Sunday, August 26, 2012

လေပြေရဲ့ ဒုတိယစီးရီး


ရုပ်ဖြောင့်တဲ့ လေပြေတစ်ကောင်အဖြစ်နဲ့
ပေါ့ပေါ့နေ ပေါ့ပေါ့စား လမ်းသလားနေရမဲ့ခေတ် မဟုတ်ဘူး
ရင်ခွင်ကို ဦးနှောက်နဲ့တူးဖွင့်
အတွေးအခေါ်သစ် မီးတောက်တစ်ပွင့်နဲ့ အသည်းနှလုံးကို ရှို့ချပစ်လိုက်တယ်
သွေးကြောထဲ မီးဟုန်းဟုန်းတောက်နေတဲ့ မြင်းခွာသံတွေစိမ့်စီး
"ကမ္ဘာမကျေဘူး" ကိုတီးတိုင်း ကြက်သီးဖျန်းဖျန်းထခဲ့တယ်။


ပြီးတော့......လမ်းပေါ်ရောက်သွားတယ်
မပြီးတော့မဲ့ လမ်းပေါ်ရောက်သွားတယ်။


ဝေးဝေးလွင့်လွင့် ဖြစ်သင့်တန်ကောင်းပါရဲ့
ငါ့ကိုယ်ငါ တအားကုန် မောင်းတင်ပစ်လွှတ်လိုက်တယ်
ပစ်ကွင်းတွေကောင်းသလောက် ပစ်မှတ်တွေ ပျောက်ချက်သားကောင်းလှချည်လား
(ခက်တယ်)
ငါကိုက ဒါဏ်ရာရပြီးသား ပစ်မှတ်တွေကို မပစ်တတ်တဲ့ကောင်လေ။


ဖြစ်ချင်တာ-
ဟောဒီ အသုံးမကျတဲ့ ကမ္ဘာကို တဘိုင်းဘိုင်း ခေါင်းစိုက်ကျိုးပျက်စေမဲ့၊ မုန်တိုင်း
ဖြစ်ခဲ့တာ-
သမိုင်းစာမျက်နှာ ညစ်စွန်းရုံလေးပါပဲ၊ လေပွေ
(ဘ၀ပဲလေ၊ ဘ၀ပဲလေ ဆိုပြီးတော့)
မနက်ဖြန်က တစ်ဖက်၊ ဖြေဆေးက တစ်ဖက်
လေပွေဟာ ဖြေဆေးစွဲခဲ့တယ်။


အဲဒီလေပွေဟာ
ခေတ်ကန္တာရကိုအဖြတ်
ငါ့ရာဇ၀င်တွေ ငါ့ကိုပြန်ပတ်တာ ခံလိုက်ရတယ်။


ဖုန်တလုံးလုံးနဲ့ အသက်ရှူကျပ်နေတဲ့ အသက်ရှူနှုန်းတွေ အနည်ထိုင်မဲ့နေ့
လမ်းပေါ်မှာ လေပြေဟာ သီချင်းသစ်တွေ ဟစ်နေဦးမှာပါ။

ဟိုး....တောင်ထိပ်ပေါ်က
ဆည်းလည်းတွေ တီးခတ်တဲ့ သံစဉ်လိုတော့
ဘယ်ချိုမြိန်နိုင်ပါ့ဦးမလဲ.....

..................................ပြီးပြီးသွားတဲ့ ပြုလုပ်နေဆဲ အမှုတွေနဲ့
..................................မပြီး၊ မပြီးတော့မဲ့ ပြုလုပ်နေဆဲ အမှုတွေနဲ့
ဘ၀လေး လွင့်နေတယ်။


သုအိုင်စံ

0 comments: