Thursday, January 5, 2012

တရုန်းရုန်း တ၀ုန်းဝုန်းလူတွေ များနေလို့ကတော့

(ယခုအပတ်ထုတ် ပြည်သူ့ခေတ်ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ မောင်ဝံသ ပြောချင်လွန်းလို့ ဆောင်းပါး။)

မောင်ဝံသ

အခုရက်ပိုင်းအတွင်း နိုင်ငံတကာ သတင်းမီဒီယာတွေအားလုံးလိုလိုကို လွှမ်းမိုးထားတဲ့ သတင်းကတော့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီကွယ်လွန်အနိစ္စရောက်သွားတဲ့ သတင်း ဖြစ်တယ်ဗျ။

ဒီမိုကရေစီသူရဲ့ကောင်းဟာဗဲလ်

ဒီနေရာမှာ ထူးခြားတဲ့တိုက်ဆိုင်မှုလို့ ဆိုနိုင်တဲ့ အဖြစ်အပျက်နှစ်ခုကို ကျွန်တော် သတိပြုမိခဲ့တယ်ဗျ။ အဲဒါကတော့ ကမ္ဘာပေါ်မှာ အလျှို့ဝှက်ဆုံး အာဏာရှင်လို့ အများကသိထားကြတဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီနဲ့ သူ့နိုင်ငံမှာ ဒီမိုကရေစီစနစ် ထွန်းကား လာအောင် ဒုက္ခအမျိုးမျိုးခံပြီး ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့အပြင် ကမ္ဘာတစ်လွှားမှာ ဒီမိုကရေစီထွန်းကားရေးအတွက်လည်း ရှေ့တန်းကနေ ပြီး စွမ်းစွမ်းတမံကူညီဆောင်ရွက်ခဲ့တဲ့ ချက်သမ္မတနိုင်ငံရဲ့ သမ္မတဟောင်း ဒီမိုကရေစီသူရဲ့ကောင်း ဗက်ကလပ်ဟာဗဲလ်တို့ဟာ တစ်ဦးနဲ့တစ်ဦး ရက်သိပ်မခြားဘဲ ရှေ့ဆင့်နောက်ဆင့်ဆိုသလို ကွယ်လွန်သွားခဲ့ကြတဲ့ အချက် ဖြစ်တယ်ဗျ။

အဲသလို တစ်ဦးနဲ့တစ်ဦး အခြေခံသဘာဝချင်း ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေကြပုံရတဲ့ ခေါင်းဆောင်နှစ်ဦး တစ်ချိန်တည်း တစ်ပြိုင်တည်း နီးပါး ကွယ်လွန်အနိစ္စရောက်သွားခဲ့ကြတာ ဖြစ်တဲ့အတွက် ကမ္ဘာတစ်လွှားက ပြည်သူတွေဟာ နိုင်ငံတကာရုပ်သံဌာနတွေက ထုတ်လွှင့် ပြသနေတဲ့ ခေါင်းဆောင်နှစ်ဦး ကွယ်လွန်အနိစ္စရောက်သွားတဲ့ သတင်းကို ရှေ့ဆင့်နောက်ဆင့် ကြည့်ရှုနားထောင်ခဲ့ကြရတယ်။

ဟာဗဲလ်ကွယ်လွန်သွားခြင်းအတွက် ချက်နိုင်ငံက ပြည်သူတွေသာမက ဒီမိုကရေစီဘက်တော်သား ကမ္ဘာ ပြည်သူအားလုံးက ၀မ်းနည်းပူဆွေး နေကြတာ မဆန်းဘူးဗျ။

အဏုမြူစီမံကိန်းနဲ့ ငွေညှစ်ဖို့ ကြိုးစားသူ

ဒါပေမယ့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံးအီနဲ့ ပတ်သက်ပြီး ကမ္ဘာပြည်သူတွေသိထားကြတာကတော့ တစ်မျိုးဗျ။ ရှေးဟောင်း ပဒေသရာဇ်ခေတ်က ပုံစံမျိုး ဖခင်ဖြစ်သူဆီက အာဏာဆက်ခံရယူခဲ့သူဖြစ်တဲ့ ကင်ဂျုံအီဟာ ဂျော့အော်ဝဲလ်ရေးတဲ့ ၁၉၈၄ ၀တ္ထုထဲက Big Brother အစ်ကိုကြီးလို သူ့ပြည်သူတွေအပေါ် ကျင့်သုံးခဲ့သူလို့ အဆိုရှိတယ်။ နိုင်ငံရဲ့ ထိပ်တန်း ရာထူးကြီးတွေမှာ သူ့ရဲ့ ဆွေမျိုးသားချင်းတွေနဲ့ သူ့လူယုံတော်တွေကိုသာ တွေ့ရမှာ ဖြစ်တယ်။ ပြည်သူ သန်းပေါင်းများစွာ အငတ်ဘေး ဆိုက်စေခဲ့တဲ့ စီးပွားရေးမူဝါဒတွေကို ချမှတ်ကျင့်သုံးခဲ့သူဖြစ်တယ်။ အဲဒီအမှားကို ထေမိစေဖို့အတွက် အဏုမြူစီမံကိန်းကို လီဗာအဖြစ် အသုံးပြုပြီး ဖအေတူ မအေကွဲ ညီအစ်ကို တောင်ကိုရီးယားနိုင်ငံနဲ့ အမေရိကန်နိုင်ငံတို့ဆီက ငွေညှစ်ဖို့ အမြဲကြိုးစားနေတဲ့သူဖြစ်တယ် စတဲ့ ရစရာမရှိလောက်တဲ့ သတင်းဆိုးတွေနဲ့သာ ပြည့်နှက်နေခဲ့သူဖြစ်တယ်ဗျ။


ရှိုက်ကြီးတငင် ငိုနေကြသူတွေ


ဒါပေမယ့် ကျွန်တော်တို့ မျက်စိလည်စရာဖြစ်ရတာက ကင်ဂျုံအီ သေဆုံးသွားတာကို မြောက်ကိုရီးယားပြည်သူတွေက ယူကျုံးမရ အပူလုံးကြွနေကြတဲ့အဖြစ်ပဲဗျ။ သိကြတဲ့အတိုင်း မြောက်ကိုရီးယားနိုင်ငံဆိုတာ နိုင်ငံတကာ စံနှုန်းအရ ပြောရင် သတင်းလွတ်လပ်ခွင့် လုံးဝ မရှိတဲ့နိုင်ငံဆိုတော့လည်း အစိုးရရုပ်/သံက ထုတ်လွှင့်သမျှပဲ ကြည့်ရ မြင်ရတာပဲလားတော့ မသိဘူးပေါ့ဗျာ။ ကင်ဂျုံအီ ကွယ်လွန် သွားမှုနဲ့ ပတ်သက်ပြီး မြောက်ကိုရီးယားနိုင်ငံထဲက လာတဲ့သတင်းမှန်သမျှမှာတော့ ရှိုက်ကြီးတငင် ၀မ်းပန်းတနည်း ငိုကြွေးနေတဲ့ မြောက် ကိုရီးယားနိုင်ငံသားတွေရဲ့ပုံတွေချည်းပဲဗျ။ အဲဒီတော့ ပြင်ပကမ္ဘာက ကျွန်တော်တို့အနေနဲ့ ကင်ဂျုံအီနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ အရင် တုန်းကသိထားတဲ့ သတင်းတွေဟာ အမှားတွေချည်းပဲလား။ ဒါမှမဟုတ် မြောက်ကိုရီးယား အစိုးရရုပ်/သံက ငိုနေတဲ့ သူ့နိုင်ငံသားတွေ ရဲ့ ပုံတွေကိုချည်း ရွေးပြီးထုတ်လွှင့်ပေးနေတာတာလား။ ဒါမှမဟုတ် မြောက်ကိုရီးယားနိုင်ငံသား အများစုကြီးက သူတို့ ကြုံတွေ့ရင်ဆိုင်နေ ကြရတဲ့ လူမှုဒုက္ခအ၀၀ဟာ သူတို့ခေါင်းဆောင်ကြောင့် မဟုတ်ဘူး။ အမေရိကန်နဲ့ တောင်ကိုရီးယားဦးဆောင်တဲ့ သူကို နိုင်ငံကိုရန်လိုတဲ့ နိုင်ငံတွေကြောင့်သာ ဖြစ်တယ်လို့ တကယ်ပဲ ရိုးရိုးသားသား ယုံကြည်နေကြတာလား စသဖြင့် သို့လော သို့လော တွေးတောစဉ်းစားစရာ တွေ ဖြစ်လာခဲ့တယ်ဗျ။

ပူဆွေးငိုကြွေးကြတာ အမှန်ပါတဲ့

ကျွန်တော့်စိတ်ထဲ အဲဒီကိစ္စကို သိချင်လွန်းလို့ ဘေဂျင်းမှာ အခြေစိုက်တဲ့ မိတ်ဆွေ ပြင်သစ်အမျိုးသမီး သတင်းထောက်တစ်ယောက်ကို အီးမေးလ်နဲ့ လှမ်းမေးကြည့်တော့ သူက ပြန်ဖြေပါတယ်။ မြောက်ကိုရီးယားကို သူ အကြိမ်ကြိမ်ရောက်ဖူးတယ်။ သေချာလေ့လာဖူးတယ်။ မြောက်ကိုရီးယားပြည်သူအများစုကြီးဟာ သူတို့ဆီက ၀ါဒဖြန့် ရေဒီယို၊ ရုပ်သံနဲ့ စာနယ်ဇင်းတွေကလွဲလို့ ပြည်ပ သတင်းတွေကို ဘာမှ နားမထောင်ရ၊ မကြည့်ရ၊ မဖတ်ရပါဘူးတဲ့။ အဲဒါကြောင့် သူတို့တိုင်းပြည်ဆင်းရဲငတ်မွတ်နေတာဟာ အမေရိကန်နဲ့ တောင်ကိုရီးယား မျိုးမစစ်တွေအပါအ၀င် ခေတ်သစ်နယ်ချဲ့ နိုင်ငံတွေကြောင့် ဖြစ်တယ်လို့ပဲ သေချာစွဲမြဲ ယုံကြည်နေကြတာ အမှန်ပါလို့ ဖြေပါတယ်။ (ကျွန်တော် အဲဒီစကားလုံးမျိုးတွေနဲ့ ဆင်တူယိုးမှား မြန်မာလို ပြောသံဆိုသံတွေကို လွန်ခဲ့တဲ့ နှစ်နှစ်ဆယ် အတွင်း အကြိမ်ကြိမ် ကြားဖူးသလိုလိုပဲဗျ။)

ဒါဆိုရင် ပညာတတ်တွေ၊ နိုင်ငံခြားမှာ ပညာသင်ဖူးသူတွေ မရှိတော့ဘူးလား၊ သူတို့ကကော အမှန်အတိုင်း မသိမမြင်ဘူးလားလို့ ကျွန်တော်က ထပ်မေးတော့]မြောက်ကိုရီးယားမှာ ပညာတတ်တွေရှိပါတယ်။ အခြေအနေကို အမှန်အတိုင်း သိသူ မြင်သူတွေ ရှိပါတယ်။ သို့ပေမယ့် နည်းနည်းလေးမှ ပါးစပ်မဟရဲကြပါဘူး}}တဲ့။ တရုတ်ပြည်မှာတောင် အစိုးရနဲ့ ပါတီကို ဆန့်ကျင်ကြောင်း ဝေဖန် ပြောဆိုသူတွေ အတော်များများ ရှိတယ်၊ မြောက်ကိုရီးယားမှာတော့ ဆောရီးပါပဲတဲ့။

သဘာဝတရားကတောင် ၀မ်းနည်းသတဲ့

ဤအတောအတွင်း အင်တာနက်က သတင်းတစ်ပုဒ် ဖတ်လိုက်ရတယ်ဗျ။ မြောက်ကိုရီးယားအစိုးရပိုင်KCNA သတင်းအေဂျင်စီက ထုတ်ပြန်တဲ့သတင်းပါ။ ကင်ဂျုံအီကွယ်လွန်သွားချိန်မှာ နှင်းမုန်တိုင်းတစ်ခု ရုတ်တရက် ကျရောက်လာပြီး သူ့မွေးရပ်မြေအနီး ]ပိတ်တူး}လို့ခေါ်တဲ့ တောင်က မီးတောင်ဟောင်း ရေကန်တစ်ခုထဲက ရေခဲတွေကို မိုးကြိုးထိမှန်ခဲ့ကြောင်း၊ ရေခဲကွဲတဲ့ အသံဟာ ကျယ်လောင်လွန်းလို့ ကမ္ဘာကြီးရော ကောင်းကင်ဘုံပါ တုန်ခါသွားတယ်လို့ ထင်ရကြောင်း၊ နှင်းမုန်တိုင်း ရုတ်တရက် စဲသွားပြီးတဲ့နောက် အဲဒီတောင်ပေါ်က ကျောက်တုံးတစ်တုံးပေါ်မှာ ရေးထွင်းထားတဲ့ ]မြင့်မြတ်သောတော်လှန်ရေးတောင် ... ပိတ်တူး ... ကင်ဂျုံအီ} ဆိုတဲ့စာသားတွေဟာ တစ်နေ့လုံး လင်းလက်တောက်ပနေခဲ့ကြောင်း၊ ဒီအခြေအနေတွေကိုကြည့်ရင် ]ချစ်စွာသော ခေါင်းဆောင်ကြီး} ကွယ်လွန်သွားတဲ့ အပေါ် သဘာဝတရားကတောင် ကြေကွဲဝမ်းနည်းနေပုံရကြောင်း အဲဒီသတင်းမှာ ဖော်ပြထားတယ်ဗျ။

အံ့ဖွယ်သရဲဖြစ်ရပ်တွေ

ကင်ဂျုံအီနိုင်ငံကို အုပ်စိုးနေစဉ်အတွင်း မြောက်ကိုရီးယားနိုင်ငံမှာ သူရဲ့ပုံရိပ်ကို ၀င်းလက်ပြိုးပြက်စေခဲ့တဲ့ အံ့ဖွယ်သရဲဖြစ်ရပ်တွေ သို့မဟုတ် အံ့အားသင့်စရာလုပ်ရပ်တွေ ပေါ်ပေါက်ခဲ့ဖူးတယ်လို့ အဲဒီသတင်းကို ပေးပို့တဲ့ ဘီဘီစီသတင်းထောက်က ရေးထားတယ်ဗျ။ ဒါတွေဟာ အမှန်တကယ်လည်း ဖြစ်နိုင်သလို ခေါင်းဆောင်ကြီးအပေါ် ပြည်သူတွေအကြား ပုဂ္ဂိုလ်ရေးကိုးကွယ်မှုပေါ်ထွန်းလာအောင် သူ့ဘေးနားက လူတွေရဲ့ ကြိုးပမ်းမှုလည်းဖြစ်ကောင်း ဖြစ်နိုင်တယ်လို့ သူက သုံးသပ်ထားတယ်ဗျ။

အဲဒီတော့ တစ်ဖက်က လှည့်တွေးကြည့်တဲ့အခါ မြောက်ကိုရီးယားအာဏာရအသိုင်းအ၀ိုင်းဟာ သူတို့ရဲ့ ၀င်ရိုးဗဟိုချက်ဖြစ်တဲ့ ခေါင်းဆောင်ကြီးအပေါ် ]ဂမ္ဘီရ}နည်းလမ်းတွေ သုံးပြီး ကြိုးစားခဲ့ကြလေသလားလို့ တွေးစရာတစ်ခု ရှိလာတယ်ဗျ။ ကျွန်တော် အတွေးလွန် တာလည်း ဖြစ်ချင်ဖြစ်လိမ့်မယ်ပေါ့ဗျာ။

လွှမ်းမိုးမခံသင့်ပါ

ဘာပဲဖြစ်ဖြစ် အဲဒီ ထူးဆန်းအံ့ဖွယ်ဆိုတဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး ကျွန်တော့်အမြင်ကတော့ ရှင်းပါတယ်။ ကျွန်တော်တို့ သာမန်ပုထုဇဉ် လူသားတွေ မမြင်နိုင်၊ မကြားနိုင်၊ မသိနိုင်ပေမယ့် အဲဒီထူးဆန်းအံ့ဖွယ်ကိစ္စတွေဟာ ရှိချင်လည်းရှိနေနိုင်တယ်။ ဒါပေမယ့် ဒါတွေဟာ ရှိတယ်ဆိုရင်တောင် လူတစ်သိန်းတစ်ယောက် တစ်သန်းတစ်ယောက်တောင် ကြုံလေ့ရှိတဲ့အဖြစ်မျိုး မဟုတ်ဘူး။ ဒါကြောင့် အဲသလိုကိစ္စမျိုးတွေက ကျွန်တော်တို့ရဲ့ ]နေ့စဉ်လူမှုဘ၀ဖြတ်သန်းမှုတွေ} ကျွန်တော်တို့ရဲ့ တွေးခေါ်ကြံစည် လုပ်ကိုင်မှုတွေအပေါ် မလွှမ်းမိုးသင့်ဘူး။ အဲဒါတွေရဲ့ လွှမ်းမိုးမှုကို ခံနေတဲ့လူတစ်ယောက် မိသားစုတစ်စုဟာ ဘယ်တော့မှ အထက်တန်းကျတဲ့ဘ၀ကို ရောက်မှာမဟုတ်တာ သေချာတဲ့အပြင် အဲသလိုလူမျိုးတွေ များပြားနေတဲ့ တိုင်းပြည်တစ်ခုဟာလည်း အမြဲအောက်တန်းနောက်တန်း ကျနေမှာပဲ ဖြစ်တယ်ဗျာ။


ဖြစ်ရပ်အမှန်တွေကို သိရှိနိုင်ဖို့


အားလုံးသိကြတဲ့အတိုင်း ကျွန်တော်တို့လူမျိုးကလည်း အဲသလို ထူးထူးဆန်းဆန်း သတင်းတစ်ခု ထွက်လာပြီဆိုရင် ဟုတ်နိုင်၏ မဟုတ် နိုင်၏ စဉ်းစားတာကနောက်၊ ပြေးပြီး ကိုးကွယ်ဆည်းကပ်ပူဇော်ပသလိုက်ကြတာက အရင်ဖြစ်တယ်ဗျ။ တောက်တဲ့တစ်ကောင် သိန်းပေါင်း တစ်သောင်း ငါးထောင်ဆိုလည်း ယုံလိုက်ချင်ကြတာပဲ။ ဆင်ဖြူတော်ဆိုရင်လည်း ပြေးပြီး ကန်တော့လိုက်ကြပြန်ရော။ ကွယ်လွန်သူ သမိုင်းဆရာကြီး ဒေါက်တာသန်းထွန်းဆိုရင် အဲဒီကိစ္စကို ယူကျုံးမရ မကြာခန ပြောလေ့ရှိတယ်။ လူတွေကကွာ၊ တိရစ္ဆာန်ကို ဘာကြောင့် ကန်တော့ကြရတာလဲကွာတဲ့၊ အထူးအဆန်းမို့ သွားကြည့်တာတော့ ကြည့်ပါ။ ဘာကြောင့် ထိုင်ကန်တော့ နေကြတာလဲကွာ။ လုပ်ကြပါဦး၊ ပြောကြပါဦး တဲ့။ မကြာသေးခင်ကတောင် ဗုဒ္ဓမြတ်စွယ်တော်ပုံ ဟိုမှာပေါ်တယ် ဒီမှာပေါ်တယ် ဆိုပြီး အတော်ကလေး တရုန်းရုန်းဖြစ်သွားခဲ့ကြသေးတယ် မဟုတ်လားဗျ။

ထူးဆန်းအံ့ဖွယ်ကိစ္စတစ်ခု တစ်ခုပေါ်လာတိုင်း ဣနြေ္ဒမရလောက်အောင် တရုန်းရုန်း တ၀ုန်းဝုန်း ပြေးလွှားနေကြတဲ့ လူတွေများနေလို့ ကတော့ ကျွန်တော်တို့နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတစ်ခုဖြစ်လာဖို့ ဝေးနေဦးမှာပဲဗျ။ အဲဒီလိုနိုင်ငံမျိုးကို ဆင်ခြင်Óဏ်ရင့်သန်ပြီး အရာရာကို ယထာဘူတကျကျ တွေးနိုင်စွမ်းရှိတဲ့ ပြည်သူများကသာ တည်ဆောက်နိုင်မှာဖြစ်တယ်ဗျ။ အဲသလိုဖြစ်ဖို့အတွက် ဖြစ်ရပ်မှန် လုပ်ရပ်မှန်တွေကို ပြည်သူအများ သိရှိ လေ့လာနိုင်အောင် ကျွန်တော်တို့ သတင်းမီဒီယာသမားတွေက အခက်အခဲ အမျိုးမျိုးကြားက ရှာဖွေစုဆောင်း တင်ဆက်နေခြင်း ဖြစ်ကြောင်းပါ။ အမြင်မတော်တာ အကြားမတော်တာတွေ ရှိလာရင်လည်း လူမိုက်လုပ်၍ ဖော်ထုတ်နေခြင်းဖြစ်ကြောင်းပါဗျာ။

၂၇ ၁၂ ၂၀၁၁

maungwuntha@gmail.comt

4 comments:

Burma pyi thar said...
This comment has been removed by the author.
Burma pyi thar said...

I would like to say, This fact are wrong. North Korea's people had have experience when Kim's father passed away. In that time, someone arrested because they didn't cry when camera turned their side. so, they needed to cry for their safe.

Burma pyi thar said...

I would like to say, This fat are wrong. North Korea's people had have experience when Kim's father passed away. In that time, someone arrested because they didn't cry when camera turned their side. so, they needed to cry for their safe.

Burma pyi thar said...

I would like to say, This fat are wrong. North Korea's people had have experience when Kim's father passed away. In that time, someone arrested because they didn't cry when camera turned their side. so, they needed to cry for their safe.