Tuesday, December 25, 2012

စာသားတွေ ထပ်ပိုလာခဲ့တယ်...

၁၉၈၈
ကောင်လေး က ၁၆ နှစ်
ကောင်မလေးက ၁၆နှစ်
ပြည်တွင်းစစ်ကြောင့် ပွင့်တဲ့ လူငယ်သူပုန်
ဒေါနပေါ်မှာ ဒေါင်းအလံခြုံ ဖူး ငုံ ပွင့် ရှင်သန်တယ်။

ဒီအချစ်ဟာ
သံလွင်ဘာသာနဲ့ရေးတဲ့တော်လှန်ကဗျာ ဖြစ်တယ်
ဒီအချစ်ဟာ
သောင်ရင်းသံစဉ်နဲ့ ဖွဲ့တဲ့တော်လှန်သီချင်း ဖြစ်တယ်
ဒီအချစ်က တောရိုင်းသဇင်အုပ်တွေလို ဖွေးထွေးနုငယ်
ဒီပြည်တွင်းစစ်ကြီးက ရာဇဝင်ဆိုးခ ကြီးထွားခါးသီးရင့်ကျယ်...။

မြစ်ရေကျချိန်မှာတောင် ဒဏ်ရာတွေက ရေမတိမ်နိုင်သေးဘူး
ကမ်းပါးတွေ အရမ်းခြားလွန်းတာကို ပဲ တေးလုပ် လုပ် ဆိုနေခဲ့ရ
မြစ်ဆိုတာ စီးချင်တိုင်း လည်း စီးမရ
ပြည်တွင်းစစ်ထဲမှာပဲ အချစ်စစ်ကြောင်းက ဆက်သွယ်ရေး ပြတ်သွားတယ်။

ကိုယ့်ဘဝအီကွေးမင့်ကို ကိုယ့်ကိုယ်မှာပတ်
ကိုယ့်ယုံကြည်ချက်သေနတ်ကို ကိုယ်ထမ်း
ကိုယ့်တော်လှန်းလမ်းထက်မှာ ကိုယ်စီ ချီတက်သွားတယ်
ကောင်လေးက တနေရာ...
ကောင်မလေးက တပြည်ကွာ...။

ဒီချစ်ခြင်းဟာ ဘယ်ခေတ်အတွင်းမှာမှ မကျဆုံးခဲ့ဘူး
ဒီချစ်ခြင်းဟာ ရေရှည်တော်လှန်ရေးမှာ မူးနစ်ကူးခပ်
ဒီချစ်ခြင်းဟာ ရဲရဲရင့်ရင့်တောင့်ခံ ရေရှည်ပြာဖုံးမြဲ
ဒီနှလုံးသားအကွဲတွေကို ဘဝတွေထဲ တွဲလောင်းဆွဲလို့
သက်တမ်းတို့ ကြီးရင့်
အချစ်စစ်က ဘယ်အချိန်စစ်စစ် အချစ်စစ်စစ် ပဲဖြစ်တယ်...။

ဒီဇင်ဘာ ၂၃၊ အေဒီ ၂၀၁၂၊
ABSDF အလံတော်အောက်မှာ ပြန်ဖူးပွင့်တယ်
ဒီချစ်ခြင်းက တော်လှန်သက်က ၂၀ ကျော်
ဒီချစ်သူတို့က ဘဝသက်က လေးဆယ်ကျော်
(၄၀ ကျော်မှာ ဘဝစ... စကားပုံကို ပုံဖော်ထားလေသလား)
တော်လှန်ရေးတွေ တော်လှန်သွေးတွေ တော်လှန်တေးတွေ ဆိုမြဲဆက်ဆိုလို့
တစ်ခုပဲ...
(အိုအောင်မင်းအောင်)လို့ အသံထွက်တဲ့ စာသားတစ်တွဲ ထပ်ပိုလာခဲ့တယ်...။   ။

(ရဲဘော်ကြီး နေမျိုး နှင့် ရဲမေကြီး မင်းမင်းအောင်တို့ရဲ့လက်ထပ်ပွဲ အမှတ်တယ လက်ဆောင်)
သုအိုင်စံ
၂၃-၁၂-၂၀-၁၂

0 comments: