skip to main |
skip to sidebar
မေမေရေ... ဟောဒီမှာ အောင်ပွဲ ဆိုပြီး လူထုရှေ့မှာ သပ်သပ်ရပ်ရပ်
မချပြနိုင်သေးတဲ့ သူပုန်တွေမှာ အိမ်ပြန်လက်မှတ်မရှိသေးပါဘူး။
အိမ်ပြန်လမ်းလည်း မပီပြင်သေးပါဘူး။ ကျနော်က မြန်မာနိုင်ငံသား၊
ပုဂံမရောက်ဖူးဘူး။ ခေတ်လူငယ် ရန်ကုန် မရောက်ဖူးဘူး။ စာတော်တယ်
ကိုးတန်းတောင် မအောင်ခဲ့ဘူး။ R.I.T ကျောင်းသားဖြစ်ချင်ခဲ့တယ် တက္ကသိုလ်
ဗဟုသုတ ဘာမှမရလိုက်ဘူး။ အခု ကဗျာရေးတယ် လေထန်ကုန်း မရောက်ဖူးဘူး။ တခါတခါ
မြန်မာပြည်ထဲ ပြန်ပြေးဝင်ချင်စိတ်တွေ ပေါက်လာတတ်တယ်။ အဲဒီစိတ်ကို ပထမဆုံး
တားတာက ရဲကျော်စွာ။
သူ့ကို လူချင်း မသိပါဘူး။ နေလင်း ရေးတဲ့
လူရှင်သချိုင်းများအကြောင်း စာအုပ်ထဲမှာ သူ့အကြောင်းဖတ်ခဲ့ရတယ်။ သူဟာ
မြန်မာပြည်ရဲ့ အငယ်ဆုံး နိုင်ငံရေး အကျဉ်းသားဖြစ်မယ် ထင်တယ်။ ဆယ်ကျော်သက်
အရွယ်နဲ့ နိုင်ငံရေးလုပ်တယ်။ ထောင်ကျတယ်။ စိတ်မာတယ်။ အပြင်မှာ မိဘဆုံးတယ်။
မတွေ့လိုက်ကြရ။ အခုထိ သူထောင်ထဲမှာပဲ ရှိလိမ့်ဦးမယ်။ နောက် တစ်ယောက်က
သိပ်မကြာခင်ကပဲ ကျဆုံးသွားတဲ့ ကျောင်းသားခေါင်းဆောင်
သက်ဝင်းအောင်။
တိုင်းပြည်ကို ကောင်းရာကောင်းရပ်ကို ရောက်အောင်ဆွဲတင်ဖို့ ကြိုးစားတဲ့
မြန်မာလူငယ်။ စစ်လူမိုက်တွေရဲ့ တမြေ့မြေ့ စနစ်တကျ ညှင်းပန်း
သတ်ဖြတ်မှုကြောင့်ထောင်ထဲမှာပဲ ကြွေပြုန်းခဲ့ရတယ်။ နောက်တစ်ယောက်က
ကိုမင်းကိုနိုင်။ နောက်တစ်ယောက်က ဆရာတာရာမင်းဝေ။ နောက်...ကျနော်နဲ့အတူ
အခုထိ လက်တွဲတိုက်ပွဲဝင်နေတဲ့ တောတွင်းကရဲဘော်များ။ နိုင်ငံတကာက
ရဲဘော်များ။ သူတို့တွေက ယုံကြည်ချက်နဲ့ရေးထားတဲ့ သမိုင်းသစ္စာကို ကိုယ်ရဲ့
ဘာမဟုတ်တဲ့ အတ္တနဲ့ ကျနော် မဖျက်ပစ်နိုင်ဘူး။ အခုချိန်ထိ ကျနော့် ရပ်တည်ချက်
လုပ်ဆောင်ချက်တွေဟာ တိုက်ပွဲဝင်ကျောင်းသားအားလုံးနဲ့ တထပ်တည်းပဲ။
ပြည်တွင်း မဂ္ဂဇင်းတချို့ကို ကျနော် ကဗျာရေး/ပို့ နဲနဲဖော်ပြခံခဲ့ရဖူးတယ်။
အဲဒီထဲက ၃ ပုဒ် ဖော်ပြလိုက်တယ်။ ရန်ကုန်မြို့ မြေပုံထဲမှာတွေ့တာ ၃၃လမ်းဟာ လမ်းတိုပြတ်လေးဗျ။ ရောက်မှာပေါ့၊ တစ်နေ့နေ့။ ။
ရေသောက်မြစ်
ကိုယ့်ကျင်းကိုယ်တူးပြီးမှ
ကြီးပြင်းလာရတဲ့ကောင်ပါ
ငါသေတဲ့အခါ
သင်တို့အလုပ်ရှုပ်စရာမလိုဘူး။
ချစ်သူရေ...
ရေသောက်မြစ်ဖြစ်လာမှတော့
မြေအောက်မှာနှစ်ရှည်လများ
နက်သထက်နက်
ငါဆက်တူးသွားပါ့မယ်။
ကမ္ဘာမြေပေါ်က
ငါပို့ပေးလိုက်တဲ့ပန်းတွေ
လှပနေပါစေတော့
ငါပို့ပေးလိုက်တဲ့ကဗျာတွေ
ရသဝေဖြာစေတော့၊
အဲဒီရေသောက်မြစ်က
ရေတစ်ပေါက်လောက်
သောက်ခွင့်ရခဲ့ရင်ပဲ
သေပွဲရဲရဲဝင်ရဲပြီ။ ။
(ကမ္ဘာလောကရှိရေသောက်မြစ်လိုကဗျာဆရာတွေအတွက်ဦးညွတ်ဖွဲ.ဆိုသည်)
လူရဲ့ဂီတ
ရင်ဘတ်အချင်းချင်းတီးခတ်ထားတဲ့သံစဉ်ပါ
အင်ထရိုတစ်ခုလုံး
အချိုမြိန်ဆုံးတွေနဲ့လန်းသစ်တက်ကြွနေခဲ့တယ်။
ပထမအပိုဒ်ကို
စစ်မှန်တဲ့ညီညာမှုနဲ့သီဆိုရမှာမို့
တစ်ယောက်ကိုတစ်ယောက်အကောင်းမြင်ယုံကြည်နိုင်ဖို့
အချစ်တို့ကိုအသုံးချခဲ့တယ်။
သီဆိုနေတုန်းရပ်လို့မရတဲ့တေးသွားဟာ
တစ်ယောက်မအားတော့တစ်ယောက်ပဲဆို
နှစ်ယောက်အားတော့နှစ်ယောက်တွဲဆို
ငြိုငြင်လို့လည်းမရတော့ဘူး
မဆိုချင်လို့လည်းမရတော့ဘူး
အကူး၊ အချိတ်၊ အနိမ့်၊ အမြင့် တွေနဲ့
တေးဟာလွင့်ပြန့်နေခဲ့တယ်။
ကော်ရက်စ်အပိုဒ်မှာ
ဟာမိုနီသမားတွေထပ်ပိုလာခဲ့
တေးသွားဟာမြန်ဆန်သွက်လက်
သြဂက်ထရာဆန်ဆန်ရင့်ကျက်လာခဲ့တယ်။
နောက်ဆုံးအပိုဒ်မှာ
ဟာမိုနီသမားတွေကကြွေးကြော်ကြပြီ
ဂီတသစ်ကိုဖန်ဆင်းမယ်တဲ့
သံစဉ်ဟောင်းထဲ
အညောင်းမိမခံနိုင်ဘူးတဲ့
ဂီတပုံစံနှစ်မျိုးကွဲခဲ့တယ်။
စခဲ့တဲ့နှစ်ဦးရဲ့ဂီတမျိုးက
ငြိမ့်ညောင်းတိုးသိမ့်ညှင်သာပြီး
ဟာမိုနီသမားတွေရဲ့ဂီတကတော့
လေထုကြီးတစ်ခုလုံးကိုသိမ်းပိုက်သွားတာပေါ့
လူသား
နားနဲ့
ပြောင်းလဲတိုးတက်သွားတဲ့ဘ၀ဖြစ်စဉ်။ ။
ခံပြင်းလွန်းတဲ့ပင်လယ်
ပြောကြသေးရဲ့
မြစ်တွေကပေးဆပ်မှ
ငါဖြစ်လာရတာပါတဲ့
တကယ်ဆို
မြစ်တွေကို မျိုချဖို့
ငါဖြစ်လာရတာပါ
တစ်ဘ၀လုံး
ကိုယ့်ကိုယ်ကိုယ် ပက်လက်လှန်
အငွေ့ပြန်ကျိုချက်
ဒါ...မြစ်တွေကို အသက်ဆက်ဖို့ပါ
မြစ်ပေါင်းစုံရဲ့
အကျင့်ပေါင်းစုံ
ပေါင်းဆုံရာအရပ်
ကြည့်...ငါ့ရင်ဘတ်မှာ ဒါဏ်ရာစတွေ
အပြစ်မဆိုပါဘူး
မြစ်ဆိုတာ စီးမှာပေါ့
(တခါတရံတော့)
ငါ့နှုပ်ခမ်းပါးတွေကို
ခပ်ကြမ်းကြမ်း ဖဲ့ရွဲ.တိုက်စား
မြစ်များက...သိမ်မွေ.မှုမဲ့ စီးဆင်းမှုတွေနဲ့
ငါက...ရင်နာနေတဲ့ သီးခံခြင်းတွေနဲ့
ဘာဖြစ်ဖြစ်ပါ
အနစ်နာခံခြင်းဟာ ငါ့ဘဝ
ရင့်ကျက်ခြင်းဟာ ငါ့သိက္ခာ
ငါနေတတ်ခဲ့၊ ငါကျေနပ်ခဲ့
တချိန်လုံး
တောင်တန်းတွေကိုခေါ်မျှော်
သူတို့ပေါ်မလာကြ
ကောင်းကင်ကျယ်ကို ငါလွမ်းတ
နမ်းခွင့်ကို မရခဲ့တဲ့ ငါ
သဘာဝကျိန်စာကျမ်းကြီးထဲ
ကျေကွဲစရာတွေကို
ရေထဲမှာ ဖုံးဖိ
ကြိုးစား ပြုံးကြည့်ခဲ့ပါသေးတယ်
ငါရိုးသားခဲ့ပါတယ်
ငါကိုယ်တိုင် ရိုးသားခဲ့ပါတယ်
ငါ့အောက်ခြေရေသောက်မြစ်တွေ
ခြေထောက်ငြောင်းလာတဲ့အခါမျိုး
မုန်တိုင်းတွေ အလည်လာတဲ့အခါမျိုး
သူတို့ယူလာတဲ့ လေနီကြမ်းတွေကိုသောက်
တစ်ခွက်ပြီးတစ်ခွက်သောက်
ပေါက်ကွဲခက်ထန်တဲ့ ဂီတအောက်မှာ
အသွေးအသားတွေ ဆူဝေခဲ့ပြီ
ထိန်းချုပ်မှုတွေ လျော့ပြေခဲ့ပြီ
နာကြည်းချက်တွေလေ
ခံစားချက်တွေလေ
မကျေနပ်ချက်တွေလေ
ရင်မှာဆူပွက်
လှိုင်းလုံးတွေ တာထွက်သွားကြပြီ
ဟလို...ချစ်သူမြစ်များ
တစိမ့်စိမ့် မူးအားကောင်းတဲ့
နှစ်ချို့မျက်ရည်ဟာ
"ဒီရေ"တွေပေါ့
အကြင်နာတရားကတော့
အငွေ.ပျံသွားခဲ့တာ...ကြာပြီ။ ။
သုအိုင်စံ
0 comments:
Post a Comment