနော်တို့ တောင်ပေါ်မှာ မီးလှုံတော့ ကျနော်က တောခြောက်တယ်လို့ပြောခဲ့တဲ့စကားက မှားသွားတဲ့အတွက် တောခြောက်ခံရတာ တဲ့။ သူက ကျနော်မသိအောင် ဆိုင်ရာပိုင်ရာတွေကိုတောင်းပန်ပြီး လမ်းပြန်တွေ့ခဲ့တာဆိုဘဲ။ နောက်ပြီး သူက အဲဒီညကကြားရတဲ့ ချေဟောက်သံဆိုတာလဲ အသံက ပုံမှန်ထက်သြနေတော့ ကျားဖြစ်နှိုင်တယ်တဲ့။ ကျားက အသံတုလုပ်ပြီးမျှားခေါ်တတ်တယ်တဲ့။ အဲဒီအနားဝန်းကျင်မှာ လူတွေပြောနေကြတဲ့ ကိုးတောင် ကျော်ရှိတဲ့ နတ်ကျားဆိုတာ သွားလာနေတတ်တယ်။ အဲဒီနတ်ကျားကိုပဲပစ်မယ်ဆိုပြီး တခြားတောကောင် တွေတွေ့တာတောင် ရှောင်ပြီး ကျားနောက်လိုက်ရင် တွေ့ရပစ်ရတတ်တယ်တဲ့။ ဒါပေမယ့် ဘယ်သူကမှ အဲဒီကျားကို ထိအောင်ပစ်လို့မရဘူးလို့လည်း ကြားခဲ့တယ်။

0 comments: