Saturday, December 15, 2012

ကျောင်းသားသူပုန်တို့ရဲ့ ခရီးရှည်အမှတ်တရ - အပိုင်း (၂၁)

အကြပ်ကြီးနှင့်အတူ

ဗဟိုအရေးပေါ်တပ်ဖွဲ့တဲ့အချိန်တွေမှာ ကျနော်ကနောက်တန်းမှာရှိနေတဲ့အချိန်တွေလိုဖြစ်တော့ ကျနော် ခဏခဏပါတယ်။ တစ်ခါက ဥသုထဘက် ရန်သူပစ်ထားတဲ့လက်နက်ကြီးတွေက တောင်ကြောပေါ်မှာ ကျင်းကြီးတွေဖြစ်နေတော့ ကျနော်တို့စစ်ကြောင်း ပတ်လျှောက်ရတယ်။ သတိတကြီးထားသွားနေကြရတာ ပေါ့။ ရန်သူရဲ့လက်နက်ကြီးတစ်ကမ်းမှာ ရွေ့လျားနေရတာမဟုတ်လား။ ရဲဘော်တွေက သီချင်းလေးတွေတ ညည်းညည်းနဲ့ တက်လာကြတာ။ တပ်ရင်း ၂၁၀ က ကိုကြင်သန်းဦးက သေနတ်ကိုဇော်ထမ်းထမ်းပြီး “သားမှားပြီ…. မှားပြီမေမေရဲ့” လို့ သီချင်းဆိုတော့ အားလုံးမောမောနဲ့ ဝေါကနဲပွဲကျသွားတယ်။ သူက အရမ်းရီစရာပြောတတ်တယ်။ သူက ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ် နံ့သာကွင်းသား။ ဘယ်နေရာရောက် ရောက် သူနဲ့ကရီစရာတွေချည့်။ စစ်ကြောင်းကိုတောင် ရွှင်ပျော်ပျော်စစ်ကြောင်းလို့ နာမည်ပေးရတော့မလို တဲ့၊ တစ်ခြားရဲဘော်တွေကပြောကြတာ။

တစ်ရက် ကျနော်တပ်ရင်းကနေ ဗဟိုဖက်ကိုသွားမလိုထွက်လာတော့ ကိုကြင်သန်းဦးနဲ့ သူတို့တပ်ရင်းက တခြားရဲဘော်တစ်ယောက်တို့ တပ်ရင်းခြံစည်းရိုးမှာ ငုတ်တုတ်ထိုင်နေကြတာတွေ့တယ်။ ကျနော်က ဘာ တွေလုပ်နေကြတာလဲလို့မေးတော့သူက အရက်သောက်နေတာကွ။ သူငယ်ချင်းလာဆိုပြီး ခေါ်တယ်။ ကျနော်က ဟေ့လူ.. ခင်ဗျားက တပ်ရင်းအရာခံဗိုလ်ဖြစ်ပြီး တပ်ရင်းမှာအရက်သောက်နေရလား။ အချုပ်ထဲ ရောက်တော့မှာဘဲလို့ သူ့ကိုပြောလိုက်တော့ သူကချက်ခြင်း “အာ… ငါတို့က တပ်တွင်းမှာ အရက်မ သောက်ရဆိုလို့ ကိုယ်လည်းအရက်သောက်လို့ရ တာဝန်လစ်ဟင်းမှုလည်းမဖြစ်အောင် ခြံစည်းရိုးပေါ် ထိုင်သောက်နေတာလေကွာ” တဲ့။ ခြံစည်းရိုးပေါ်မှာဆိုတာ့ အမိန့်က တပ်တွင်းမသောက်ရနဲ့ ကင်းလွတ် တယ်ပေါ့။ အဲဒီလိုလူ။


သတိရလျှက်

သူတို့တပ်ရင်း ရှေ့တန်းတစ်နေရာ လှုပ်ရှားစစ်သွားကြတော့ နံ့သာကွင်းရွာသားတစ်ယောက်နဲ့ပြန်ဆုံတယ်။ ဟာ.. ကြင်သန်းဦးကြီး မင်းကယူနီဖောင်းကြီးနဲ့ဆိုတော့ မှတ်တောင်မမှတ်မိဘူးဘာညာနဲ့ သူတို့အချင်းချင်း ရွာမှာကျန်ခဲ့တဲ့သူတွေမေးကြ ရှေးဟောင်းနှောင်းဖြစ်တွေပြောကြနဲ့ပေါ့။ အတော်နေတော့ ရွာသားက ပြန်ရ တော့မယ့်အချိန်ရောက်တော့ ပြန်ဘို့ပြင်နေရင်းက၊ အဲ… မေ့တော့မလို့။ အခုမှသတိရတယ်။ အရင် တလောက တို့ရွာမှာ နတ်ပွဲကြီးချိမ့်ချိမ့်သဲလုပ်တော့ ကိုကြီးကျော်နတ်ဝင်လာပြီး ကတာခုန်တာနားတော့ အဲဒါ သူက “ဟေ့… ဒါနဲ့.. ကြင်သန်းဦးတစ်ယောက်ကောကွ။ ငါသူ့ကိုမတွေ့ပါလား” ဆိုပြီးမေးပါလေရော။ ရွာသားတွေကလည်း ကျင်သန်းဦးတောခိုသွားတယ်ဆိုတာကိုကြားထားကြတော့ မျက်စေ့မျက်နှာပျက်၊ ကြောက်ကြောက်လန့်လန့်နဲ့။ သူဒီရွာမှာ မနေတော့ဘူးဖရာ့လို့ တစ်ယောက်က၀င်ဖြေပေးတယ်။ ကိုကြီး ကျော်က “ဟေ… ဟုတ်လား။ ဒါဆို အဲဒီ ကြင်သန်းဦးတစ်ကောင်နဲ့တွေ့ရင်ပြောလိုက်စမ်းပါကွာ။ ငါ့ဆီမှာ အကြွေစေ့တွေများနေပြီ။ ကြက်တွေလည်းအများကြီးအဖြစ်နေပြီ။ ပြန်လာခဲ့ဦးလို့”။ သူတို့ပြောဆိုနေတာကို နားထောင်နေတဲ့ ကျန်တဲ့ရဲဘော်တွေကနားမလည်ဘူးဖြစ်နေတော့ ကိုကြင်သန်းဦးကို ဘာဖြစ်လို့လဲလို့ မေး ကြတယ်။ ကိုကြင်သန်းဦးက ဆက်မမေးဖို့မျက်ရိပ်ပြပြီး မပြောဘူး။ ဟိုလူသွားတော့မှ ကိုကြင်သန်းဦးက ရွာမှာနေတုန်းကအကြောင်းကို ပြန်ပြောပြတယ်။

ကိုကြင်သန်းဦးက သူ့ရွာမှာ ဒီလိုဘဲ ညနေစောင်းလာရင် နဲနဲချတယ်။ အရက်သောက်တာကိုပြောတာနော်။ ဒီလိုနဲ့တစ်ညနေတော့ သူလည်း အရက်သောက်စရာပိုက်ဆံမရှိတာနဲ့ ကြံမိကြံရာ တစ်ခုစဉ်းစားမိပြီး ရွာထဲ က ပိန်စုတ်စုတ်ကြက်တစ်ကောင်ကိုဖမ်းပြီး ရွာထိပ်ကကိုကြီးကျော်နတ်ကွန်းကိုသွားတယ်။ နတ်ကွန်းပေါ် မှာ ရွာသားတွေကိုးထားတဲ့ ပိုက်ဆံအကြွေစေ့လေးတွေရှိသလို နတ်ကွန်းဘေးဝန်းကျင်က ရွာသားတွေရဲ့ ကောင်းမှု ကြက်တစ်အုပ်လည်းရှိနေတယ်။ သူကနတ်ကွန်းရှေ့မှာရပ်၊ လက်ထဲကကြက်ကိုမြှောက်ပြပြီး.. “ကိုကြီးကျော်။ ကျနော်ခင်ဗျားနဲ့ ကြက်လာတိုက်တာ။ ကျနော်နိုင်ရင် ကိုကြီးကျော်ရဲ့ငွေကိုယူမယ်။ ကြက် လေးတွေလည်း တစ်ကောင်နှစ်ကောင်ယူမယ်။ ခင်ဗျားနိုင်ရင်ကျနော့ကြက်ကိုယူ။” လို့ပြောတယ်။ နောက် သူ့လက်ထဲကကြက်ကို ကိုကြီးကျော်နတ်ကွန်းနားက ကြက်တစ်ကောင်နဲ့တည်ပေးလိုက်တော့ ကြက်တွေ ထခွပ်ကြတာပေါ့။ သူကအကြံနဲ့လေ။ တစ်ချက်ဘဲလွှတ်ပေးပြီး သူ့ကြက်ကိုအမြန်ပြန်ကောက်ရင်း “ကဲ.. ကျနော်နိုင်ပြီ” ဆိုပြီး နတ်ကွန်းပေါ်ကငွေတစ်ချို့ကိုအရက်သောက်ဘို့နဲ့ ကြက်နှစ်ကောင်သုံးကောင်လောက် ကို အမျည်းလုပ်ဘို့ယူတယ်။ အကုန်လုံးယူလိုက်ရင် ရွာသားတွေရိပ်မိသွားမှာစိုးလို့တဲ့။ အဲဒါကို သူက ဘိုင် ပြတ်တိုင်း ကိုကြီးကျော်နတ်ကွန်းမှာ နောက်ပိုင်းသွားသွားလုပ်လေ့ရှိတယ်တဲ့။ သြော်… ဒါ့ကြောင့် သူ့ကို ရွာသားတွေတွင်သာမက ‘ဦးမင်းကျော်နတ်’ ကတောင် သတိတရရှိနေတာပါလား။


ကြံကြံဖန်ဖန

အဲ… သူ့ကို အကြပ်ကြီးလို့ နာမည်ပေးရလောက်အောင် သူများတွေကိုကြပ်တတ်တာလဲပြောရဦးမယ်။ သူတို့တပ်ရင်းမှာ အသက်အကြီးဆုံးထဲက လူပျိုရဲဘော်အကိုကြီးရှိတော့ အဲဒီအကိုကြီးက နယ်ကနေ ခရစ္စမတ်နေ့မှာ ဈေးလာရောင်းတဲ့ကောင်မလေးငယ်ငယ်တစ်ယောက်ကို ကြိုက်နေတယ်။ ဖြစ်ချင်တော့ ဟို ကောင်မလေးကလည်း ဘာမှတုန့်ပြန်မလာတာနဲ့ သူကမင်းငါ့ကိုပြန်မကြိုက်ဘူးဆိုရင် ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်တော့မယ်၊ ဒီည ၁၀ နာရီ ပွဲဈေးက ဘယ်နေရာလာခဲ့ဆိုတာမျိုး ချိန်းစာရေးပြီးပေးခဲ့လိုက် တယ်။ အဲဒါကို ရဲဘော်တွေကတစ်ဆင့် ကိုကြင်သန်းဦးကသိနေပြီ။ ခနနေတော့ ရဲဘော်သုံးလေးယောက်နဲ့ တိုင်ပင်ပြီး အစီအစဉ်ချတော့တယ်။ ရဲဘော်တစ်ယောက်က ကို…. ဆီကိုသွားပြီး အကိုကြီးမှိုင်လှချည့်လား ဘယ်လိုဖြစ်နေတာလဲ ဘာညာနဲ့သွားအစ်တော့ ဟိုကသူအသဲကွဲမလောက်ခံစားနေရတာတွေကို ရင်ဖွင့် တော့ အဲဒီရဲဘော်က “ဟာ… ကိုကြီးကလည်း။ ကိုယ့်အနားဝန်းကျင်မှာ အဲဒါမျိုးကို လုပ်ပေးလို့ရတဲ့ဆရာရှိ နေရဲ့သားနဲ့။ မသိဘူးလား” လို့မေးတယ်။ အစ်ကိုကြီးမျက်လုံးတွေအရောင်တောက်လာပြီး ဟေ့ကောင် ရှင်းရှင်းပြောစမ်းပါကွာ.. ဘယ်သူလဲ။ ဘယ်လိုကူမှာလဲပေါ့ မေးတယ်။ အဲဒါနဲ့ အဲဒီရဲဘော်က ကိုကြင်သန်း ဦးလေ သူကဆရာဘဲ။ ဒီကိစ္စမျိုး ယတြာတွေဘာတွေလုပ်တာအရမ်းကောင်းတာ။ သူ့ကိုမေးကြည့်ပါလား ဆိုတော့။ ဟာ.. မင်းကလည်း ဟုတ်လို့လားကွာပေါ့။ အဲဒီအချိန် ညှိထားတဲ့အတိုင်း နောက်တစ်ယောက်က ဖြတ်သွားသလိုနဲ့ စကားဝိုင်းထဲဝင်လာပြီး ကိုကြင်သန်းဦးက သူတတ်တာကိုသူလျှိုပြီးနေတဲ့အကြောင်း ကိုယ်တိုင် သွားအကူအညီတောင်းမှပေးတာဖြစ်ကြောင်းပြောတယ်။ ဒါနဲ့ သူက တွေ့မယ်ကွာ အခုကို သွား တွေ့မယ်ဆိုပြီး ကိုကြင်သန်းဦးရှိတဲ့နေရာကိုသွားတော့ လမ်းမှာ တခြားရဲဘော်တစ်ယောက်က သြော်… အကိုကြီး ဆရာကြင်သန်းဦးဆီကိုသွားမလို့လားလို့မေးတော့ သူက ကိုကြင်သန်းဦးဟာ တကယ့်ဆရာပဲလို့ ပိုယုံသွားတော့တာပေါ့။

အဲဒါနဲ့ သူ.ကိုကြင်သန်းဦးတဲကိုရောက်တော့ ဟိုလူက အကိုကြီးလာလာ။ ဒီကို မလာစဖူးအလာထူးတော့ အပူလေးတွေရှိနေလို့ဘဲဖြစ်မယ်။ အင်း… အမျိုးသမီးတစ်ယောက်နဲ့ပါတ်သက်နေ တဲ့ကိစ္စမဟုတ်လားလို့ မေးတယ်။ သူက “ဟာ။ ဟုတ်ပါတယ်ဆရာ (ကိုကြင်သန်းဦးက သူ့ထက် အများကြီး ငယ်တယ်)။ ဆရာက တပ်အပ်သိနေပါ့လား။ ကျနော်အရင်က ဆရာကြင်သန်းဦးက ဒါတွေသိတဲ့ဆရာ မဟုတ်ဘူးထင်လို့ပါဆိုပြီး မျက်နှာငယ်လေးနဲ့ သူ့ကိစ္စကိုအကူအညီတောင်းတော့တယ်။ ကိုကြင်သန်းဦးက၊ အိမ်း.. ကိစ္စအမြန်ဆုံး အောင်မြင်ဖို့ဆိုရင်တော့ ဆေးဖယောင်းတိုင်ထွန်းရမယ်။ ဆေးဖယောင်းတိုင်နဲ့ လိုအပ်တဲ့ပစ္စည်းတွေကို ဆရာကိုယ်တိုင်စီမံပေးရမယ်။ အဲဒါဘတ်ငွေငါးရာလောက်ကျမယ်ဆိုတော့ ဟိုအကိုကြီး က “ဟာ.. ရပါတယ်ဆရာ။ သူ့အတွက်ဆိုရင် ကျနော့မှာရှိတာတွေကုန်သွားပါစေ။ ကျနော်လုပ်ပါ့မယ်” ဆိုပြီး ငွေကိုချက်ချင်းထုတ်ပေးလိုက်တယ်။ ငွေလက်ထဲရောက်တော့ ကိုကြင်သန်းဦးက သူ့ရဲဘော်တွေနဲ့ ထိုင်းဘက်ကမ်းကိုကူး။ ဖယောင်းတိုင်တစ်ထုပ်ဝယ်ပြီး တစ်နေ့လုံးအရက်ထိုင်သောက်နေတာ ညနေစောင်း လောက်မှ တပ်ရင်းကိုပြန်ရောက်တယ်။ ဟိုလူကြီးကတော့ တစ်မျှော်မျှော်ပေါ့။ ကိုကြင်သန်းဦးတဲကို ဆရာ ပြန်ရောက်ပြီလားဆိုပြီး လာလာကြည့်ရတာလည်းအမော။ ညနေအတော်စောင်းတော့မှ သူမျှော်နေတဲ့ ဆရာပြန်ရောက်လာတယ်။ ဆရာ့အပြောအရ ည ၈ နာရီအတိမှာ ဆေးဖယောင်းတိုင်ထွန်းမှာဆိုတော့ အချိန်မီပါဘဲ။ ည ၈ နာရီရောက်တော့ ၀တ်စုံဖြူစင်ကြယ်ဝတ်ကိုကြင်သန်းဦးက အကိုကြီးကို ခြေရင်းဖက် မှာထိုင်ခိုင်းထားပြီး ပါးစပ်ကလည်းပါဋိလိုလို၊ ဘာတွေမှန်းမသိတာတွေရွတ်ဖတ်ပြီး ဖယောင်းတိုင်ထွန်း ပေးလိုက်ပြီး အောင်ပြီ… အောင်ပြီ… အောင်ပြီ… လို့ သုံးခါဟစ်ကြွေးပြီးတဲ့အခါ ဆေးဖယောင်းတိုင် မငြိမ်း မချင်း ဘယ်ကိုမှထွက်မသွားဖို့နဲ့ ဖယောင်းတိုင်ငြိမ်းတာနဲ့ ကောင်မလေးရှိတဲ့နေရာကိုသွားပြီး တွေ့တာနဲ့ လက်ဆွဲပြီး အဖြေတောင်းဖို့ညွှန်ကြားလိုက်တယ်။ ဟိုလူကြီးလဲ ဖယောင်းတိုင်ရှေ့မှာ တက်ကြွတဲ့မျက်လုံး တွေနဲ့ ထိုင်စောင့်နေလိုက်တာ သူ့ဖယောင်းတိုင်က ၉ နာရီခွဲလည်း မငြိမ်း၊ ဆယ်နာရီကျော်လည်း မငြိမ်းတဲ့ အတွက် ၁၁ နာရီနီးပါးအထိစောင့်ပြီး ဖယောင်းတိုင်ငြိမ်းတာနဲ့ဝုန်းကနဲထပြီး ကောင်မလေးကိုချိန်းထားတဲ့ ပွဲဈေးကိုပြေးတော့တယ်။ ပွဲဈေးကိုရောက်တော့ဈေးသိမ်းပြီ။ ဘယ်သူမှမရှိတာမှ ခွေးတစ်ကောင်ကြောင် တစ်မြီးတောင်မရှိတော့။ ကောင်မလေးရှိတဲ့အိမ်ကိုလည်း ညသန်းခေါင်ကြီးသွားမနှိုးရဲနဲ့၊ ဘာလုပ်ရမှန်းမသိ တာနဲ့ တပ်ရင်းကိုပဲပြန်လာခဲ့ရတော့တယ်။ နောက်တစ်နေ့ မနက်အစောကြီးထပြီး ကောင်မလေးနေတဲ့အိမ် ကိုရောက်တော့ ကောင်မလေးက သူ့ရွာကိုပြန်ဆင်းသွားပြီ။ သူစိတ်ပျက်လက်ပျက်ဖြစ်နေတာပေါ့။

အဲဒါမပြီးသေးဘူး… ကိုကြင်သန်းဦးက သူ့ကိုတွေ့တဲ့အခါ “ဟေ့လူ။ ဘယ်လိုလဲ ကျနော့ဆေးဖယောင်း တိုင်။…” စကားတောင်မဆုံးသေး အကိုကြီးဆီကအသံထွက်လာတယ် “တော်တော့။ မင့် သောက်ဖယောင်း တိုင်ကြီးအကြောင်း” တဲ့။ ဟိုလူကြီးလဲရှက်တာနဲ့ နောက်ပိုင်းထွက်ပြေးသွားပါလေရော။ အဲဒီလောက်ထိ ကြံကြံဖန်ဖန် ကြပ်တတ်တာ။ သူ့အကြပ်မခံရတဲ့သူမရှိသလောက်ပဲ။ ကိုကြင်သန်းဦးလည်း ကျန်မာရေး ကြောင့် ကရင်နီဒေသဖက်မှာ ဆုံးရှာပြီ။

0 comments: