Wednesday, August 10, 2011

အချစ်ကဗျာ စမ်းရေးကြည့်ခြင်း (၁)

မေတ္တာမှာ ခြစ်ရာတွေနဲ့
ချစ်ရမှာမို့ ချစ်ခဲ့တယ် ယဉ်သဒ္ဒါ

ဒီလိုနဲ့
ငါတို့ရဲ့ ထမင်းတနပ်တာ
၇၄တွေ
၈၈တွေ
ရွှေဝါရောင်တွေ

မင်းရဲ့
လှည်းဝင်ရိုးသံတွေ
အဆက်မပြတ်ညံနေတယ်
ငါ့ရဲ့
ပုဂံတွေ
အဆက်မပြတ်ပြေးနေတယ်

မင်းရောငါပါ
ရေသောက်မြစ်တွေရှည်လာမြဲ
ရေဘယ်လောက်နစ်နေပြီလဲ
ဆွဲတင်နိုင်ခဲ့
ဘာမှ မသီးပွင့်ခဲ့ဘူး...ရတယ်

ဒါပေမဲ့...

သစ္စာမှာ အပြစ်အနာတွေနဲ့
ပစ်ရမှာမို့ ပစ်ခဲ့တယ် အကြင်နာ။ ။

သုအိုင်စံ

1 comments:

dahbo said...

အချစ်ကဗျာကို စမ်းဝေဖန်ကြည့်ခြင်း

သုအိုင်စံကတော့ အချစ်ကဗျာလို့ ဆိုပေမဲ့ ကဗျာဆရာရဲ့ ဗီဇအတိုင်း ဦးသန့်အရေးအခင်း၊ အိမ်စောင့်အစိုးရရယ်လို့ခံယူထားတဲ့ အာဏာရှင်နေ၀င်းကို ဖြုတ်ချတဲ့ ၈၈ အရေးတော်ပုံ၊ ရဟန်းသံဃာတွေ ပစ်သတ်ခံရတဲ့ ရွှေဝါရောင်တော်လှန်ရေးအကြောင်းတွေတော့ ပါဝင်လာတာတွေ့ရပါတယ်။
ဆိုလိုတာက ကဗျာဆရာဟာ အချစ်ကဗျာကို အားထုတ်ရေးသားပေမဲ့ သူ့ရဲ့နှလုံးသားတစ်နေရာမှာ ဆူပွက်နေဆဲ နိုင်ငံရေးခံစားချက်တွေ ဖျောက်ဖျက်လို့မရသေးတာကို တွေ့ရတာပဲ ဖြစ်တယ်။

မေတ္တာမှာ ခြစ်ရာတွေနဲ့
ချစ်ရမှာမို့ ချစ်ခဲ့တယ် ယဉ်သဒ္ဒါ

နှလုံးသားရေးရာနဲ့ ပတ်သက်ပြီး ကဗျာဆရာဟာ နှလုံးသားမှာကျွန်းခံနေတယ်လို့မပြောပေမဲ့
မေတ္တာမှာတော့ ခြစ်ရာတွေရှိနေတဲ့အကြောင်း ပြောထားလေရဲ့။
ဘယ်လိုအခြေအနေပဲ ဖြစ်နေဖြစ်နေ ယဉ်သဒ္ဒါကို သူချစ်ခဲ့ပါတယ်။


ဒီလိုနဲ့
ငါတို့ရဲ့ ထမင်းတနပ်တာ
၇၄တွေ
၈၈တွေ
ရွှေဝါရောင်တွေ

ကဗျာဆရာဟာ ဦးသန့်အရေးအခင်းမှာ ပါဝင်ခဲ့တာမှန်ရင် အသက်(၅၀)ကျော်နေပြီလို့ ခန့်မှန်းမိပါတယ်။
ဘာပဲဖြစ်ဖြစ် သူရဲ့ အနုပညာဖန်တီးမှုတွေကတော့ လက်ရာမြောက်စွာနဲ့ နုပျိုနေဆဲပါပဲ။

မင်းရဲ့
လှည်းဝင်ရိုးသံတွေ
အဆက်မပြတ်ညံနေတယ်
ငါ့ရဲ့
ပုဂံတွေ
အဆက်မပြတ်ပြေးနေတယ်
ဒီနေရာမှာ လှည်းဝင်ရိုးသံ ဆိုတဲ့ နိမိတ်ပုံကို စဉ်းစားဖို့လိုလာပါတယ်။

လှည်းဝင်ရိုးသံ တညံညံ ပုဂံဘုရားပေါင်း။
တနေ့တလံ ပုဂံဘယ်ပြေးမလဲ။

ကဗျာဆရာရဲ့ ချစ်သူက ၁၅၀၀ထက်ကျော်တဲ့ အချစ်များစွာရှင်သန်နေပေမဲ့ သူရဲ့ ပုဂံက ပြေးနေတယ်ဆိုတော့။
မျဉ်းပြိုင်လို့ မဆိုသာသော်လည်း…………………………………။


မင်းရောငါပါ
ရေသောက်မြစ်တွေရှည်လာမြဲ
ရေဘယ်လောက်နစ်နေပြီလဲ
ဆွဲတင်နိုင်ခဲ့
ဘာမှ မသီးပွင့်ခဲ့ဘူး...ရတယ်

ဒါကတော့ ရှင်းပါတယ်။ ဒီချစ်စံအိမ်ကြီးက မသာယာဘူးဆိုတာ သေချာတယ်။
ဘာကြောင့်ပါလဲ……….
ဘာဖြစ်လို့လဲ………..

သစ္စာမှာ အပြစ်အနာတွေနဲ့
ပစ်ရမှာမို့ ပစ်ခဲ့တယ် အကြင်နာ။ ။

မေတ္တာမှာ ခြစ်ရာတွေနဲ့ သစ္စာမှာ အပြစ်အနာအဆာတွေနဲ့ ဆိုပြီး
ကဗျာဆရာက ချစ်ကံခေတယ်လို့ ဖွင့်ဟထားပါတယ်။

ဘယ်သူမှားတာလဲ။
ကဗျာဆရာလား
လှည်းဝင်ရိုးသံညံနေတဲ့ သူ့ချစ်သူကြောင့်လား။
ထမင်းတစ်နပ်တာ နိုင်ငံရေးဇာတ်ခုံကြောင့်လား။

ဒီကဗျာဟာ ကဗျာဆရာအတွက် (၁) ဆိုရင် ပရိသတ်အတွက် နောက်ထပ်(၂)လည်း ဖြစ်ခွင့်ရှိပါတယ်။