Sunday, December 2, 2012

ကျောင်းသားသူပုန်တို့ရဲ့ ခရီးရှည်အမှတ်တရ - အပိုင်း (၁၃)

ဗဟိုဌာနချုပ်

ရောက်ပြီးတာနဲ့ ဗဟိုဦးဆောင်ကော်မတီဝင် ဦးအောင်ထူးနဲ့တွေ့တယ်။ တပ်ဖွဲ့ဝင်လျှောက်လွှာ စာရွက်တွေ မှာ ကျနော်တို့ရဲ့အချက်အလက်တွေကိုဖြည့်ပြီး လျှောက်ထားကြတယ်။ ဖောင်တွေဖြည့်နေကြတုန်း ဗဟိုမှာ ရောက်နေနှင့်တဲ့ တပ်ရင်းတစ်ခုက ရဲဘော်တစ်ယောက်က “ဖောင်ဖြည့်တာများ။ လွယ်လွယ်လေးဗျာ။ ပညာအရည်အချင်း - အတော်တတ်လို့ရေးပေးလိုက်။ ခေသူမဟုတ်ဆိုရင်လည်းရတယ်” တဲ့။ ကျနော် ဒီလူ တွေကိုသဘောကျသွားတယ်။ နောက်ပိုင်းအဲဒီ ပညာအရည်အချင်း - အတော်တတ်တို့၊ ခေသူမဟုတ်တို့ဆို တာ ကျနော်တို့ရဲဘော်အချင်း ချင်း ရီစရာပြောနေကျထဲမှာ ပါလာတာတွေပေါ့။

ဌာနချုပ်ကဗဟိုကော်မတီဝင်တွေနဲ့ ဆရာဦးအောင်ထူးကဦးဆောင်ပြီး မိတ်ဆက်ပေးခဲ့တယ်။ နောက်ပြီး ကျနော်တို့အတွက် အခြေခံစစ်ပညာသင်တန်းကို အရင်ကဗမာ့တပ်မတော်ကနေ ရှစ်ဆယ့်ရှစ်အရေး တော်ပုံအပြီး ကျောင်းသားတွေနဲ့အတူတောခိုလာခဲ့ကြတဲ့ ဆရာကိုငြိမ်းနဲ့ကိုအောင်အောင်တို့နှစ်ယောက် ပေါင်းပြီးပေးကြတယ်။ ခဲလုံးသေးသေးလေးတွေပေါ်မှာ ခရာမှုတ်တိုင်း ဒိုက်ဗင်ထိုးရတာလေးငါးခါလောက် ရှိတော့ တံတောင်တွေဒူးတွေပေါက်ပြဲကုန်ပြီး နောက်ထပ်ခရာသံကြားရမှာကြောက်နေကြရသေးတယ်။ တစ်ချိန်ထဲမှာဘဲ နိုင်ငံရေးအတွေးအခေါ်နဲ့ တခြားအဌာရသ (၁၈) ရပ်ထဲက တပ်အပ်တဲ့ပညာတွေလည်း ပါတာပေါ့။ နေ့လည်ဘက်ထမင်းစားပြီးတဲ့အချိန် ပင်ပန်းလွန်းတော့ အိပ်ငိုက်ကြတယ်။ သင်တန်းဆရာတွေ ညိုငြင်မှာစိုးလို့ မနဲကိုမျက်လုံးကိုဖြဲထားကြရတယ်။ အဲဒီအခြေခံစစ်သင်တန်းက သုံးပတ်လောက်ကြာမယ် ထင်တယ်။ ကျနော်တို့တော်လှန်ရေးစစ်သားတွေဖြစ်ပြီ။ အေးစက်မာကြောတဲ့ လူသတ်လက်နက်ဖြစ်တဲ့ သေနတ်တွေကို ကိုယ်တိုင်ထိတွေ့ကိုင်တွယ်ခွင့် စပြီးရခဲ့ကြတယ်။ ဘယ်လိုအသုံးချရမယ်ဆိုတာကို လေ့လာသင်ယူကြတယ်။ ငယ်ငယ်တုန်းကလို သေနတ်ပစ်တိုင်းကစားနေကြတာမဟုတ်ဘူး။ ကျည်အပြည့် ထည့်ထားတဲ့ ကျည်ကပ်ကိုသေနတ်ထဲကို ဖျောင်းကနဲရိုက်သွင်းလိုက်၊ ချောက်ကနဲ မောင်းတင်လိုက်၊ လုံခြုံရေးခလုတ်ကို တစ်ချက်ခြင်းပစ်လို့ရမယ့်နေရာကိုဖွင့်လိုက် (အတွဲလိုက်ဆွဲချင်ရင်လည်း အတွဲလိုက်ဆွဲ လို့ရမယ့်ခလုတ်နေရာကိုဖွင့်)၊ ပြီးရင် ချိန်ပြီးပစ်။ ဒိုင်းကနဲ သေလောက်တဲ့နေရာထိရင် သေတယ်။ ငယ်ငယ် ကလေးဘ၀က သေနတ်ပစ်တမ်းကစားသလို ပါးစပ်ကတဒိုင်းဒိုင်းအော်ပစ်ရင်း၊ ဘွာတေးလုပ်လို့မရဘူး။ ဘာပဲပြောပြော ကျနော်တို့ လက်ချည့်သက်သက်မဟုတ်တော့ဘူး။ သူ့မှာသေနတ်ရှိသလို ကိုယ့်မှာလည်း သေနတ်ရှိပြီဆိုတော့ ပွဲကနဲနဲပိုပြီးမျှမျှတတဖြစ်လာပြီလို့ထင်တယ်။ ကိုယ့်ကိုယ်ကိုယ်လုံခြုံသွားသလိုလည်း ခံစားရတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်) ABSDF ရဲ့ ဌာန ချုပ်က မာနယ်ပလောနဲ့သိပ်မဝေးတဲ့ ပလောင်ကုန်းလို့ခေါ်တဲ့ လောကွားလူဒေသ သောင်ရင်းမြစ်နဘေးမှာ။ အဘိုင်ကြီးက စားဖိုကိုင်။ ဟုတ်တာမဟုတ်တာအပထား အဲဒီအချိန်က အဘိုင်ကြီးချက်ကြွေးသမျှကိုပဲ စား ရတော့ အဘိုင်ကြီးရဲ့လက်ရာအကောင်းဆုံး။ များသောအားဖြင့် ငရုပ်သီးမှုန့်လေးပါလေဟန်ဖြူးထားတဲ့ ငါးပိရေကျဲနဲ့ မြှစ်အပြင် တစ်ခြားအရွက်တွေပါတဲ့ဟင်းချို။ ဗဟိုကရဲဘော်တွေက အဆိုင်းလိုက် အဘိုင်ကြီး နဲ့ အလှည့်ကျဝင်ပြီး စားဖိုတာဝန်ယူပေးရတယ်။ အဲ.. သူ့အချစ်တော်ခွေးက အမွှေးဖွားလေး။ နာမည်က တော့ အောင်ဟိန်းတဲ့။ အောင်ဟိန်းဆိုတာက ကျနော်တို့ထွက်မလာခင် ABSDF က ဘဏ္ဍာရေးမှူးလုပ်ရင်း အဖွဲ့ပိုင်ငွေတွေကို ‘မ’သွားပြီး လေယာဉ်နဲ့ ပြည်တွင်းကိုခိုးဝင်ရင်း ရွှေတွဲလွဲ၊ ငွေတွဲလွဲအဖမ်းခံခဲ့ရတယ်ဆိုတဲ့ ကျေးဇူးရှင်ရဲ့ နာမည်လေ။ အဲဒီမှာ ကိုမိုးသီးဇွန်ကို KNU ဥက္ကဌ ဗိုလ်ချုပ်ကြီးမြ လက်ဆောင်ပေးထားတဲ့ ကြက်ဆင်ကြီးသုံးလေးကောင်လည်းရှိရဲ့။ ဗဟိုဌာနချုပ်ရုံးက ကုန်းမြင့်ပေါ်မှာရှိပြီး၊ ကျနော်တို့က အောက် တည့်တည့်လောက်မှာရှိတဲ့ ဘားတိုက်တစ်ခုမှာ တပ်ရင်းအသစ်တစ်ခုဖွဲ့ဖို့ရောက်နေနှင့်တဲ့ ရဲဘော်တွေနဲ့ အတူ နေကြရတယ်။ ပျော်ပျော်နေတတ်တဲ့သူတွေလည်းပါတော့ ကျနော်တို့ မပျင်းရဘူး။ ဒီကြားထဲ ဗဟို အတွက် အလံတိုင်တစ်ခုလုပ်ရမယ်ဆိုလို့ လက်သမားဆရာတဖြစ်လဲ BZK ကိုအောင်သန်းနောက် ရဲဘော် တွေအများကြီး ချောင်းရိုးအတိုင်း သူတွေ့ထားတဲ့သစ်ပင်ဖြောင့်ကိုခုတ်ပြီး သွားထမ်းကြရတယ်။ ဗဟိုက လူ ၁၅ ယောက်၊ အယောက်နှစ်ဆယ် ကိုအောင်သန်းနောက်လိုက်ပြီး အဲဒီဘောလုံးသာသာလောက် အ၀ိုင်းရှိ တဲ့ သစ်လုံးရှည်ကြီးကို ဟိုရမ်းဒီရမ်းနဲ့ချောင်းရိုးတစ်လျှောက် နာရီဝက်မိနစ်လေးဆယ်လောက် ၀ိုင်းထမ်း လိုက်ကြတာ ညနေအတော်လေးထမင်းစားကောင်းသွားတယ်။ ကိုအောင်သန်းက ဒီသစ်လုံးကို အလံတိုင် ဖြောင့်ဖြောင့်ဖြစ်ဖို့အတွက် ရေထဲမှာဘယ်နှစ်ရက်ထားရမယ်၊ နေပူဘယ်နှစ်ရက်လှမ်းရဦးမယ်နဲ့ အရှည်ကြီး ရှင်းပြခဲ့ပြီး နောက်အလံတိုင်ဖြစ်သွားတော့လည်း ခပ်ကောက်ကောက်ပါဘဲ။

တပ်ရင်းဘက်တံဆိပ်တွေကိုကြည့်တော့ ပိုပြီးသဘောကျသွားတယ်။ ကျနော်တို့ KNU တပ်မဟာ ၆ ဖက်မှာ ကျောင်းသားတပ်တွေကိုတွေ့ခဲ့တယ်ဆိုပေမယ့် ကိုယ့်အစီအစဉ်နဲ့ကိုယ်။ သူတို့နဲ့ သိပ်တရင်းတနှီး မဖြစ်ခဲ့ ဘူး။ ဗဟိုရောက်မှ ဗဟိုဌာနချုပ်မှာတာဝန်ထမ်းဆောင်နေကြတဲ့ တပ်ရင်းအသီးသီးကရဲဘော်တွေ၊ အနား ၀န်းကျင် တပ်ရင်းတွေကရဲဘော်တွေနဲ့ရင်းရင်းနှီးနှီးဖြစ်လာတာ။ တပ်ရင်းနံပါတ်ကို မြန်မာလိုရေးထားတဲ့ ဘက်တံဆိပ်မှာ ဓားနဲ့လှံကိုကြက်ခြေခတ်ထားပြီး အလယ်ကကြယ်ဖြူတစ်လုံးနဲ့။ ရင်ဘတ်မှာလည်း ကျောင်းသားတပ်မတော်ဆိုတဲ့စာတမ်းကို အနီရောင်အောက်ခံမှာ အဖြူရောင်စာလုံးတွေနဲ့ ရေးထားတယ်။ ဓားနဲ့လှံဆိုတော့ ဓားဓားခြင်း၊ လှံလှံခြင်းပေါ့။ ကိုယ်ကစပြီးစိန်ခေါ်ထားတာမဟုတ်.. လက်နက်အားကိုး သမားတွေ ရဲ့စိန်ခေါ်မှုအတိုင်း။

0 comments: