Sunday, April 1, 2012

ပြည့်ရတနာဂုဏ် ပြည့်တန်ဆာရုံ

ဒဏ်ရာကို ပြန်စာရေးမိပြန်ပြီ... "သန္တာရေ..."
တရံတခါက ငါတို့ဇတ်လမ်းဟာ
ပြန်လာလို့မအပ်တဲ့ အနာဂတ်လမ်းပဲ။
စီးကရက်သောက်သွားတဲ့မင်းရဲ့ ဆေးလိပ်တိုဟာ ငါပါ။
ခရီးဆက်လျှောက်သွားတဲ့မင်းရဲ့ အဝေးဂိတ်အိုဟာ ငါပါ။
အရာရာ မခိုင်မြဲတဲ့ အမွှာနိုင်ငံထဲမှာ
တတ်နိုင်တာထက် ထပ်ကိုင်လာတဲ့
ဘိန်းရောင်းသမားလို တိမ်းစောင်းသွားတဲ့ ငါတို့။ 
အရာရာ မခိုင်မြဲတဲ့ အမွှာနိုင်ငံထဲမှာ 
နိုင်ငံတော်သီချင်းစာသားကို သံပြိုင်အော်ရင်း မှားနေတဲ့ ငါတို့။
အရာရာ မခိုင်မြဲတဲ့ အမွှာနိုင်ငံထဲမှာ
အသက်စည်းစိမ်ရော ဘွဲ့မီးအိမ်ရော
ဖွဲ့စည်းပုံတွေ ပျက်စီးကုန်တဲ့ ငါတို့။
အရာရာ မခိုင်မြဲတဲ့ အမွှာနိုင်ငံထဲမှာ 
ဒို့ဒုက္ခသည်တွေ ရှုပ်ပွနေတဲ့ ဒို့မြို့တော်မှာ ဒို့မပျော်တဲ့ ငါတို့။
အရာရာ မခိုင်မြဲတဲ့ အမွှာနိုင်ငံထဲမှာ
လေတပ် ရေတပ် ကြည်းတပ်များအားလုံး
သေကြ ကျေကြ ခရီးရပ်နား ပျက်သုန်းသွားတဲ့ ငါတို့။
အရာရာ မခိုင်မြဲတဲ့ အမွှာနိုင်ငံထဲမှာ
လူထုအခွင့်အရေးကို မူတစ်ခုဖွင့်ပေးဖို့ ဝန်လေးနေတဲ့ ငါတို့။
အရာရာ မခိုင်မြဲတဲ့ အမွှာနိုင်ငံထဲမှာ
သင်ဆရာ မြင်ဆရာ ကြားဆရာ မပံ့ပိုး မရှာပေးနိုင်လို့
အစဉ်အလာများသာ ပျက်ဆိုးလာတဲ့ ပညာရေးနဲ့ ငါတို့။
အရာရာ မခိုင်မြဲတဲ့ အမွှာနိုင်ငံထဲမှာ
ငိုပြတဲ့ ဖြေဆေးလို မူးယစ်ဆေးအတွက်
လိုအပ်တဲ့ ငွေကြေးကို မဖူးပွင့်ပေးနိုင်တဲ့ ငါတို့။
အရာရာ မခိုင်မြဲတဲ့ အမွှာနိုင်ငံထဲမှာ
အိမ်ပြေး အိုးမဲ့အိမ်မဲ့ မျှော်လင့်ခြင်းမဲ့တွေအတွက်
အချိန်ပေး အကျိုးဖျက် အိမ်တက်အိမ်ဆင်း မကူညီနိုင်တဲ့ ငါတို့။
အရာရာ မခိုင်မြဲတဲ့ အမွှာနိုင်ငံထဲမှာ
ငွေကြေးဖောင်းပွမှုအတွက် ဖြေဆေးကောင်းက တစ်ခုမှ မရှိတဲ့ ငါတို့။
အရာရာ မခိုင်မြဲတဲ့ အမွှာနိုင်ငံထဲမှာ 
စီးပွားကျိုးပျက်လို့ ကြီးပွားတိုးတက်ရမဲ့
အရေးပါ အရာရောက်ဆုံးတွေဟာ အခါခါပျောက်ဆုံးနေတဲ့ ငါတို့။
အရာရာ မခိုင်မြဲတဲ့ အမွှာနိုင်ငံထဲမှာ
ယာယီအစိုးရ လူဗာလတွေအတွက်
ကမ္ဘာတည်အစိုးရ မူဝါဒတွေ ချမှတ်မိတဲ့ ငါတို့။
အရာရာ မခိုင်မြဲတဲ့ အမွှာနိုင်ငံထဲမှာ
တခါက အနိုင်ရ အောင်ပွဲရ နိုင်ငံရေးပါတီသစ်ကို
အာဏာအပ် အထိုင်ကျအောင် မလွဲအပ်နိုင်တာ ကြာပြီဖြစ်တဲ့ ငါတို့။
အရာရာ မခိုင်မြဲတဲ့ အမွှာနိုင်ငံထဲမှာ
သက်ဆိုးရှည်နေတဲ့ ပြည်တွင်းစစ်ဆိုးအတွက်
ဆက်ပျိုးနေတဲ့ ပြည်တွင်းဖြစ်မျိုးဆက်အမှားတွေနဲ့ ငါတို့။
အရာရာ မခိုင်မြဲတဲ့ အမွှာနိုင်ငံထဲမှာ
ကျောင်းသားလိုအပ်ချက်မှန်သမျှကို သူတောင်းစားလို ချဆက်ဆံမိတဲ့ ငါတို့။
အရာရာ မခိုင်မြဲတဲ့ အမွှာနိုင်ငံထဲမှာ
သာသနာ့ သားမြတ်တွေကို အာဏာပြ တအားသတ်မိတဲ့ ငါတို့။
အရာရာ မခိုင်မြဲတဲ့ အမွှာနိုင်ငံထဲမှာ 
အင်တာနက်ခေတ်ကြီးကို ဆင်ဆာဖျက်တဲ့ အကျင့်ကြီးက ရင့်သီးနေတဲ့ ငါတို့။
အရာရာ မခိုင်မြဲတဲ့ အမွှာနိုင်ငံထဲမှာ 
ထောင်တွေက "ဝ" လာ၊ အမှောင်တွေက "လှ" လာ၊ ဘောင်တွေက "ကြပ်" လာတဲ့ ငါတို့။
အရာရာ မခိုင်မြဲတဲ့ အမွှာနိုင်ငံထဲမှာ
ငါ့ဖို့ ရဖို့ ဝဖို့၊ ထပ်မရင်းပဲ၊ ချနင်းမြဲ ဘဝငပျင်းစွဲနေတဲ့ ငါတို့။
အရာရာ မခိုင်မြဲတဲ့ အမွှာနိုင်ငံထဲမှာ 
စစ်တပ်က အာဏာတရစပ် အပြတ် ကြီးစိုးထားလို့
ဖြစ်သမျှဟာ အလဟသ ထပ်ပြီး ဆိုးဝါးနေတဲ့ ငါတို့။
အရာရာ မခိုင်မြဲတဲ့ အမွှာနိုင်ငံထဲမှာ 
အလံတော်တစ်ခုအောက် ပြန်ခေါ်စုလို့မရတော့တဲ့ အလံတော် ၂ခုအဖြစ်မွေးဖွား
ခွဲထွက်ရေးသမားအစစ်ဟာ မင်းနဲ့ငါ
အရာရာ မခိုင်မြဲတဲ့ အမွှာနိုင်ငံမွဲဟာ
အရာရာ ယိုင်လဲနေတဲ့ "ဖာ" နိုင်ငံပဲပေါ့
တကယ်တော့...မင်းရော ငါဟာ
လူဖြစ်ရှုံးတဲ့ ပြည့်တန်ဆာတွေပေါ့..."သန္တာရယ်..."။   ။

သုအိုင်စံ (၀၁.၀၄.၂၀၁၂)
(သမိုင်းလိမ် ရွေးကောက်ပွဲ အမှတ်တရ)

0 comments: