Friday, March 2, 2012

ထိုးစစ်ဆင်သည့် တပ်များ ဆုတ်လိုက်ပါက အလိုလို အပစ်ရပ်သွားမည် ဟု ကေအိုင်အိုပြော

မတ်လ ၂ ရက်၊ ၂၀၁၂ ခုနှစ်၊ ကချင်သတင်းဌာန

အစိုးရ၏ ကေအိုင်အိုနှင့် အပစ်ရပ်ရန် ကြိုးပမ်းမူများသည် အထွေအထူးခက်ခက်ခဲခဲ ကြိုးပမ်းရန်မလိုပဲ အစိုးရတပ်၏ အလုံးအရင်းနှင့် နေရာယူထားမူများ ကိုဖယ်ရှားလိုက်ပါက သူ့အလိုလို အပစ်ရပ်သွားမည် ဖြစ်ကြောင်း ကေအိုင်အိုအထွေထွေ အတွင်းရေးမှူး ဒေါက်တာလဂျာက ဖေဖော်ဝါရီလ ၂၈ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သည်။

ကေအိုင်အေ ဌာနချုပ် လိုင်ဇာ၊ကေအိုင်အေ တပ်မဟာ ၃ မိုင်ဂျာယန်နှင့် ရှမ်းမြောက်ရှိ ကေအိုင်အေ တပ်မဟာ ၄ လှုပ်ရှားသည့် နေရာ၊ ဖားကန့်မြို့နယ် ကေအိုင်အေ တပ်ရင်း ၆ တို့ အနီးတ၀ိုက်တွင် အစိုးရမှ အင်အားတိုးချခဲ့ပြီး တပ်မ ၈၈၊၉၉၊၆၆ နှင့် စကခ ၁၆ လက်အောက်ခံ တပ်ရင်းများ၊ စကခ ၁၀ လက်အောက်ခံ တပ်ရင်းများအပြင် နယ်မြေခံ တပ်များသည်လည်း တိုးချဲ့နေရာယူလာကြောင်းသိရသည်။ ၁၉၉၄ ခုနှစ် မှ ၂၀၁၀ အပစ်အခတ်ရပ် ကာလအတွင်း မိုးကောင်းအခြေစိုက် စကခ ၃၊ဗန်းမော်အခြေစိုက် စကခ ၂၁၊ ဒကစ တနိုင်း တို့လက်အောက်ခံ တပ်ရင်း ၃၆ ရင်း တိုးချဲ့ခဲ့သည်။

၁၉၉၄ မှာ အပစ်ရပ်စာချုပ်ထိုးခဲ့ပြီးပါပြီ၊ အဲကတည်းက ကျွန်တော်တို့က နိုင်ငံရေးအရ ဆွေးနွေးဖို့ပြောခဲ့တာ။ အဲတုန်းက တပ်မတော် အစိုးရဖြစ်လို့ နောင်လာမဲ့သူတွေနဲ့ ဆွေးနွေးပါလို့ပြောခဲ့တယ်။ ခုပစ်ကြခတ်ကြတယ် ဆိုတာကလဲ ကျွန်တော်တို့ ပစ်တာမဟုတ်ဘူး။ သူတို့အရင် စပစ်တာ ဖြစ်ပါတယ်။ ဆွေးနွေးပွဲမှာ သူတို့ဘက် က ကျွန်တော်တို့ဘက်ကိုကျွံဝင်နေတဲ့ တပ်တွေရဲ့ စာရင်းလဲပေးပြီးပါပြီ သူတို့ဘက်ကသာ အဲတပ်တွေ ရုပ်သိမ်းသွားမယ်ဆိုရင် ဘာသေနတ်သံမှ ထွက်နေစရာ မလိုတော့ဘူး ဟုပြောခဲ့သည်။

အစိုးရတပ် ၁၂၀ ကျော် ကေအိုင်အေ ထိန်းချုပ်ထားသည့် နေရာတွင် နေရာယူထားပြီး တိုက်ပွဲများမှာ ပြည်တွင်း စစ်နှင့်မတူပဲ နိုင်ငံအချင်းချင်းဖြစ်ပွားသည့် တိုက်ပွဲများကဲ့သို့ ပြင်းထန်ကြောင်း ကေအိုင်အေ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဦးဂွမ်မော်က ၂၀၁၁ ဒီဇင်ဘာလ အတွင်းက ဧရာဝတီနှင့် ပြုလုပ်သည့် အင်တဗျူးတွင် ပြောခဲ့သည်။

၁၉၉၄ ခုနှစ်တွင် အပစ်ခတ်ရပ်စဲရေးစာချုပ်ထိုးပြီးဖြစ်သောကြောင့် နိုင်ငံရေးဆွေးနွေးပွဲသို့ တိုက်ရိုက်ဆွေးနွေးနိုင်ကြောင်း ကေအိုင်အိုမှ အစိုးရကို တောင်းဆိုထားသည်။ တောင်းဆိုထားသည့် နိုင်ငံရေးဆွေးနွေးပွဲများလည်း ဖြစ်လာနိုင်မည့် အရိပ်အယောင်များ ရှိနေကြောင်း ၄င်းက ဆက်လက်ပြောသည်။

ကေအိုင်အေသည် ၁၉၉၄ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် နအဖ အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးစာချုပ် သည့် အဖွဲ့ဖြစ်သည်။ ၂၀၁၀ ခုနှစ် ဂျွန်လ ၉ ရက်နေ့တွင် ကေအိုင်အေ တပ်သား ၄ ဦးသာရှိသည့် ရှေ့တန်းစခန်း တခုကို အစိုးရ တပ်မှ ၀င်ရောက်တိုက်ခိုက်ခဲ့ပြီး ဂျွန်လ ၁၂ ရက်နေ့တွင် ကေအိုင်အေမှ ပြန်လည် ခုခံသောကြောင့် အပြန်အလှန်တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်သည်။

မတ်လအတွင်း ကေအိုင်အိုနှင့် အစိုးရကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြန်လည်ပြုလုပ်သွားနိုင်ချေရှိသည် ဟု သတင်းများထွက်ပေါ်နေသည်။

0 comments: