Thursday, January 19, 2012

အချစ်ချည်းသက်သက်

မတ် ၂၇၊ ၂၀၀၉

အချစ်ရေ …
စီးကရက်မီးခိုးတွေမှာတောင်
မင်းစကားသံတွေက ဝဲလို့။ (၁)

ကိုယ့်မျက်ဝန်းထဲ
အလွမ်းတွေ ငွေ့ရည်ဖွဲ့
ချစ်သူရဲ့နှလုံးသားခြေဖမိုးပေါ်
နှစ်ကာလပုလဲတွေ ကြွေကျနေပုံများ
ကိုယ့်နှလုံးသားရဲ့ ဘာသာစကားပါ။ (၂)

ငွေ့ရည်ဖွဲ့ခြင်းမှာ …
ဒြပ်ထုအစိုင်အခဲတွေ ရှိကြတယ်
(ဒါပေမယ့် … ဒါဟာလည်း)
ချစ်ခြင်းရဲ့ သင်္ကေတ
မင်းမြင်ခွင့် ရစေချင်တယ်။ (၃)

အဲဒီ … ငွေ့ရည်တွေနဲ့
လောင်ကျွမ်းနေတဲ့ ကောင်ကြီး
ကဲ … ပြော
ဘယ်သွားမှာလဲ။ (၄)

ဒီအချစ်တွေအတွက်
မင်းရဲ့ရင်ခွင် တုန်ခါနေမလား
(ခွင့်လွှတ်ပါကွယ် …)
မီးတောင်တွေက
အချိန်အခါရောက်ရင် ပေါက်ကွဲတယ်
ကိုယ့်အချစ်မီးတောင် ပေါက်ကွဲပေါ့
အချစ်ချည်းသက်သက်။ (၅)

ကဲ …
ဘယ်သူတွေ ရိုးရိုးသားသားချစ်ဖူးလဲ
ငါတို့ရဲ့အပစ်ပယ်ခံအိပ်မက်တွေ
ရဲရဲရင့်ရင့် ပွင့်နေပုံ။ (၂)

အချစ်ရေ …
ခေတ်တွေနဲ့အတူ ငါစီးခဲ့
မြစ်ရေကြီးချိန်မို့လား
အလွမ်းတွေ ဗေဒါကြပ်ချိန်
အထီးကျန် နှစ်ပေါင်းတရာပေါ်
ငါ ရပ်လို့။ (၁)

အချစ်ရေ …
အပြင်မှာ မိုးတွေရွာနေတယ်
ငါရင်ထဲမှာလည်း
အလွမ်းတွေ ရွာနေပေါ့။ (၃)

ငါတို့ဘယ်အထိ နီးမှာလဲ
တေးသီချင်း တပုဒ်ကို
အခါခါ ဆိုသလိုမျိုး
အဲသလိုနဲ့
တဖြည်းဖြည်း ငါတို့ဝေးကြ
တမြေ့မြေ့ ငါတို့လွမ်းကြ။ (၄)

ဒီရေမြင့်ပေါ့
ကြည့်စမ်း
ခရာဆူးခြုံ
မျှော့နက်တွေ တွယ်ပါစေ
ငါ့နှလုံးသွေး
မင်း ဆယ်ယူလိုက်ပါကွယ်
အချစ်ချည်းသက်သက် ။ (၅)

(၁) သစ်ကောင်းအိမ်
(၂) ကမာပုလဲ
(၃) ညိုထက် (လမ်းသစ်ဦး)
(၄) ရိုးဆက်
(၅) ပွင့်သစ် (ကရိန်ကန်)
၃၁၊ ၇ ၊၂ဝဝ၆

…… သူငယ်ချင်း ရဲဘော်ကြီးဂုရု (သို့မဟုတ်) ပွင့်သစ် (ကရိန်ကန်) ….. သို့ …. အမှတ်တရ
ကျွန်တော့်အနေနဲ့ ဒီ ကဗျာလေးကို ထင်မှတ်မထားပဲနဲ့ မိုးမခရဲ့ Wordpress အီးမေးလ် စာမျက်နှာမှာ ပြန်လည် တွေ့ရှိလိုက်ရတယ်။ အဲဒီအချိန်မှာ အဲဒီကာလကို ရင်ခုန်မှုတွေနဲ့ ပြန်သတိရလိုက်တယ်။ လူ (၅)ယောက်နဲ့ ကဗျာတပုဒ်၊ ဇူလိုင်မိုးစက်များ၊ လွန်ခဲ့သော (၆)နှစ်ကာလ၊ ကိုခင်ဝမ်း အမှတ်တရ၊ သူစိမ်းဆန်နေတဲ့ ဒုတိယအိမ် ….. ။
ကိုမင်းကိုနိုင်တို့ အကျဉ်းထောင်ကနေ ပြန်လွတ်လာတယ်။ လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ကျဆုံးခဲ့တဲ့ ဂုရုရေ ….. မင်းကို သိပ်သတိရနေမိတယ် ….

0 comments: