Sunday, April 1, 2012

စီရင်ရာနေ့

ပူနွေးလာတဲ့ ကမ္ဘာ့ပြဿနာကြောင့်
လူရေးရာရဲ့ ဘဝဇတ်ဆရာဟာ ဂေါက်ခဲ့ပြီလား။

အဆိပ်ခိုးတွေ ကြိတ်တိုးနေတဲ့ မိုးကောင်းကင်မှာ
အမုန်းမာန်နဲ့ ရုန်းကန်နေတဲ့ ဒုံးပျံများ။

အလွန်ပင် ကြာဝေးသည့် ကာလတုန်းက အစပျိုးခဲ့တဲ့
ကျွန်/သခင် ဘာသာရေး အဓိကရုန်းတွေ ထပ်ဆိုးခဲ့ပြီ။

အနောက်အရပ်မှာ ပျောက်ရှသွားတဲ့ တိုးတက်ခြင်း
အရှေ့အရပ်မှာ တွေ့ရတဲ့ ဒဿနအလင်း။

ရေနံတစ်စက် လုယက်စုဆောင်းရန်အတွက်
တမင်ရန်ဖက် ထုနှက်ထုထောင်း  ရန်စောင်တဲ့စစ်။

ကမ္ဘာ့ လူတကာကို ခြိမ်းခြောက်ရန်
ကမ္ဘာ့ စူပါပါဝါကို ထိန်းဆောက်ပြန်တယ်။

လူတိုင်းဟာ အိုင်တီခေတ်ရဲ့ နာရီသစ်တွေပဲ
လူတိုင်းကို အနှိုင်းအဆမဲ့ ဗိုင်းရပ်စ် ဖျက်တယ်။

လူမဲရဲ့ တုံးအောက်က အူဝဲအော်သံဟာ
လူဖြူရဲ့ ဦးနှောက်ကို ထူပူစေခဲ့ပြီပဲ။

ကျွန်ခေတ်မှာလို နွံနစ်မနေတော့ပေမဲ့
အခွန်သစ်နည်းနဲ့ ကျွန်ဖြစ်ပြီးရင်း ကျွန်ဖြစ်စေခဲ့ပြန်တယ်။

အရှင်ဘုရားတွေကို ကိုးကွယ်ဖို့ အရေးမကြီးတော့ဘူး
အင်အားတွေကို တိုးချဲ့လို့ သွေးနီးကြပြီ။

သက်ရှိအသက်တစ်ခုကို လက်ရှိစက်မှုနဲ့ ဝယ်လိုက်ပြီ
မာနတွေ ကွာကျခဲ့
သိက္ခာတွေ စိတ်မွှာခဲ့
လူသားဆန်မှုတွေ အထူအပါးမမှန်တော့ပြီ။

အလင်းအမှောင်တွေ ပျောက်တော့မယ်ဟေ့
အဆင်းအရောင်တွေ ဖျောက်ခဲ့တော့ကွ
အမှန်အမှားတွေကို ချန်ထားခဲ့ပါတော့
ဓမ္မရော အဓမ္မပါ အ ခဲ့ပြီ။

လျှောက်လာတဲ့ခရီးဟာ ရောက်လာခဲ့ပြီ
စောင့်သည့်အရာဟာ ရောက်ရှိလာပြီ
ဟောဒီမှာ...
ရုပ်ကလာပ်ဟာ ဆုတ်ဖြတ်ခံရတော့မှာလား လူ့ကမ္ဘာ
စိတ်ဓါတ်ဟာ အဆိပ်ခတ်ခံရတော့မှာလား လူသား
အချစ် အမုန်းတွေ ခေတ်တုံးသွားပြီလား လူ့နှလုံးသား
အတွေးအခေါ်တွေ ဘေးချော်သွားပြီလား လူ့ဦးနှောက်
တစ်ယောက်စီဟာ ဆောက်တည်ရာ မရှိ
တစ်ဦးစီဟာ ဦးတည်ရာ မသိ
တစ်ဘဝစီဟာ တစ်စစီ အတိ
တစ်ခုလုံးဟာ စုရုံးမှုမဲ့ ညီညီညာညာ
တစ်ဖွဲ့လုံးဟာ ပျက်သုန်းဖို့ မြိုင်မြိုင်ဆိုင်ဆိုင်
အမှားဆုံးသောသူဟာ အားလုံးသောလူပါပဲ ပျော်ပျော်ရွှင်ရွှင်
ကြည့်ရင် တဖြတ်ဖြတ် ရုံခါနေတဲ့ ပြက္ခဒိန်ပေါ်က
ဝိညာဉ် တဆတ်ဆတ် တုန်ခါနေတဲ့ အသက်ဇီဝိန်ဟာ
ကမ္ဘာ့ အချိန် ဇတ်ကားကို အပြတ် အရှိန်သတ်သွားခဲ့တယ်။  ။

သုအိုင်စံ
၀၁.၀၄.၂၀၁၂

0 comments: