Tuesday, September 20, 2011

မိသားစု သစ်တပင်

မောင်လွမ်းဏီ





လွန်လေပြီးသော
နှစ်ချို့ တောက၊ မိတ်ဆွေတယောက်
မဲဆောက်အိမ်သို့ ၊ ပို့ လာဝေငှ
ပိတောက်တပင်၊ ရင်တွင်ထွေးပိုက်
စိုက်ပျိုးယုယခဲ့ပါသည်။

လူတရပ်က
ဓာတ်မီးတိုင်လောက်၊ ကြီးကောင်ပေါက်လည်း။

တနှစ်မဟုတ်
နှစ်နှစ်မဟုတ်၊ ဆယ်နှစ်မဟုတ်
တဖြုတ်ဖြုတ်ကြွေ၊ ရက်တွေကောက်ရင်း
အခေါက်ရင့်လာ၊ အပွေးမာလည်း။

စည်ပင်သာယာ
မကြာခန၊ လာကြ ခုတ်ဖြတ်
ဓာတ်မီးကြိုးထိ၊ ငြိလေလေတိုင်း
ဆဲရေးတိုင်းထွာ၊ ထိုင်းစာမတပ်ငြား
အိုင်စပ်တခွန်း အော်မိတယ်။

ပိတောက်မထိနဲ့ 
ဓားကြည့်ဆိုတဲ့၊ သူအိုနှပ်စား
မိတ်ဆွေများကိုလည်း၊ လေးစားမိတယ်။

အိမ်ကိုလာကြ
ပိတောက်ချစ်သူ၊ ခလေးသူငယ်
ပျိုရွယ်လုံမ
ပိတောက်ပွင့်လား၊ မွှေးရီလား အဘ
ငေးမျော်ကြတယ်၊ မေးကြတယ်။

သင်္ကြန်နီးရင်
အိမ်ရှင်မက၊ ဖွဖွဆုတောင်း
မိုးလေကောင်းသစ်၊ ဒီတနှစ်တော့
သူချစ်တဲ့ပန်း ပွင့်ပါစေ။

ကျနော်တယောက်လည်း
ပိတောက်ပင်အောက်၊
လောက်ခေါင်သောက်ရင်း
ရှေ့ နှစ်လောက်များ
ပွင့်မလားနဲ့  ချစ်အားငယ်ငယ်။

ဆယ်နှစ်လည်း မဖူး
ဆယ်နှစ်ကျော်လည်း မပွင့်
သက်ရင့်ပိတောက်၊ ပင်စည်အောက်ခြေ
ထမီပတ်လေ၊ ယတြာချေတဲ့
တချို့ တွေက အကြံပြုတယ်။

တချို့ ကလည်း
အပင်ခြေရင်း၊ မြေတလင်းမှာ
ထင်းမီးမြှိုက်ပေး၊ တဖြေးဖြေးနဲ့  ပွင့်လိမ့်မယ်တဲ့။
ကျနော်တို့ မိသားစု
အခု
ထုံထောင်းက ဘုံပြောင်းခဲ့ကြရပေမဲ့။

ထိုအိမ်လေးက
ပိတောက်ပွင့်ရက်
ဆက်ဆက်စောင့်ကြိုနေဆဲပဲ။

မောင်လွမ်းဏီ
၁၈ - ၉ - ၂၀၁၁

အိုင်စပ် = ထိုင်းဘာသာ၊ တိရိစ္ဆာန်

0 comments: