Thursday, August 30, 2012

အပြုခံ တေးတစ်ပုဒ်ရဲ့ အဆုံးသတ်တီးလုံး

"အဖွင့်အပိတ်ကို
စိတ်အလိုကျ
ပုံအပ်ထားတာတောင်မှ
အကျဉ်းကျမှု သက်သက်ပဲ...ငါရခဲ့တယ်"

မဟုတ်ဘူး။ မဟုတ်ဘူး။ သင်တို့ ထင်သလို မဟုတ်ဘူး။ ကျနော်ဟာ တစ်လိပ်တည်းသာ ကျန်တော့တဲ့ စီးကရက်ဗူးခွံကြီးပါပဲ။ ကျန်ရှိနေသေးတဲ့ အဲဒီ အစိတ်အပိုင်းလေးကို မွေးရာပါ အရေခွံကြီးနဲ့ ဖုံးကွယ် ဟန်ဆောင်ထားရတာ "ဘဝလား"။ ကျနော်ကြားဖူးတာတော့ "ဘဝဆိုတာ ရေပူနဲ့ရေအေး သင့်လျော်မျှတစွာ ရောစပ်ရေချိုးခြင်းပဲ"။ ကျနော် ငယ်ငယ်ကတော့ (၁၃)နှစ်လုံးလုံး မြစ်တစ်ခုထဲမှာ ဒိုင်ဗင်ထိုးခဲ့ဖူးတယ်။ အဲဒီအချိန်ထိ ကျနော်ဟာ သင်္ဘောတစ်စင်း မဟုတ်ခဲ့ဘူး။

ဘာကိစ္စနဲ့ ကမ်းခြေကို ဖက် ဖက်တွယ်နေရတာလဲ။ သင်္ဘောတစ်စင်းအဖို့ ကမ်းခြေကို ရောက်ဖူးခြင်း မရောက်ဖူးခြင်းက အဓိကကျပါသလား။ လေကြော ရေကြောနပ်ပြီး မုန်တိုင်းကို ခွစီးတတ်ဖို့ပဲ။ ကောင်းကင်လိုမျိုး ယုံကြည်လို့မရတဲ့ အမျိုးအစားတွေထဲမှာ အဲဒီ ကမ်းခြေပါတယ်။ ကျနော့်ရဲ့ သင်္ဘောတွေရေ...ကမ်းပြိုမှ လန့်နိုးကြမှာလား ခွာခဲ့ပါ။

မတ်တပ်ရပ်နေတာထက်စာရင် ထိုင်နေခြင်းက ပိုပြီးအရသာရှိတယ်။ ကမ္ဘာကြီးဆီက တစ်ခုခုကို အသားလွတ်ကြီး ရရှိလိုက်သလို ခံစားရတယ်။ ကျနော်ဟာ ညောင်းချိသွားတော့မဲ့ ထိုင်နေတဲ့ စည်းချက်မှန် နာရီလက်တံ တစ်ခုပါ။ သိပ်မကြာခင်မှာပဲ ထိုင်နေရတာထက်စာရင် မတ်တပ်ရပ်နေခြင်းက ကိုယ့်အားကိုယ်ကိုးတဲ့သဘော ဆန်တယ်။ ကမ္ဘာကြီးကို အကြွေးတစ်ချို့ ဆပ်ပြီးသလို ခံစားရတယ်။ ကျနော်ဟာ ကျနော့် ဖဝါးပေါ်မှာ တည်ဆောက်ထားတဲ့ ကမ္ဘာ့အမြင့်ဆုံး TOWER ကြီးပါပဲ။ သင်တို့ မြေမလေးကြပါနဲ့။ ဟုတ်တယ်...ဘယ်သူ့ အတ္တမှ ကျနော့် အတ္တလောက် မမြင့်နိုင်ပါဘူး။ စက္ကန့်တစ်ချို့ကတော့ ခံစားမှုမဲ့စွာ ကျနော့်ကို ဖြတ်သန်းသွားကြတယ်။ ထိုင်ခြင်းနဲ့ မတ်တပ်ရပ်ခြင်း နှစ်ခုကိုပဲ ကျနော်လုပ်တတ်ခဲ့တာ။ အိပ်စက်ခြင်းကို ကျနော်မလုပ်တတ်ခဲ့ဘူး။ မလိမ်တမ်းပြောရရင်တော့ ကျနော်ဟာ တစ်သက်လုံး တစ်ရေးမှ မအိပ်စက်ခဲ့တဲ့ကောင်ပါ. သင်တို့ကော... အကယ်၍ သင်တို့အားလုံး တစ်ခါတစ်ရံ အိပ်စက်ခဲ့ဖူးလျှင် ထိုအိပ်စက်ခြင်း၏ အတွေ့အကြုံလေးအား ပြောပြပါ။ ဘယ်လို အတွေးအခေါ်နဲ့ အိပ်စက်ခဲ့လဲ။ ဘယ်လို အခက်အခဲတွေနဲ့ အိပ်စက်ခဲ့လဲ။ ဘယ်လို မှားယွင်းဖောက်ပြန်မှုတွေနဲ့ ပတ်သက်အိပ်စက်ခဲ့လဲ။ (လူတို့ အိပ်စက်သည်ဟုခေါ်ဝေါ်ကြသော သိစိတ်မဲ့ အနားယူရာတွင် ၄င်းတို့၏စိတ်အား ထိုအနားယူခြင်း အခန်း၏အပြင်ဘက်တွင် ထားပစ်ခဲ့ရသည်။ သိစိတ်မပါသော အလုပ်တစ်ခုအား လူတို့ပြုခဲ့ပါလျှင် ထိုကိစ္စကို လူတို့ သိနိုင်မည်လား။) ကိုယ့်စိတ်ကလေးကိုတောင်မှ ကိုယ်သွားလိုရာ ခေါ်ဆောင်မသွားနိုင်တဲ့ အဖြစ်ရယ်။ တစ်ရေးတစ်မောလေးတောင်မှ မအိပ်စက်ခဲ့တဲ့ ကျနော်ဟာ အဲဒီအတွက် ကမ္ဘာမြေကြီးကို အကြွေးဆပ်စရာ မလိုတော့ဘူးပေါ့။ ဟုတ်တယ်။ ကျနော်ဟာ အဲဒီ အကြွေးတွေကို ဗြောင်လိမ်ပစ်ခဲ့တဲ့ကောင်ပါ။

ကျနော့်စိတ်တွေ ဘယ်နေရာကနေ ခေါင်းထောင်ထလာလဲ ကျနော်မသိပါ။ ကျနော့်ခန္ဒာကိုယ်ကြီးကို ဒေါင်လိုက်အနေအထားမှာ ထားလိုက်မိချိန်မှာပဲ အမောက်တစ်ထောင်ထောင်ထနေတဲ့ အကြွေးစာရင်းကြီးက အခုမှ အသိပြန်ဝင်လာတဲ့ အူတူတူ အတတ ခေါင်းကြီးထဲ ဝင်လာခဲ့ပြီ။ အားပါးပါး....များလိုက်တဲ့ အကြွေးတွေ။ လူအဖြစ်ကို ဘုရားသခင်က ချီးမြှင်ခဲ့တာတဲ့။ ဘုရားသခင်ကို ဆပ်ရမဲ့ အကြွေး။ အဖေနဲ့အမေက (ဘာရည်ရွယ်ချက် ဘာအကြောင်းပြချက်နဲ့ပဲ မွေးမွေး) မွေးပေးခဲ့တာ။ မိဘကို ဆပ်ရမဲ့ အကြွေး။ ဦးနှောက်ထဲက ရိုးစင်းမှုလေးထဲမှာ ခြံစည်းရိုးခတ် အကွက်ရိုက် အတတ်ပညာတွေကို ဝေစုချပေးလိုက်တဲ့ ဆရာသမားတွေကို ဆပ်ရမဲ့အကြွေး။ ဒီမြေဒီရေမှာ ရှိတည်ခဲ့ခြင်းကြောင့် ဒီတိုင်းပြည်ကို ဆပ်ရမဲ့အကြွေး။ ပတ်ဝန်းကျင်ရဲ့ အပိုင်းအစဖြစ်လို့ ပတ်ဝန်းကျင်ကို ဆပ်ရမဲ့အကြွေး။ လူဖြစ်လာလို့ လူပီသအောင် ပေးဆပ်ရမဲ့အကြွေး။ မပတ်သက်ပဲနဲ့ပေးရမဲ့အကြွေး။ ပတ်သက်ခဲ့လို့ ပေးရမဲ့အကြွေး။ အိမ်လခကြွေး ဖုန်းကြွေး အပြစ်ဒဏ်ကြွေး။ အကြွေးနဲ့အလှူငွေထဲ့လိုက်လို့ ပြန်ဆပ်ရမဲ့အကြွေး။ များလိုက်တဲ့အကြွေးတွေ။ လူကို မွေးမွေးချင်းပဲ အကြွေးတွေက ရှေ့က ကာဆီးကာဆီးနဲ့။ အဲဒီအကြွေးတွေ အများကြီးနဲ့ လူ့လောကကြီးထဲက လွပ်လပ်မှုလေးကို အကြွေးနဲ့ ထပ်ဝယ်ပြီး ကျနော်လွပ်လပ်ခဲ့ရတာ။ ဟုတ်တယ်။ ကျနော့်ရဲ့ လွပ်လပ်မှုတွေဟာ အကြွေးပေါင်းစုံနဲ့ ပိတ်ကာထားတဲ့ အကျဉ်းထောင်ကြီးထဲမှာပေါ့။

တစ်စုံတစ်ရာကြောင့် လူအဖြစ်ကို ကျနော်ရခဲ့တယ်။ အဲဒီတစ်စုံတစ်ရာဟာ အောက်ဆီဂျင်တွေကို ကျနော့် ပါးစပ်ထဲအရောက် (ကျနော့်ဆန္ဒကိုမမေးပဲ) ပါးစပ်ထဲ လာလာလောင်းထဲ့ပေးတယ်။ အဲဒါတွေကို ကျနော်ကိုယ်တိုင် ရှူချင်လို့ ရှူခဲ့တာလား။ မရှူချင်ပဲ ရှူခဲ့တာလား။ ကျနော်မသိပါ။ တစ်ခါတုန်းကတော့ ကျနော့်ချစ်သူကို ပြောပြခဲ့ဖူးတယ်။ "အပေါ်ယံလောက်ပဲ ရှပ် ရှပ်ပြီး ဝဲပျံတတ်တဲ့ အောက်ဆီဂျင်တွေချည်းပဲ ရှိတဲ့ကမ္ဘာမှာ ငါဟာ စီးကရက်တစ်လိပ် ဖြစ်ချင်တယ်။ မင်းဆေးလိပ် မဖြတ်လိုက်နဲ့ဦး"။ တစ်ခါတစ်ရံမှာ ရေရောထားတဲ့ အောက်ဆီဂျင် ကျဲတောက်တောက်တွေမြင်ရင် ကျနော် အော့အန်ချင်လာတယ်။ အဲဒီအခါမျိုးမှာ ကျနော်စီးကရက်တွေ ဇွတ်ဖွာနေလိုက်တာပေါ့။ ကျနော့်ချစ်သူ ကျနော့်ကို ချစ်မချစ် ကျနော်မသိပါ။ ကျနော်ကတော့ သူမကို ချစ်ဖို့ မွေးဖွားခဲ့ခြင်းမဟုတ်ပါ။ သို့သော် ကျနော် ချစ်ခဲ့ပါသည်။

"စာမေးပွဲ မဖြေချင်ဘူး
ငါ့ဦးနှောက်ကို နက်နက်တူးချင်တယ်"

ဥခွံအကွဲကြီးကို ပွတ်သတ်မြတ်နိုးနေရတာထက်စာရင် အသိုက်အမြုံကို နောက်ထပ် ပတ်တီးတစ်ပတ် ထပ်စည်းလိုက်တာက ပိုအဓိပ္ပါယ်ရှိတယ်၊ ပြီးရင်အရင်တစ်ခေါက်ကထက် ပိုပြီးပြင်းထန်အားကောင်းတဲ့ လေမုန်တိုင်းတစ်ကောင်ကို အိမ်အလည်ခေါ်ပြီး တောင်ပံနဲ့ ရာသီဥတုအကြောင်းဆွေးနွေးမယ်။ ကိုယ့်အတောင်ပံကို ကိုယ်ခြံပြီး ကိုယ့်ကျောကုန်းပေါ် ကိုယ်အသိုက်ဆောက်ခဲ့ရတဲ့ ငှက်ဟာ လေထုထဲက မီးပွိုင့်တစ်ချို့ကို တွေ့ရှိခဲ့တယ်။ တစ်ခါတစ်ရံက သဘောတရားတို့သည် ဥခွံအကွဲကြီးအဖြစ် လူသူအရောက်နည်းသော ဒေသ၌ရှိ၏။ ကျနော်ကတော့ စကြဝဠာရဲ့ လက္ခဏာကိုဖတ်ဖို့ အတောင်တွေကို တစ်စစီ ချွေချခဲ့ရတယ်။ မြင်မြင်သမျှကို မှန်မှန်ကန်ကန် မြင်နိုင်ဖို့ မျက်မှန်ပါဝါကို နည်းနည်းမြှင့်ခဲ့ရတယ်။ အရှိကို အရှိအတိုင်းမြင်နိုင်ဖို့လည်း အဲဒီမျက်မှန်ကို ကျနော် ပေါက်ခွဲပစ်ခဲ့တယ်။

"မင်းမှာ စီးကရက်ရှိလား" ဆိုတဲ့မေးခွန်းပေါင်းများစွာအတွက် (NO) ဆိုတဲ့အဖြေဟာ ကျနော့်မှာ အမြဲတမ်းရှိနေခဲ့တယ်။ တကယ်တော့ ကျန်ရှိနေသေးတဲ့ အစိတ်အပိုင်းလေးကို ကျနော်တစ်ယောက်တည်း မသောက်သုံးပစ်လိုက်ချင်တာပါ။ ဒါဆိုရင် ကျနော့်ရဲ့အဖြေဟာ တချိန်ချိန်မှာ ဖြစ်လာနိုင်မလား။ မဟုတ်သေးပါဘူး။ အထက်ပါမေးခွန်းကို အင်္ဂလိပ်ဘာသာနဲ့မေးလာသူဟာ ကျနော့်ချစ်သူဖြစ်ပါတယ်။ မေးခွန်းတိုင်းအတွက် အဖြေရှိရမှာလား။ မဖြေနိုင်ဘူး ကောင်မလေးရေ...ငါကိုယ်တိုင် မေးခွန်းတွေနဲ့ ပြည့်နှက်နေတဲ့ကောင်ပါ။ သူနဲ့ကျနော်ဟာ (OPTUS) ဆိုင်းဘုတ်ကြီးရှေ့မှာ ထိုင်နေခဲ့ကြပါတယ်။ "စကားပြောရင်း ထိုင်နေခဲ့တာလား ထိုင်နေရင်းစကားပြောနေခဲ့တာလား" အဲဒီကိစ္စလောက်ကိုတော့ ကျနော်တို့နှစ်ဦးစလုံး မေ့ထားခဲ့ပါတယ်။ "ဒီမှာ ကေဇူ...မင်းအဲဒီဆိုင်းဘုတ်ကြီးရဲ့ အဓိပ္ပါယ်ကို သိလား" ဟုမေးတော့ ရိုးသားစွာ ခေါင်းခါပါသည်။ (No...I Don't) ဆိုတဲ့သဘောလား ခေါင်းခါလိုက်တိုင်း (Negation) ဖြစ်ရောလား ကျနော်နဲ့သူမရဲ့ စကားဝိုင်းမှာတော့ ခေါင်းခါခြင်းဟာ "အငြင်းသင်္ကေတ" ဖြစ်၍ တခြားတနေရာတွင် ဇက်ကြောဖြေခြင်းလည်း ဖြစ်နေနိုင်ပါသည်။  "(OPTUS)" ဆိုတာက "(OPT)" "နဲ့ "(US)"နဲ့ တွဲရေးထားတာလေ။ (OPT US = CHOOSE US) လို့အဓိပ္ပါယ်ရတယ်။ တကယ်တော့ အဲဒီ ဖုန်းကုမ္ပဏီဟာ အတော်အသင့် နာမည်ရပြီးသား။ ဒါပေမဲ့ အတ္တတွေ တဖွားဖွားနဲ့ နေရာတကာမှာ ကျနော်တို့ကို ရွေးပါ အားပေးပါဆိုပြီး ကြော်ငြာနေတုန်းပဲလေ။ မင်းငါ့ကို လွမ်းတဲ့အခါ အဲဒီဆိုင်းဘုတ်ကြီးကို ကြည့်ပေါ့ကွယ်။ တကယ်တော့ လူဆိုတာ ရပြီးရင်း ထပ်ရချင်နေတဲ့ အတ္တတွေတဖွားဖွားနဲ့ (OPTUS) ဆိုင်းဘုတ်ကြီးပါပဲ။

မင်းကတော့ မင်းဘာသာ (OPT) လို ကိုယ်ပိုင် အဓိပ္ပါယ်ရှိပြီးသားဆိုပါတော့။ ငါကလည်း (US) လို သီးခြားအဓိပ္ပါယ်ရှိပြီးသား။ တခါတခါကျ အဓိပ္ပါယ်ရှိခြင်းနှစ်ခု ပေါင်းစပ်လိုက်တဲ့အခါမှာ ဘဝဟာ ဘာအဓိပ္ပါယ်မှ မရှိတော့တဲ့ (OPTUS) လို ဖြစ်သွားတတ်တယ်လေ။ မင်းနဲ့ငါ ပေါင်းစပ်လိုက်တဲ့အခါ ဘာတွေ ဖြစ်လာမလဲ။

"မင်းတို့ အင်္ဂလိပ်စာမှာ (BECOME) ဆိုတဲ့ စကားလုံးရှိတယ်"။ အဓိပ္ပါယ်ကိုယ်စီရှိတဲ့ (BE)နဲ့ (COME) နဲ့ ပေါင်းစပ်ထားတာလို့ပဲထင်တယ်။ အဲဒီ အဓိပ္ပါယ်ရှိတဲ့ အဓိပ္ပါယ်နှစ်ခု ပေါင်းစပ်လိုက်တော့ "ဘဝဟာ" (BECOME) ဆိုတဲ့ အဓိပ္ပါယ်ရှိတဲ့ အဓိပ္ပါယ်သစ်တစ်ခု ဖြစ်လာတယ်"။ ငါ့မှာ ကျန်ရှိနေသေးတဲ့ နောက်ဆုံးစီးကရက်လေးကို မင်းနဲ့အတူ ဖွာရှိုက်လိုက်တဲ့အခါ "BECOME" ဆိုတဲ့ ဘဝမျိုးလေးကို ရချင်တယ်။ သူမပြုံးနေခဲ့ပါသည်။ ထိုအပြုံးသည် နာမ်ဖြစ်၍ နာမဝိသေသနမဲ့နေခဲ့ပါသည်။ နာမဝိသေသနမဲ့နေခဲ့ခြင်းကြောင့် နာမဝိသေသန ရှိနေခဲ့ပါသည်။ အဘယ့်ကြောင့်ဆိုသော်.... သူမသည် နာမ်စားတစ်ခု မဟုတ်ခဲ့ခြင်းကြောင့် ဖြစ်သည်။ "သူမသည် မရေမရာ သူမ ဖြစ်ခဲ့ခြင်း" ကြောင့် "သူမသည် သူမ မဟုတ်ခြင်းမှာ" သေချာသွားပါသည်။

"သစ်ကိုင်းကျိုးချိန်မှာမှ
ငါက နောက်ဂျွမ်းထိုးလိုက်မိတာကိုး
တံစို့ထိုးမီးကင်ထားတဲ့ ဝိညာဉ်လေး သိမ်းသုတ်သွားတယ်"

တစ်ခါတုန်းက ကျနော့်ဘေးတွင် သူမရှိနေခဲ့ပါသည်။ ပြည့်ပြည့်ဝဝ ရှိနေခဲ့တာလား ပေါ့ပျက်ပျက်ရှိနေခဲ့တာလား ကျနော်မသိပါ။ ကျနော်ကိုယ်တိုင်ကတော့ ရှိနေသည်ဆိုရုံလေး သူမဘေးတွင်ရှိနေခဲ့တာပါ။ ကျနော်က ကျနော့်ရဲ့ နောက်ဆုံး စီးကရက်လေးကို ထုတ်ပြီး မီးညှိလိုက်တယ်။
မအံ့သြချင်လောက်တဲ့အထိ အံ့သြခဲ့ရတဲ့ သံဝေဂလေးပါ။ အထဲမှာ ဆေးသားတွေ မရှိတော့ဘူး။

(၁) ကျနော်ဆေးလိပ် ပြတ်သွားတယ်
(၂) ကျနော် ဖွာရှိုက်နေတဲ့ ဘဝကြီး မီးသေသွားတယ်
(၃) ကျနော့်ရဲ့ သင်္ဘောလေး ထက်ခြမ်းကွဲသွားတယ်
(၄) ကျနော် အိပ်စက်တတ်သွားတယ်
(၅) ကျနော် မဆပ်လိုက်ရတဲ့ အကြွေးအားလုံး ကျေသွားတယ်
(၆) အောက်ဆီဂျင်မပါပဲ ကျနော် အသက်ရှင်သန်တတ်သွားတယ်
(ရ) ကေဇူ ကျနော့်ကို ထားပစ်သွားတယ်။   ။

သုအိုင်စံ
၂၀၀၂
(ဟန်သစ် မဂ္ဂဇင်း မော်ဒန်ဝတ္ထုတို ကဏ္ဍမှာ ဖော်ပြခဲ့ဖူးတဲ့ စာမူပါ)