အချိန်ဆိုတဲ့ရထားကြီးက မရပ်မနားပြေးလွှားလို့
စက္ကန့်နဲ့ မိနစ်တို့ကို ခေါ်ဆောင်ရင်း ပူပြင်းတဲ့ရာသီကို ကျော်ဖြတ်
ဖြူဖွေးတဲ့ နှင်းစလေးတွေကို အဖော်စပ်နေကြပြီ။
နေမ၀င်အင်ပါယာထဲမှာပဲ အိပ်ပျော်သွားတာလား
အမှောင်တိုက်ထဲမှာပဲ အကျဉ်းကျခြင်းခံလိုက်ရတာလား
အားလုံးဟာေ၀၀ါး စမ်းတ၀ါးဝါးနဲ့ ကုန်ခဲ့တဲ့အချိန်တွေကိုတောင်
သတိမထားမိလိုက်အောင် ဟန်ဆောင်ပန်ဆောင် မျက်နှာဖုံးတွေကြားထဲ
မပြုံးချင်လည်းပြုံး မမုန်းချင်လည်းမုန်း အားလုံးကိုရောထွေး ကွမ်းတံတွေးတွေမျိုချ
ကမ္ဘာကြီးလှနေဖို့ ရမ္မက်တွေစွန့်ကြဲ အတ္တရွှံ့နွံထဲမှာ ကိုယ်ပိုင်ရုပ်တွေကွယ်ပျောက်
အာဏာတွေယစ်မူး ဂုဏ်ထူးတွေမက်မော သူရောငါရော
အယောင်ဆောင်ခြင်းရေယာဉ်ကျောမှာ အတိုင်းမသိမျောပါနေခဲ့ကြတယ်။
ခေတ်ကြီးက...
လူသားခြင်းညှာတာခြင်းတွေကင်းလို့ မျက်စိရှေ့ညှင်းပန်းနှိပ်စက်ခြင်းတွေကိုတောင်
ပွဲကြည့်ပရိသတ်တစ်ကောင်လို လက်ပိုက်လို့ ရပ်ကြည့်ဖို့ ၀န်မလေးတော့ဘူး။
လမ်းပေါ်မှာလဲကျ ဒုက္ခရောက်နေသူဘေး ကူညီသူဝေးစွ ခွကျော်လို့တောင် သွားတတ်နေကြပြီ။
သူတပါးရဲ့နာကျင်မှု ဟာသတစ်ခုလိုရယ်မော ခေတ်ရေစီးကြောင်းထဲ မျောကုန်ကြပြီ။
လောဘ မောဟ ဒေါသတို့ကိုရင်မှာပိုက် လစ်လျူခြင်းနောက်ကိုလိုက်ပြီး
ကမ္ဘာကြီးမြည်ဟီးနေတာ မင်းနဲ့ငါ မေ့နေလို့မရတော့ဘူး။
ဘိုးဘွားခေတ်ကစိုက်ခဲ့တဲ့သစ်သီး တစ်လုံးပြီးတစ်လုံးထိုင်စား
ဘ၀ရဲ့ရထားကြီး ဒီတိုင်းပဲသွားနေလို့မဖြစ်တော့ဘူး။
နောင်လာနောက်သားတွေရဲ့ အနာဂတ်ထဲ
အကြင်နာ ဘာလဲဆိုတဲ့ အဖြေမရှိခြင်းအတွက်
တို့ရဲ့လက်တွေစုစည်းလို့ မျိုးဆက်သစ်တို့စားသုံးဖို့
အကြင်နာသစ်ပင် စိုက်ကြစို့လား။
ထူးသျှား
Tuesday, July 26, 2011
အနာဂတ်အတွက်စိုက်ပျိုးခြင်း
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment