အရှင်သီဆိုဖို့
ငါ ဒီကိုလာခဲ့တာ မဟုတ်ဘူး
အရှင်တီးခတ်ဖို့
ငါ ချည်းကပ်ခဲ့တာ မဟုတ်ဘူး
အရှင်ကျူးရင့်ဖို့
ငါ ဖူးပွင့်ခဲ့တာ မဟုတ်ဘူး။
ဆယ့်နှစ်ချောင်းသောကြိုးနဲ့
အသက်တစ်လောင်းကို ပျိုးထောင်
(လူဆိုတာ)
ဘယ်ကောင်ရဲ့ ဂီတလဲဟေ့။
အင်ထရိုမပါတဲ့ မတော်တဆတေးကို
ပင်ကိုယ်သဘာဝနဲ့ဖော်စပ် ဆက်ရေး
(သံစဉ်ဆိုတာ)
ထွက်ပြေးနေရတဲ့ ထောင်ပါ။
လောကက
ကော်ရက်စ်ပိုဒ်တွေအပေါ်မှာ
အဖော်အဖွဲ့နဲ့ လိုက် လိုက် အော်ကြသတဲ့..ဟား..ဟား။
ဒီမှာ လက်ချောင်းရိုးရိုးတွေလေ
ဆယ့်နှစ်ချောင်းကြိုးရှည်ခေတ်ပေါ်မှာ
ရင့်ရော်ချိနွမ်းခဲ့ဒီဘဝ
နိဒါန်းမဲ့ဂီတဥာဏ်လမ်းကြောင်း
အသိရမ်းနဲ့မပီမသ အကြမ်းမောင်းတယ်။
အရှင့်ရဲ့ အမြင်
ဘာကို ထွင်နေခဲ့တာလဲ
အရှင့်ရဲ့ အတွေး
ဘာကို ရေးနေခဲ့တာလဲ
အရှင့်ရဲ့ ဒဿန
ဘာကို ပြနေခဲ့တာလဲ။
ငါလေ
မရောက်မချင်း
ဖောက်ခွင်းခဲ့တယ်...သံစဉ်ထဲ၊
ငါလေ
သက်စိုးရှည်သလောက်
ဆယ်နှစ်ကြိုးကဝေလျှောက်ခဲ့တယ်...သံစဉ်ထဲ၊
ငါလေ
သံစဉ်ပျောက်ဆုံးတဲ့အထိ
ဂန္တဝင်မြောက်ရုန်းခဲ့မိတယ်...သံစဉ်ထဲ။
နိဂုံးကို
ညှိတုန်းမှာ
နေလုံးအိမ်မက်အလင်းပျောက်
သေဆုံးငြိမ်သက်ခြင်းရောက်ခဲ့ပြီ...အရှင်။
ထာဝရသံစဉ်ဆိုတာ
ဘာမှပြန်ရှင်လို့မရတဲ့ တိတ်ဆိတ်မှုပေါ့ကွာ။ ။
သုအိုင်စံ
Sunday, March 11, 2012
ဆယ့်နှစ်ကြိုးဂစ်တာ
Subscribe to:
Post Comments (Atom)
1 comments:
You are so very good. Thank you.
Post a Comment