Monday, October 22, 2012

ပါးစပ်ဟ နေတဲ့ ဖိနပ်တစ်ရံ

နေ၀င်တော့မယ်
ရင်ထဲမှာ ဟာလို့
လက်ကျန်နေရောင်အောက်မှာ
ခါတိုင်းလို လျှောက်လာရင်း။

ရောင်းပစ်ခဲ့တဲ့ စာအုပ်တွေ
ပလက်ဖောင်းမှာတွေ့လို့ ပြန်လှန်ကြည့်
ငါ့လက်မှတ်က အမာရွတ်တစ်ခုလို ရှိဆဲပဲ။

စဉ်းစားမိတယ်
ကမ္ဘာက ကျဉ်းကျဉ်း
မျဉ်းတွေက မာမာ
အရောင်တွေက ဖျော့ဖျော့
ကိုယ်ဖော့နေခဲ့တာ ဘယ်လောက်ကြာပြီလဲ
သက်တမ်းရဲ့တစ်ဝက်လား
ရာစုရဲ့ သုံးပုံတစ်ပုံလား
မထင်တာတွေ အကုန်ဖြစ်
လောကကြီးကလည်း အ၀တ်အစားသစ် လဲလို့
လူတွေက ခေတ်ဆိုတာကြီးကို ထမ်းပိုးလို့။

ဒီလိုနဲ့ တစ်မိုးသစ်ပြန်ပြီ
မြစ်ရေတွေ လျှံဦးမလား
လေပြင်းတွေ ထန်ဦးမလား
ဟောဒီကမ်းစပ်က ခြေတံရှည်အိမ်ကလေးဟာ
မိသားစုတစ်စုရဲ့ နောက်ဆုံးခံတပ်ဖြစ်ပါတယ်။

ဆည်းဆာ ကျယ်ပြန့်သထက်ကျယ်ပြန့်
အမှောင်စတွေ ဖြန့်ခင်း
လမ်းမီးတွေ အထိတ်တလန့် လင်းလာ
စားသောက်ဆိုင်တွေမှာဆူညံကြ
ဆာဆာလောင်လောင်နဲ့ ကားစောင့်ကြ
တချို့လည်း ချစ်သူနဲ့လမ်းခွဲကြ။

ရပ်ကွက်တွေကလည်း
ငါးစိမ်းသည်မဆီက ငွေစက္ကူလို
နွမ်းဖတ်ပေရေ ရှိနေဆဲ
ဖန်တရာတေနေတဲ့ လောကဇာတ်ခုံပေါ်မှာ
ဘာကို ယုံရမှာလဲ။

ရန်ကုန်မြို့ကြီးရေ
ဒီလိုနဲ့ပဲ ယောင်ပေယောင်ပေနဲ့
မင်းလက်ပေါ်မှာ
သူငယ်ချင်းတစ်ချို့လည်း ပျောက်ဆုံးခဲ့ပါပြီ။ ။

လှသန်း

0 comments: