Monday, August 13, 2012

လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများကြောင့် ပြည်သူများ နစ်နာမှုမရှိစေရေး စုံစမ်းရေးကော်မရှင်ကို အဖွဲ့ဝင် ဦးရေ ၆၀ ဖြင့် ဖွဲ့စည်း

၁၃ ရက် သြဂုတ်လ ၂၀၁၂ ခုနှစ်
ဓာတ်ပုံ – Civil Political Rights Campaign Group
လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများကြောင့် ပြည်သူများ နစ်နာမှုမရှိစေရေး အတွက် စုံစမ်းရေးကော်မရှင်ကို အဖွဲ့ဝင် ၆၀ ဦး ဖြင့် သြဂုတ်လ ၈ ရက်နေ့မှစတင်ကာ ဖွဲ့စည်းခဲ့ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက ဦးခင်အောင်မြင့် က ထုတ်ပြန်ခဲ့သည်။ အဆိုပါအဖွဲ့၏ သက်တမ်းမှာ စတင်ဖွဲ့စည်းသည့်နေ့မှ တစ်နှစ်သတ်မှတ်ပြီး လယ်ယာမြေ သိမ်းဆည်းခံ ရသည့်ကိစ္စများကို အကြောင်းအရာ တစ်ခုချင်းစီ အလိုက် ဖော်ထုတ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

 လယ်ယာမြေသိမ်းဆည်းခံရခြင်း အပေါ် တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်ကြေညာချက်၊ စည်းမျဉ်းစည်းကမ်းများနှင့် ညီညွတ်ခြင်း ရှိ၊ မရှိ၊ စီမံကိန်း၊ စီမံ ချက်များ၏ မူလရည်မှန်းချက်အတိုင်း အကောင်အထည်ဖော် ဆောင်ရွက် နိုင်ခြင်း ရှိ၊ မရှိ၊ သိမ်းဆည်းစဉ်က လယ်ယာမြေသိမ်းဆည်းခံ တောင်သူလယ်သမားနှင့်အပြန်အလှန် ပွင့်လင်း မြင်သာစွာ ညှိနှိုင်းဆွေးနွေးမှုရှိ မရှိ၊ လျော်ကြေးငွေသည် သိမ်းဆည်းကာလတန်ဖိုးနှင့် ညီညွတ်မှု ရှိ မရှိ၊ မြေ ယာသိမ်းဆည်းခြင်း အငြင်းပွားမှု များ စိစစ်ဆောင်ရွက်ရာတွင် ၁၉၈၈ ခုနှစ်အထိဆောင်ရွက်ခဲ့ပြီး ကိစ္စရပ်များအတွက် စိစစ်ဆောင်ရွက်ခြင်း မပြုရန်နှင့် ၁၉၈၉ ခုနှစ်မှ ယနေ့အထိ ကိစ္စရပ်များကိုသာ စုံစမ်းလေ့လာ ဖော်ထုတ်ရန်၊ ၁၉၈၉ ခုနှစ်နောက် ပိုင်း မြေယာသိမ်းဆည်းမှုများတွင် စီမံကိန်းပြီးပြတ်မှု မရှိဘဲ ဆက်လက် ဆောင်ရွက်နေဆဲ လုပ်ငန်းများနှင့် မူလနိုင်ငံတော် စီမံကိန်းလုပ်ငန်းများတွင် အောင်မြင်ပြီးပြတ်ပြီး ဖြစ်သည့် ကိစ္စရပ်များအတွက် စိစစ်ဆောင်ရွက်ခြင်း မပြုရန် သတ်မှတ်ထားကြောင်း သိရှိရသည်။ ကော်မရှင်၏ လုပ်ပိုင်ခွင့်များမှာ ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရများထံမှ မြေယာသိမ်းဆည်းခြင်း ဆိုင်ရာ စာရင်းဇယား အထောက်အထားများကို ညှိနှိုင်းတောင်းခံရယူရန်၊ မြေယာသိမ်းဆည်းရာတွင် ၀န်ကြီးဌာန၊ ဦးစီးဌာနများမှ ဆောင်ရွက် ခြင်းဖြစ်ခဲ့ပါက ၎င်းတို့ထံမှ စာရင်း ဇယား အထောက်အထားများကို ညှိနှိုင်းတောင်းခံရယူရန် စသည့်အချက်များဖြစ်ကြောင်း သိရှိရသည်။

  အဆိုပါကော်မရှင်၏ ရှောင်ကြဉ်ရမည့် အချက်များကိုလည်း သတ်မှတ် ထားပြီး ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြဋ္ဌာန်းချက်ဖြစ်သော အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး အာဏာသုံးရပ် ခွဲခြားကျင့်သုံးသည် ဆိုသောပြဋ္ဌာန်းချက်ကို လိုက်နာရန်၊ ကော်မရှင်သည် အဆုံးအဖြတ်ပေး နိုင်သည့် အဖွဲ့အစည်း မဟုတ်သည့် အတွက် စုံစမ်းလေ့လာတွေ့ရှိချက် ကို ဘက်လိုက်မှုကင်းစွာဖြင့် ရှုမြင် သုံးသပ်ပြီး ပြည်ထောင်စုလွှတ်တော် သို့ ပြန်လည်အစီရင်ခံ တင်ပြရန်၊ အခါအားလျော်စွာ သတင်းမီဒီယာ များနှင့် တွေ့ဆုံရဖွယ်ရှိနိုင်ပြီး ယင်းသို့တွေ့ဆုံရာတွင် အစွန်းထွက်သော ပြောဆိုမှုများ၊ အစိုးရ၊ ပုဂ္ဂိုလ်တစ်ဦးဦး၊ အဖွဲ့အစည်းတစ်ခုခု၊ ပါတီတစ် ရပ်ရပ်ကိုသော်လည်းကောင်း ထိခိုက်ပုတ်ခတ်သော အပြောအဆို မပြောမိရေး သတိပြုလိုက်နာရန် စသည့်အချက်များဖြစ်ကြောင်း သိရှိရသည်။ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ဦးတင်ထွတ်၊ ဇလွန်မဲ ဆန္ဒနယ်၏ ‘လယ်မြေများသိမ်းဆည်း ခံရခြင်းများအား စုံစမ်းလေ့လာဖော်ထုတ်ပြီး တောင်သူလယ်သမားများ နစ်နာမှုမရှိစေရေး တရားမျှတစွာ ဖြေရှင်း ဆောင်ရွက်ပေးရန်’အဆိုကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၄၅ ဦးပါဝင် ဆွေးနွေးပြီးနောက် ယခုကဲ့သို့ ကော်မရှင်ကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။ သတင်း - Eleven Media News၊ ဓာတ်ပုံ – Civil  Political Rights Campaign Group

0 comments: