Saturday, January 7, 2012

အမေ့ဒိုင်ယာရီ (သို့မဟုတ်) မြေစာပင်တို့ရဲ့ နှလုံးသားပုံရိပ်

ရဲဘော်မြတ်

၁၉၉၀ ခုနှစ်ရွေးကောက်ပွဲအပြီးနောက်တစ်လ၊ ကျနော့အသက် ၂၂ နှစ်အရွယ်မှာ တောခိုခဲ့ပါတယ်။ မိသားစုထဲမှာ အကြီးဆုံးသားဖြစ်တဲ့အပြင် အဲဒီအချိန်က ၁၀ တန်းအောင်ပြီး၊ ကောလိပ်ကျောင်းမှာ ဒုတိယနှစ်တက်နေတဲ့ အဆင့်မြင့် ကျောင်းသားဆိုလို့လည်း အိမ်မှာ ကျွန်တော်တစ်ယောက်ထဲပဲရှိတယ်လို့ဆိုရမှာပါ။ အဲဒီတော့ ကျနော်ဟာ မိသားစုရဲ့ အားအထားဆုံးသား ဖြစ်ခဲ့တယ်ဆိုရင်လည်း မမှားဘူး။

ရှစ်လေးလုံးလူထုအရေးတော်ပုံလို့ထင်ရှားတဲ့ ၁၉၈၈ ခုနှစ်က သြဂုတ်လ (၈) ရက်နေ့မှာ ကျနော်နဲ့ကျနော့ညီတို့လည်း ကိုယ့်မြို့မှာ လူထုလှုပ်ရှားမှုပေါ်ပေါက်ရေးအတွက် တခြားလူငယ်ကျောင်းသားတစ်ချို့နဲ့အတူ ပါဝင်ခဲ့ကြတယ်။ အဲဒီညက လူတွေထောင်ချီလောက်အောင်များလာပြီး အရင်ကျောင်းတော်က ရန်စရှိခဲ့သူဆန္ဒပြသမားတစ်ချို့က ရဲစခန်းရှေ့ကိုအရောက် လူအုပ်ထဲကနေ ရဲစခန်းကို အပြင်ကနေ တုတ်၊ ခဲ၊ လက်နက်တွေနဲ့ ပစ်ခတ်တိုက်ခိုက်တဲ့အတွက် ရဲစခန်းတွင်းကလည်း သေနတ်တွေနဲ့ ခြောက်လှန့်ပစ်ခတ်ခဲ့တယ်။ အဲဒီ သေနတ်သံတွေကို ကျနော်တို့ မြို့ထဲကလူတွေက ကောင်းကောင်းကြားရတယ်။ ကျနော် မနက် ၁ နာရီလောက် အိမ်ပြန်ရောက်တော့ ညီလေးက ရောက်နှင့်နေပြီ။ အမေက "မင်းတို့ကွယ်… သေနတ်သံတွေကြားတော့ ငါ့သားတွေဘာဖြစ်ကုန်ပြီလဲလို့ အမေစိတ်ပူလိုက်ရတာ" ဆိုပြီးမျက်ရည်စမ်းစမ်းနဲ့ အသံတုန်တုန်ရီရီ ပြောတယ်။

စက်တင်ဘာ (၁၈) ရက်နေ့၊ စစ်တပ်အာဏာသိမ်းတဲ့ညကလည်း ကျနော်တို့အပြင်မှာ…။ မနက် အိမ်ရောက်တော့ မျက်တွင်းတွေချိုင့်နေတဲ့အမေက သူတစ်ညလုံး သေနတ်သံ၊ ဗုံးသံတွေကြားမှာ သားတွေကို စိတ်မချလို့ အိပ်မပျော်တဲ့အကြောင်းနဲ့ အခု နောက်ဆုံး သားကြီးအိမ်ရောက်မှ စိတ်အေးရတော့တယ်ဆိုပြီး ကျနော့လက်တွေကို တင်းတင်းကြပ်ကြပ်ဆွဲထားရင်း ပြောခဲ့တယ်။

၁၉၈၉ ခုနှစ်အစပိုင်းလောက်က ညအချိန်မတော် အဖွဲ့စုံလက်နက်အပြည့်အစုံနဲ့ လူ ၃၀ လောက် အိမ်တံခါးလာခေါက်၊ အိမ်အနှံ့မွှေနှောက်ရှာပြီး စစ်ထောက်လှမ်းရေးရုံးမှာ တစ်ညအစစ်ဆေးခံခဲ့ ရသေးတယ်။ အဲဒီအချိန်က လုပ်ဖော်ကိုင်ဖက် တခြား ကျောင်းသား ရဲဘော် ၂ ယောက်လည်းပါတယ်။ ကျနော်အဲဒီအချိန်က စဉ်းစားမိတာက ငါ့အတွက် ထိပ်တိုက်စိန်ခေါ်မှုဖြစ်နေပြီ စကားမှားရင်တောင် ထောင်ကျအနှိပ်စက်ခံရနှိုင်တယ်၊ ထောင်ကျရင် သူတို့လက်ထဲမှာ သေလူလို ဘာမှ လွတ်လွတ်လပ်လပ် လုပ်လို့ရမှာမဟုတ်တော့ဘူးဆိုပြီးတော့ အဓိကအတိုက်အခံပါတီဖြစ်တဲ့ မြို့နယ် NLD ပါတီက လူတွေမကောင်းကြောင်းလျှောက်ပြောလိုက်တယ်။ စစ်မေးကြတဲ့ စစ်ထောက်လှမ်းရေးအရာရှိတွေနဲ့ အာဏာပိုင်တွေက မယုံချင့်ယုံချင်နဲ့ နောက်နေ့ကြတော့ ကျနော်နဲ့ ကျနော့သူငယ်ချင်းကျောင်းသားတွေကို ရဲစခန်းကတစ်ဆင့် ပြန်လွှတ်ပေးလိုက်တယ်။ အဲ… ရှစ်ဆယ့်ရှစ်ဆန္ဒပြပွဲကာလက သတင်းစာ ဟောင်းတွေ အိမ်မှာတွေ့သွားလို့ အစိုးရအကြည်ညိုပျက်စေသောစာရွက်စာတမ်းထားရှိမှုဆိုပြီး နှစ်လအတွင်း မြို့ကနေဘယ်မှမသွားရဘူးဆိုပြီး ရဲစခန်းမှာ အပတ်စဉ် လက်မှတ်ထိုးလိုက်ရသေးတယ်။ အဲဒီတုန်းက ရဲစခန်းကအပြန် အိမ်ကိုအ၀င် အမေက ကျွန်တော့ကို သားကြီးပြန်လာပြီဆိုပြီး မျက်ရည်စတွေနဲ့ပြေးထွက်ကြိုခဲ့တယ်။

နောက်ပိုင်း ၁၉၈၉ မှာ အန်တီစု (ဒေါ်အောင်ဆန်းစုကြည်) က သူ့အစီအစဉ်နဲ့သူ အာဇာနည်နေ့ ရန်ကုန်မှာချီတက်အလေးပြုမယ်လို့ကြေငြာခဲ့တယ်။ အဲဒါနဲ့ ကျနော်တို့ဟင်္သာတမှာလည်း ဖြစ်အောင်လုပ်မယ်ဆိုပြီး ပန်းခွေနှစ်ခုရှာပြီးထလုပ်ထည့်လိုက်တော့ မထင်မှတ်ပဲ လူ ၆၀ ကျော်ဖြစ်သွားပြီး ချီတက်လာတဲ့ ဈေးကြီးကိုဖြတ်ဝင်ရမယ့်လမ်းကြောင်းကိုလည်း ရဲကပိတ်ထားလို့ မြို့ထဲကနေပတ်ချီတက်ကြရတော့ တမြို့လုံးဟိုးလေးတကျော်ဖြစ်သွားတယ်။ အဲဒီချီတက်မှုမှာလည်း အများတောင်းဆိုချက်အရ ကျနော်ဦးဆောင်ရပြန်ပါတယ်။ ကံကောင်းတယ်လို့ ဆိုမလား အာဏာပိုင်တွေက အာဇာနည်ကုန်းကို ၀င်ခွင့်ပေးခဲ့ပြီး အဖမ်းအဆီးလည်းမရှိခဲ့ပါ။ အရင်တစ်လောက ဗိုလ်ချုပ်သာအေးလို့ ကြားလိုက်တဲ့ ဗိုလ်မှူးသာအေးက အဲဒီအချိန်က မ၀တဥက္ကဌပေါ့။ ရ၀တ ရပ်ကွက်လူကြီးအဖြစ် အရွေးခံထားရတဲ့အဖေက မြို့နယ်ငြိပ်ပိ (မ၀တ) ရုံးမှာ အဲဒီလှုပ်ရှားမှုဗွီဒီယိုခေါ်ပြတာကြည့်ပြီး ပြန်လာတဲ့အခါ "ဟေ့ကောင်… အကြီးကောင်… မင်းအိမ်ဦးခန်းမှာပဲသွားနေပါကွာ၊ နိုင်ငံရေးမလုပ်ပါနဲ့တော့။ ငါတစ်သက်လုံးရှာကြွေးပါ့မယ်၊ မင်းလုပ်တာနဲ့ တစ်မိသားစုလုံးဒုက္ခရောက်ကုန်လိမ့်မယ်" ဆိုတာမျိုးပြောခဲ့သေးတယ်။ အမေကတော့ မျက်ရည်ဝိုင်းပြီး ခပ်လှမ်းလှမ်းကနေ ကျနော့ကို လှမ်းကြည့်နေခဲ့တာပေါ့်။

အဲ… ၁၉၉၀ ရွေးကောက်ပွဲနေ့ရောက်တော့ ကိုယ့်ပါတီမနိုင်မှာစိုးတဲ့ နိုင်ငံရေးပိုးက ထလာပြန်တော့ လူစု အချိန်းအချက်လုပ်ပြီး စက်ဘီးတွေရှေ့မှာ NLD ပါတီအလံလေးတွေစိုက်၊ ခမောက်တွေဆောင်းပြီး လူငယ်ကျောင်းသား တစ်ရာ တစ်ရာ့ငါးဆယ်လောက်နဲ့ တမြို့လုံးလိုက်လှည့်ပြီးရွေးကောက်ပွဲ အောင်နိုင်ရေးလုပ်တော့လည်း ၀င်ပြီး ပါရပြန်ပါလေရော။ ရလဒ်အဖြစ်လည်း မဲဆန္ဒနယ် ၂ ခုစလုံးအပြတ်အသတ်အနိုင်ရခဲ့ပါတယ်။ ဒါပေမယ့် ဂန္ဓီကြေညာချက်ကြောင့် ဆိုပြီး ကျနော့မိတ်ဆွေ ပူပူနွေးနွေး NLD လွှတ်တော်အမတ် ဒေါက်တာဇော်မြင့်ကိုဖမ်းသွားတာကြောင့် ကျနော်တို့လည်း ဘေးလွတ်ရာကို အမြန်ရှောင်ကြဖို့ ဖြစ်လာတာက တစ်ကြောင်း၊ စစ်အစိုးရအပေါ် လုံးလုံးအယုံအကြည် မရှိတော့တာက တစ်ကြောင်းဖြစ်လို့ နောက်ဆုံး လက်နက်ကိုင်တော်လှန်ရေးနဲ့ အဖြေရှာဖို့အတွက် ကျနော်နဲ့ တခြားကျောင်းသားလူငယ်နှစ်ဦး အားလုံးသုံးဦးတောခိုဖို့ ဖြစ်လာတယ်။

ကျနော်အိမ်မှာ အိပ်တဲ့ကုတင်က အဖေနဲ့အမေတို့ အခန်းဝမှာ။ ကျနော်မနက် အိမ်ကထွက်တော့မှာမို့ အဲဒီညက တော်တော်နဲ့ အိပ်မပျော်ပါ။ ကျနော် မိဘတွေကိုလည်း ခရီးစဉ်ကို အသိမပေးရဲတော့ ကျနော်အဲဒီညက သန်းခေါင်ကျော်လောက် ဖေဖေမေမေတို့အိပ်မောကျတဲ့အချိန်မှာ ကုတင်ပေါ်ကဆင်း မိဘတွေရဲ့ အခန်းဝက ဒူးထောက်ပြီး စိတ်ထဲကရည်ရွယ်ရင်း တိတ်ဆိတ်စွာနှုတ်ဆက်ကန်တော့ခဲ့တယ်။ ဒါဟာ အမေ့ကို နောက်ဆုံးနှုတ်ဆက်ခြင်းဖြစ်မယ်လို့ မတွေးမိခဲ့ဘူး။

ကျန်တဲ့နေရာတွေက မော်တော်စီး၊ ရထားစီးလာလို့ရပေမယ့် မော်လမြိုင်ကနေပြီး လမိုင်းရွာကို အရောက် ဆက်သွားရမယ့်လမ်းက လမ်းလျှောက်မှဖြစ်မှာမို့ ကျနော်တို့ ပထမဆုံး ရွာတွေ၊ တောင်တွေ၊ တောတွေဖြတ်ပြီး ၁၃ ရက်လမ်းလျှောက်ခဲ့ကြတယ်။ တစ်သက်လုံး ဒီလောက်အဝေးကြီး လမ်းမလျှောက်ဖူးတော့ ကျနော်တို့ ခြေထောက်တွေ ပြဲလန်ဖူးရောင်ကုန်ပြီး တစ်ညနားတိုင်း တစ်ကိုယ်လုံးကိုက်ခဲနေတဲ့ ဒဏ်ကို ပထမဆုံး ခံကြရတော့တာပါဘဲ။ တောင်တွေကလည်း အတက်အတိုင်း ခြေထောက်တွေကို ထိမ်းပြီး ဆင်းကြတဲ့အခါ ဒူးတွေဆတ်ဆတ်တုန်လာတဲ့အထိ မိုးလင်းမိုးချုပ် အဝေးကြီး လျှောက်ကြရတယ်။ တပ်မတော်စစ်ကြောင်းသတင်းကိုလည်း ရွာဆက်သားတွေကတစ်ဆင့် နားထောင်ရင်း သူတို့နဲ့လမ်းမှာ မဆုံဖြစ်အောင် ရှောင်ကွင်း သွားခဲ့ကြရတာတွေလည်းရှိတယ်။ ဘုရားသုံးဆူရထားလမ်းဟောင်း အပိုင်းအပြတ်တွေကို ဟိုနေရာတွေ့လိုက် ဒီနေရာတွေ့လိုက် မွန်ရွာတစ်ချို့ဖြတ်လိုက်၊ ကရင်ရွာတစ်ချို့ ဖြတ်လိုက်နဲ့ နောက်ဆုံး KNU ဒူးပလာယာခရိုင်အခြေစိုက်ရုံး (အဇင်းရွာအနီး) ရောက်တော့မှ လုံခြုံတဲ့နေရာရောက်ပြီဆိုပြီး ခရီးစဉ်တစ်ဖြတ်ပြီးဆုံးခဲ့ပါတယ်။

နောက်ပိုင်း ကျောင်းသားတပ်မတော် ဗဟိုဌာနချုပ်အခြေစိုက်တဲ့ မာနယ်ပလောဒေသက လောကွားလူ စခန်းကိုရောက်ခဲ့ကြတယ်။ ကျနော် ကျောင်းသားတပ်မတော်မှာ တပ်ဖွဲ့ဝင်အနေနဲ့ ၁၉၉၀ ကနေပြီး ၂၀၀၁ အထိ တောတွင်းတာဝန်တွေအပြင် ပြင်ပဆက်ဆံရေးတာဝန်တွေပါ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ကျနော်တို့တောထဲမှာ ဗမာ့တပ်မတော်နဲ့မတိုက်ရခင် အရင်ဆုံးတိုက်ရတဲ့ ရန်သူက ငှက်ဖျားပါ။ ကျနော် ABSDF မှာ တပ်ဖွဲ့ဝင်အဖြစ်ရှိစဉ်က ဦးဏှောက်ထဲငှက်ဖျားပိုးဝင်တဲ့ရောဂါနဲ့ နှစ်ခါတိတိ ၃ ရက်လုံးလုံး သတိလစ်နေခဲ့တာရှိပါတယ်။ ပြန်ပြီးသတိရတဲ့အချိန်မှာ ခေါင်းက ဟိုတွေးဒီတွေး ရူးချင်သလိုလိုဖြစ်နေတာမျိုးကို အဲဒီနှစ်ခါစလုံး ကြုံရတယ်။ တကယ်တော့ ဒီလိုငှက်ဖျားမျိုးကြောင့် သေဆုံးခဲ့ကြရတဲ့၊ ရူးသွတ်သွားကြတဲ့ ရဲဘော်တွေ ဒုနဲ့ဒေးပါ။ တစ်ခါဆို ရှေ့တန်းစစ်စခန်းကို ရောက်ခါနီး ငှက်ဖျားတက်လာပြီး ရှေ့က စစ်ကြောင်းနောက်ကို ဆက်မလိုက်နှိုင်တော့လို့ အဖျားကျတဲ့အချိန်အထိ လမ်းဘေးခြုံစပ်မှာ ပုဆိုးခြုံ သေနတ်ပိုက်ပြီး တစ်နာရီလောက် ၀င်ကွေးနေခဲ့ရတာမျိုးအပြင် ငှက်ဖျားတက်နေတာတောင် စစ်ပူတဲ့အချိန်မို့ မိုးရွာကြီးထဲ ညကင်း ထစောင့်ခဲ့ရတာတွေလည်း မနည်း ကြုံခဲ့ရပါသေးတယ်။

နောက်ပြီး ကျွန်တော့ရဲ့ လက်နက်ကိုင်တော်လှန်ရေးဖြတ်သန်းမှုမှာ အန္တရာယ်များတဲ့ တိုက်ပွဲတွေကြားထဲ ရောက်ခဲ့တာတွေလည်းရှိတယ်။ ၁၉၉၂ လောက်က ကျွန်းပင်ဝင်း ရွာကြီးပတ်ဝန်းကျင်မှာ တိုက်ပွဲဖြစ်နေတုန်း လက်နက်ကြီး ကိုယ့်ဘေးမှာလာကျတော့ ကျနော့ တစ်ကိုယ်လုံးထုံကျင်ပြီး ရုတ်တရက် လှုပ်မရဖြစ်နေတယ်။ လေပူကြီးကလည်း ကိုယ့်ကိုလွှမ်းခြုံထားပြီး နားတွေကလည်း ဘာမှမကြားရတော့ဘဲ "စီ" ကနဲဖြစ်နေတယ်။ အဲ … နောက်မှ ခြေထောက်တွေ လက်တွေ တစ်ချောင်းချင်း အသာလှုပ်ပြီး ရှိသေးရဲ့လားလို့ မရဲတရဲ ဖြေးဖြေးပြန်ကြည့်၊ အိုကေနေသေးတယ်ဆိုမှ တစ်ခါ သေနတ်ပြန်ကောက်ပြီး ထပစ်ခဲ့ရတာမှတ်မိနေသေးပါတယ်။ နောက်ပြီး ကျနော့လို တိုက်ပွဲအတွေ့အကြုံသိပ်မများတဲ့ ရဲဘော်တောင် တစ်ခါတလေ တကယ်ပြင်းထန်တဲ့ တိုက်ပွဲတွေထဲမှာရောက်နေခဲ့တာလည်း ရှိခဲ့ပါတယ်။ ၁၉၉၃ ခုနှစ်မှာ ABSDF တပ်ဖွဲ့ဝင်သက်သက်ချည့် ကျနော်တို့ ၃၆ ယောက်လောက်နဲ့ စောထတောင်ကုန်းတစ်ခုမှာ မည်းနေအောင် တက်လာတဲ့ ရန်သူ ၅၀၀ လောက်ကို ခံချရတဲ့ တိုက်ပွဲမျိုး၊ ကျနော်တို့ အားမတန်လို့ ဆုတ်ခဲ့တာတောင် နောက်ကနေ ပွိုင့်ဖိုက်လို လေယဉ်ပစ် သေနတ်မျိုးနဲ့ အောက်ကိုလိုက်ပစ်လို့ ကျောက်တောင်တွေတွယ်ဖက်ဆုတ်ကြရင်း လှမ်းဆွဲတဲ့ ကျောက်တုံးပဲ့ပြီး သံလွင်မြစ်ထဲ Equipment အပြည့်အစုံနဲ့ ပြုတ်ကျပြီး ရေနစ်နေတာမျိုးလည်း ကြုံရတယ်။ ရဲဘော်တစ်ယောက် လှမ်းလိုက်တဲ့ သေနတ်ဒင်ကို ဆွဲမိပေလို့။

ဒါပေမယ့် တောထဲမှာ ငှက်ဖျားတက်နေတဲ့အချိန်လောက် အထီးကျန်ဆန်တဲ့ အချိန် ကျနော့ဘ၀မှာ မရှိဘူးလို့ပြောရမလိုပါဘဲ။ အဲဒီအချိန်တိုင်းဟာ ကျနော့အမေနဲ့အိမ်ကို သတိရဆုံးအချိန်တွေပါ။ အိမ်မှာဆိုရင် ကျနော် ဖျားနာတဲ့အချိန်၊ အမေဟာ ရေဖလားတစ်လုံး ယူလာတတ်ပြီး ကျနော့ နဖူးပေါ်ကို ရေဆွတ်ထားတဲ့ လက်ကိုင်ပုဝါ တင်ပေးပြီး အပူကျသွားအောင် လုပ်ပေးလေ့ရှိသလို၊ ကျနော့နဖူးကို ကိုယ်ပူရှိမရှိ သူ့လက်နဲ့လည်း မကြာခဏ စမ်းကြည့်တတ်ပါသေးတယ်။ တောထဲမှာ စောင့်ရှောက်ပေးမယ့် တခြားရဲဘော်တွေရှိတယ်ဆိုပေမယ့်လည်း ငှက်ဖျားက တုန်ချမ်းလိုက်၊ တကိုယ်လုံးပူလာလိုက်နဲ့ အမျိုးမျိုးတက်လာတဲ့အခါ အားကုန်ပြီး မစားချင်မသောက်ချင်ဖြစ်လာတယ်။ မကြာခဏဆိုသလို အန်ပြီး အိပ်ယာထဲ လှဲနေရတာ။ အရမ်းပင်ပန်းနွမ်းနယ်ပြီး တခြားသူတွေလို မလုပ်နှိုင် မကိုင်နှိုင်ဖြစ်တော့ အားငယ်တဲ့စိတ်လည်း တခါတလေ ၀င်လာတယ်။ ငှက်ဖျားကာကွယ်ဆေး ကွီနင်း Quinine ဆေးလို ဆေးခါးခါးအပါအ၀င် တခြားဆေးတွေကို ပဲလှော်စားသလို တနေ့ သုံးလေးခါ မသောက်ချင်ပဲ သောက်ရသေးတယ်။ အဲဒီအချိန်တွေမှာ အမေနဲ့ မိသားစုအကြောင်းကို ပိုတွေးဖြစ်သလို ပိုလည်းသတိရတယ်။ အိမ်ကိုလွမ်းတဲ့စိတ်၊ အိမ်ပြန်ချင်တဲ့စိတ်တွေ အဖြစ်ဆုံးအချိန်တွေပါပဲ။

၁၉၉၅ ခုနှစ်က ကျနော့ကိုလိုက်ရှာလို့ နယ်စပ်မှာတွေ့ခဲ့ရတဲ့ ညီမတစ်ယောက် ပြောပြတော့မှ အမေဟာ ၁၉၉၂ မှာ နှလုံးရောဂါနဲ့ဆုံးပြီလို့သိရတယ်။ ဒါလည်း ကျနော့စိတ်ကြောင့်ပါဘဲ။ "မေမေက ကိုကြီးထွက်သွားကတည်းက ကိုကြီးရဲ့ အင်္ကျီစုတ် ဖိနပ်စုတ်ကအစ သူ့သားကြီးနဲ့ပတ်သက်တာတွေကို သံသေတ္တာလေးတစ်ခုထဲမှာ ထည့်ပြီး သိမ်းထားခဲ့တာ" လို့ ညီမလေးကပြောတယ်။ ဒါတောင် ကျွန်တော်သိပ်မခံစားရပါ။ လွန်ခဲ့တဲ့ သုံးနှစ်ကတည်းက အမေဆုံးပါးခဲ့တာကို အခုမှသိရတာကြောင့် အမေဆုံးတာကို သြော်.. အမေဆုံးပြီလား၊ ဘယ်တတ်နှိုင်မလဲကွာ သူဒီလောက်ပဲ နေရမယ့်ကံ ပါလာကိုးလို့ ညီမလေးကို ပြောဖြစ်လိုက်တယ်။

ကျနော်အိမ်က ထွက်လာပြီးနောက်ပိုင်း အိမ်နဲ့အဆက်အသွယ် လုံးဝမလုပ်ဖို့ ကြိုးစားခဲ့ပါတယ်။ တကယ်တော့ မိသားစုကို ကျနော့ကြောင့် ဒုက္ခမရောက်စေချင်တာပါ။ ဒါပေမယ့် အာဏာပိုင်တွေကတော့ ကျနော့အိမ်ကို ကျနော်နဲ့အဆက်အသွယ်ရှိမရှိ တစ်လကို အနဲဆုံး သုံးလေးခါ သွားရှာကြတယ်တဲ့။ ကျွန်တော် အိမ်ကထွက်လာပြီးနောက်ပိုင်း အဲဒီလိုအနှောက်အယှက် ပေးမှုတွေကြောင့် ညီညီမတွေလည်း ခဏခဏ အလုပ်ပြုတ်ကုန်တယ်။ အမေဆုံးပြီးနောက်ပိုင်း အိမ်ထောင်စုစာရင်းထဲက ကျနော့နာမည်ကိုဖျက်ပြီး တစ်မိသားစုလုံး တခြားမြို့ကိုပြောင်းနေကြတော့မှ ရှာဖွေရေးဒါဏ်ကင်းကင်း လုပ်ကိုင်စားနှိုင်တော့တယ် ဆိုပဲ။

ညီမလေးပြန်သွားပြီး လအနည်းငယ်အကြာမှာ အိမ်က ညီညီမတွေက အမေ မသေခင် ရိုးရိုးဗလာစာအုပ်ကလေးထဲမှာ ကျနော့ကို သတိရတိုင်း ရေးလိုက်၊ ဘယ်သူမှမမြင်အောင် ဖွက်ထားလိုက်နဲ့ အမေ့အလောင်းမြေကျမှ အမေ့အိပ်ယာရှင်းရင်းနဲ့ ဖျာအောက်မှာတွေ့ခဲ့ကြတဲ့ ဘယ်သူမှမသိခဲ့တဲ့ ဒိုင်ယာရီစာအုပ်လေးကို ကျနော့ဆီကို ပို့ပေးလိုက်ကြတယ်။ စာအုပ်မျက်နှာဖုံးမှာ ကျနော့ကို ကိုလိပ်မူထားတယ်။ တကယ်တော့ အဲဒီအရောင်လွင့်နေပြီဖြစ်တဲ့ ဗလာစာအုပ်လေးဟာ ကျနော်အများအတွက် စွန့်လွှတ်ပြီး လုပ်ခဲ့ရတဲ့ ရလဒ်အဖြစ် အမေ့ဆီက ရတဲ့ အမွေအနှစ်ပါဘဲ။ ဟိုခေတ်က ကိုးတန်းလောက်အထိ ပညာသင်ခဲ့ဖူးတဲ့ အမေလက်ရေးလေးတွေဟာ အရင်လိုရှင်းပြီး လှနေတာပါဘဲ။ စာမျက်နှာ နှစ်မျက်နှာလောက် ဖတ်ရင်း အမေ ကျနော့အပေါ်ထားတဲ့မေတ္တာတရားကို တစိမ့်စိမ့်စဉ်းစားပြီး မျက်ရည်ကျရတယ်။ ကျနော် ဆက်မဖတ်ရက်တော့သလို ဆက်လည်း မဖတ်ရဲတော့ဘူး…။ နောက်မှ ကျနော် တဖြည်းဖြည်းချင်းဖတ်ယူရတယ်။ အမေ့လက်ရေးနဲ့ စာကြောင်းတိုင်းက အမေကျနော့အပေါ်မှာ ဘယ်လောက်အထိ ချစ်တယ်၊ တန်ဖိုးထားတယ်ဆိုတာကို ပြောပြနေတယ်။ ကျနော့ဘ၀အတွက် အစားထိုးမရတဲ့ ဆုံးရှုံးမှုဖြစ်လို့ ရင်ထဲကလှိုက်ပြီး ယူကျုံးမရလည်းဖြစ်ရတယ်။

တစ်ရက် အိပ်မက်ထဲမှာ အမေက ကျနော့ အိပ်ယာဘေးမှာ စိုးရိမ်စိတ်နဲ့ငုံ့ကြည့်နေတာတွေ့ရပြီး လန့်နိုးလာတော့ ကျနော့ကိုမျှော်နေခဲ့တဲ့ အမေ့အကြောင်းတွေးရင်း ကျနော် ရှိုက်ကြီးတငင် ငိုချပစ်လိုက်မိတယ်။ ကျနော်ချစ်တဲ့ ကျွန်တော့နိုင်ငံနဲ့ မိသားစုရဲ့အဝေးမှာ အနှစ် ၂၀ ကျော် (ကျနော့ရဲ့အသက်ထက်ဝက်လောက်) နေနေရတဲ့ အချိန်တွေအတွင်းမှာ ကျနော့ရဲ့ ရဲဘော်မိတ်ဆွေတွေ၊ ကျနော့ညီမတွေ မိခင်တွေဖြစ်လာကြတယ်။ ကျနော်ကိုယ်တိုင် သမီးလေးတစ်ယောက်အဖေ၊ ကလေးအဖေဖြစ်လာတယ်။ အဲဒီအခါမှာ မိဘမေတ္တာကို ပိုပြီးစဉ်းစားကြည့်မိတယ်။ ကျနော်လို အဖေ တစ်ယောက်တောင် သမီးကို သဲသဲလှုပ်ဖြစ်နေတာ၊ အိမ်ကထွက်သွားပြီး သေသလားရှင်သလားမသိရတဲ့သားတစ်ယောက်ရှိနေတဲ့ ကျနော့အမေ ဘယ်လိုခံစားနေခဲ့ရမလဲ။ ကျနော့လို အိမ်ကထွက်သွားတဲ့သားရှိတဲ့အမေတွေ၊ ထောင်ကျတဲ့ သားသမီးရှိတဲ့ အမေတွေ ဒါမှမဟုတ် အခြားတစ်နည်းနည်းနဲ့ သားသမီးဆုံးရှုံးရတဲ့မိခင်တွေ ရဲ့ရင်ထဲမှာဘာတွေရှိမလဲ။ ကျနော် ပိုပြီးကိုယ်ချင်းစာတတ်လာတယ်။ အမေဟာ ကျွန်တော်တို့ သားသမီးတွေရဲ့ လက်ဦးဆရာပါ။ အမေ့ရဲ့သွန်သင်လမ်းပြပေးခဲ့မှုတွေသာမပါရင် ကျနော်တို့ ဘ၀ကို သတ္တိရှိရှိ ရင်ဆိုင်ဖြတ်သန်းဖို့ မလွယ်ကူနှိုင်ပါ။ အမေ့ဒိုင်ယာယီလေးထဲမှာ အဖေ့ကိုတောင် ကျနော့ဘက်က မခံနှိုင်တဲ့ဒေါသနဲ့ ရေးထားတာတွေ ရှိပါတယ်။ ကျနော် အမေ့ဒိုင်ယာယီကို စကားလုံးလေးတစ်လုံးလောက်တောင် တည်းဖြတ်တာမျိုး မလုပ်ရက်ပါ။

မြန်မာနိုင်ငံရဲ့ အတ္တတွေလွှမ်းနေတဲ့ နိုင်ငံရေးပဋိပက္ခနဲ့ ပြည်တွင်းစစ်ကြီးက ကျွန်တော်တို့ နိုင်ငံနဲ့ လူမျိုးကို ဘာကောင်းကျိုးတွေပေးနေလဲ။ မြန်မာနိုင်ငံသားတွေဟာ ကမ္ဘာ့အဆင့်မပြောနဲ့ ကိုယ့်ဒေသတွင်းမှာတောင် မျက်နှာငယ်ငယ်နဲ့ အနိမ့်ကျဆုံး အဆင့်ကိုရောက်နေရပြီ။ နှစ်ပေါင်းများစွာ မြန်မာပြည်သူတရပ်လုံးခံစားနေရတဲ့ တိုင်းရင်းသားအချင်းချင်းတိုက်နေတဲ့ ပြည်တွင်းစစ်ပွဲတွေ၊ မတရားမှုတွေ၊ မိတကွဲဖတကွဲဖြစ်ကြတဲ့အဖြစ်ဆိုးတွေ အခုလိုအချိန်မျိုးမှာ ချုပ်ငြိမ်းသင့်ပြီထင်ပါတယ်။ ကျနော်တို့ သားအမိထက်ဆိုးရွားတဲ့အဖြစ်ပျက်တွေအများကြီး အရင်က ရှိခဲ့သလို အခုအထိ မြန်မာပြည်နေရာအနှံ့မှာ ပုံစံမျိုးစုံနဲ့ ဆက်ရှိနေဆဲပါ။ အမေ့လိုအမေများနဲ့ ကျနော့လိုသားတွေကို ဖန်တည်းဖြစ်ပေါ်စေခဲ့တဲ့ အဖြစ်မျိုးတွေက မျိုးဆက်အားလုံး အမြန်ဆုံး ကင်းဝေးကြပါစေ၊ လွတ်လပ်ကြပါစေလို့ ဆုတောင်းရင်း စနစ်ရဲ့သားကောင် မြေစာပင်တို့ရဲ့ နှလုံးသားပုံရိပ်ကို ထင်ဟပ်စေတဲ့.. အမေ့ရဲ့ လက်ရေးမူအတိုင်း အမေ့ဒိုင်ယာယီလေးကို ဝေမျှပေးလိုက်ပါတယ်။ သားကြီးရဲ့ ဘ၀မှာ ပြုခဲ့သမျှကောင်းမှုကုသိုလ်တွေအားလုံး အမေ့ကို အမျှပေးဝေပါတယ်။ အမေကောင်းရာသုဂတိလားပါစေ။

Memo All

(ကျနော့ရဲ့ ဖြတ်သန်းမှုကို ကနေဒါနိုင်ငံက သတင်းနဲ့ စာနယ်ဇင်းအတွေ့အကြုံပြည့်ဝတဲ့ မိတ်ဆွေတစ်ဦးဖြစ်တဲ့ ပေါလ် ရဲ့အကူအညီနဲ့လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်ကတည်းက အင်္ဂလိပ်လို ကြိုးစားပြီးရေးနေတာ အတော်လေးတော့ ခရီးရောက်နေပြီပြောရမှာပါ။ အဲဒါကို ဒီထက်ပြည့်စုံအောင် မြန်မာဘာသာနဲ့လည်း ပြန်ရေးဖို့လည်း ဆန္ဒရှိပါတယ်။ ကျနော့ကို ဒီစာလေးရေးဖြစ်အောင် တိုက်တွန်းခဲ့ကြတဲ့ ရဲဘော်ညီအကိုမောင်နှမမိတ်ဆွေများအပါအ၀င် ကျနော့ကိုလက်တွေ့ ၀ိုင်းဝန်း အကြံပေးကူညီခဲ့ကြတဲ့ ရဲဘော်ကြီးမောင်မောင်တိတ်၊ ရဲမေ မငယ် (ငယ်နိုင်) နဲ့၊ ရဲဘော် သက်ဦးတို့ကို အထူးကျေးဇူးတင်ရှိပါကြောင်း။)

0 comments: