Monday, May 23, 2011

ကြိတ်ဖတ်များ

(၁)
မှောင်ကြီး မည်းမည်းမှာ
လှေကားစောက် အမြင့် ကြီးပေါ်က
စမ်းပြီး ဆင်းရသလို တထိတ်ထိတ်နဲ့ ။
ငါတို့ဟာ အမြဲပဲ မမြင်မကန်း
ငါတို့ ပင်ပန်းကြ ၊
ငါတို့မှာ အာယတန အတွက်
အပိုပစ္စည်း ဆိုတာ မရှိ
ငါတို့ အသိဥာဏ်ဟာ ကူလီပိန်ပိန်လို
သူ့ကျောပေါ် မမျှမတ ၊မနိုင်ဝန်ထုပ် ပိကျလို့
ငါတို့ ဆင်းရဲ ခဲ့ပါတယ်
သို့ပေမယ့် အချိန်အားရင် လမ်းသလားဆဲ။

(၂)
မင်းမလာတော့လည်း
ငါ့မယ် မျှော်ရတာပေါ့
ငါ့လည်ပင်းဟာ အုတ်ရိုးပေါ် ကျော်ခဲ့
ငါ့စိတ်တွေပြေးကြ ။
ငါကိုယ်တိုင်
လိုက် မမီ အောင်ပဲ
ငါ့စိတ်တွေ ပြေးကြ ။

(၃)
နောက် တစက္ကန့်လောက်မှာ
ငါဟာ တခုခုနဲ့ တိုက်ပြီး
လဲပြို သွားနိုင်တယ် ။
နောက်တစက္ကန့် လောက်မှာ
ငါဟာ ခေါက်ကနဲ စိတ်ဖေါက်သွားနိုင်ရဲ့ ။
တွေးရင်း
အတွေးမှာ
ငါ့စိတ်ဟာ ရှည်လျား ၊
တွေးရင်း
အတွေးမှာ
ငါ့စိတ်ဟာ လှုပ်ရှားပေါ့ ။
ပွက်ပွက်ဆူ
ယိမ်းထိုး
လှုပ်ရမ်းလို့ ။
ငါ့စိတ် လှုပ်ရမ်း နေပုံကို
ငါပြန်ကြည့်ရမယ်။
ငါ့စိတ် လှုပ်ရမ်းနေပုံကို
ငါပြန်မကြည့်မိရင်
နောက် တစက္ကန့် လောက်မှာ ..........။

(၄)
ညတုန်းက အိပ်မက်တော့
ငါဟာ
ဆုတ်ဖြဲ ခံရတဲ့ စက္ကူလို
နာလွန်းတော့ အော်မိတယ်။
အော်သံရဲ့ လှိုင်းကြီးတွေ
အတိုင်းသား မြင်ရရဲ့ ။
တကယ်ပဲ
ဖွါလန် ကြဲလို့ ။
အသားတစ်တွေ
စိတ်တွေ
အော်သံတွေ
စိတ်ဗို့အား မမှန်တော့
နံရံရှေ့မှာ
ဒူးထောက်ကျခဲ့ ပါတယ်။

(၅)
တစ်စစီ
ဆုတ်ဖြဲ ဖို့
ငါဟာ ပါးပါးလေး ပဲ ။

(၆)
ခင် ဗျားတို့စာ ဖတ်ရ
ခေမာသီဝံ သတိရ။
ခင်ဗျားတို့စာ ဖတ်ရ
ပန်းဆိုးတန်း သတိရ
ခင်ဗျားတို့စာ ဖတ်ရ
ရန်ကုန် ကြေးအိုး သတိရ
ခင်ဗျားတို့စာ ဖတ်ရ
ကျွန်တော့် မှာ အသက်ရှည်ရ ။
အခု
ကျွန်တော်တို့ ဆီမှာ
ညနေဟာ
တိမ်တောက်ခဲ့ ပါပြီ ။
ကွန်တော်တို့ ခေါင်းပေါ် ကျော်လျက်
ငှက်များ
အိပ်တန်း ပျံခဲ့ပါပြီ ။
လရောင်ကို စောင့် ကြည့်ဖို့
ကျွန်တော်ဟာ
အခန်း(၅) ကိုရွှေ့ခဲ့
ဘ၀ တဏှာနဲ့
ကျွန်တော်ဟာ
ခင်ဗျားတို့ စာတွေ
အကြိမ်ကြိမ် ဖတ်တယ်။

(၇)
သူငယ်ချင်း လင်မယား
ကလေးတစ်ယောက် ထားပြီး
ထွက်ခွါ သွားကြပြီ ။
ဇော် (ပျဉ်းမနား)လည်း
ထွက်ခွါ သွားခဲ့ပြီ
ငါတို့ကော
အချစ်ရေ
ဘယ်တော့လဲ ။

(၈)
ကျွန်တော့်
မောင်သင်းခိုင် များ
ကျန်းမာပါစေ။

(၉)
ငါတို့မှာ
တန်းစီ ဇယား တွေများတယ်။
ဝင်ဖို့၊ ထွက်ဖို့
ပစ္စည်း သွင်းဖို့ ၊ပစ္စည်းထုတ်ဖို့
နေဖို့၊ သေဖို့
အချူပ်သားတစ်ယောက်
ထိပ်တုံး အဖြုတ် စောင့်သလို
မီးလောင်နေတဲ့ အိမ်များ
မီးသတ်ကား စောင့် သလို
ကိုယ့်အလှည့်ကျအောင်
စောင့်ရတယ်။
ကျွန်တော်တို့ ကိုယ်ပေါ်မှာလည်း
အသားတံဆိပ် ကိုယ်စီနဲ့
၉၄၃၅ / င
ကျွန်တော်ဟာ ကျွန်တော် စစ်မစစ်
ခင်ဗျားဟာ ခင်ဗျား စစ်မစစ်
နံပတ်နဲ့ တိုက်ကြည့်ရတယ်။

(၁၀)
''ကိုယ်မမေ့တာ ယုံစေချင် ....''
ကျွန်တော် သီချင်း ညဉ်းမိတယ်။
ရေမိုးချိုးရင်း
ခြေလက် ဆန့်ထုတ်ရင်း
စားသောက်ရင်း
မျှော်ရင်း
ဒီလိုနဲ့ နေ့တာ တို
ဒီလိုနဲ့ နေ့တာ ရှည်
ကျွန်တော်တို့ ရဲ့နေ့ရှိသ၍ ဖြစ်ပါတယ်။
ကြောင်တွေ ကို ဖြန်ဖြေဖို့
အန်း ရေ လိုတွေးဖို့
မကြာခဏ
ဆေးလိပ်ဖြတ်ဖို့
ကျွန်တ်ာတို့ ရဲ့ ညရှိသ၍ ဖြစ်ပါတယ်.။

(၁၁)
ငါဟာ
သစ်ရွက် ၀ါးရွက်လို
စိတ် ကစား ခဲ့ပါတယ်။
ငါဟာ
သိကြားမင်း ဆင်း သလို
မိုးကို မော့ကြည့်ခဲ့ပါတယ်။
ငါဟာ
လိပ်ပြာ ဖမ်းသလို
ခြေဖေါ့နင်းခဲ့ ပါတယ်။
ငါဟာ ခလုတ်တိုက်လဲ သလို
အုပ်ကွဲ ကျန်ရစ်ပါတယ်။
ငါဟာ.......

(၁၂)
လင်းနို့ ရဲ့ ကျွမ်းကျင် မှု နဲ့ ညရောက်လာ
ဒီည ငါဟာ
သစ်ပင်များ တိုက်တာ အိမ်ခြေများ နံရံ မြင့်မြင့်များကို
ရှောင်တိမ်းလျက်
ငါဟာ ကျွမ်းကျင်စွာ ၊ အကန့်အသတ်မဲ့ စွာ
ညမှာ ပျံသန်းနေပါတယ်။

(၁၃)
ခြောက်လ ဆိုတာ
လူတွေ
တစ်ယောက်ကို တစ်ယောက်
မေ့လျော့ ပစ်ဖို့
လုံလောက်တဲ့ အချိန်ပဲ ။
မင်း ရောက်မလာ နိုင်တာလည်း
မင်းအကြောင်း နဲ့ မင်း
ရှိမယ်။

(၁၄)
ဒီည
ငါဟာ
ဟိုရောက်ဒီရောက်ဖြစ်နေတယ် ။
တစ်ဘ၀လုံး ပြန်ရှာတောင်
ငါတို့ အစ
ငါတို့ ပြန်တွေ့နိုင်ပါ့မလား ။
သို့ပေမယ့်
ငါ တို့ အဆုံး
ငါတို့ (သိလိုရင်) သိခွင့်ရှိပါရဲ့။
ငါတို့ အဆုံး
ငါတို့ ခံစား ကြည့်နိုင်ရဲ့ ။
အဆုံးကို ဆုံးဖြတ်ဖို့ မှာ
ငါတို့
တွန့်တို ဆုတ်နစ်ကြ ။
ငါ ရှေ့ က
ကဗျာဆရာ တစ်ယောက်က ပြောတယ်
သေခြင်း တရားဆိုတာ
လေယာဉ်ပျံ တစ်စီးက တစ်စီး
ပြောင်းစီး သလိုပဲ တဲ့။
သူ
လေယာဉ်ပျံ ပြောင်းတုန်းက
လက်ပြသွားခဲ့ သေးသလားကွာ ။
ငါ
သူ့ကို
ဦးညွတ်ရဲ့ ။

(၁၇)
ငါတို့ ဟာ
တွဲပျက် ရထားကြီးပါကွာ
ဘီးက ပူသနဲ့
မိးခိုး တွေဟာ
အူထွက်လို့ ။

(၁၈)
ငါတို့ ဟာ
အဖြူ အမဲ ဓာတ်ပုံ လို
အဖြူအမဲ ခေတ်မှာ
ကျန်ခဲ့ပြီ ။
ငါတို့ ဟာ
လမ်းဘေး ဓာတ်တိုင်လို
လမ်းဘေးမှာ
ကျန်ခဲ့ပြီ ။
သို့ပေမယ့်
ငါတို့ အကျောပေး လိုက်ပါ ပေရဲ့
ငါတို့ ထက်
လက်ရည် ညံ့တဲ့
ကမ္ဘာ ကြီး ။

(၁၉)
ဒီလိုပဲ
ကိုယ့် ကိုယ်ကိုယ်
ရေ ပတ် တိုက်ရ ။
ငါတို့ဟာ
သေချာမှု တခုဆီ
ဦးတည် သွားနေလေရဲ့..။
ကိုယ့် ဘွိုင်လာ
ကိုယ် ကိုယ် တိုင်
မီးထိုးရ ။
ငါတို့ ဖင့်နွဲ ခဲ့သော်လည်း
ငါတို့ သေချာ ရဲ့
ပြို ကွဲရာက
ပြန်စု မိတဲ့ အခါ
ပြဒါး လို တစ်လုံးတစ်စည်း တည်း ဖြစ်သွားပြန်တယ်။

(၂၀)
ငါမကြားဝံ့တဲ့ အသံ
ငါ့ဆီပျံသန်းလာသလား
လမ်းတ၀က် ရောက်ပြီလား
နောက် တစ်ရက် ရောက်မှာလား
အနေအထိုင် မတတ်
မိမိ ကိုယ် ကို
မီး ရှို့မှုများ
ငါဟာ
တစ်ချက်ချင်း
အသက်ရှင် နေတယ်။
ဘာကို
ကြိုပြီး
မျှော် လင့်မလဲ။

(၂၁)
တစ်ခါတစ်ရံ
ကျွန်တော် ဟာ
ကျွန်တော့် ကဗျာပေါ်
သံသယ ရှိပါတယ်။
တစ်ခါ တစ်ရံ
ကျွန်တော်ဟာ လွန်သွားခဲ့။
တစ်ခါတစ်ရံ
ကျွန်တော်ဟာ ရောက်မလာဘူး။
တစ်ခါတစ်ရံ
ကျွန်တော်ဟာ မြင်းကပ် တစ်ကောင်လို
ဘယ်လောက်ပဲ ရိုက် ရိုက်
မလှုပ် တော့ဘူး။
သို့ပေမယ့်
ကျောက်ခဲ လည်း ကျောက်ခဲ အလျောက်
ရွံ့စေး လည်းရွံ့စေး အလျောက်
လိုအပ်မှူ ရှိတယ်။
ပိုတယ်ဆိုပြီး သွန်ပစ်စရာ
ဘာတစ်ခုမှ မမြင်မိဘူး။
ကျွန်တော် ဟာ
ကိုယ့် ကိုယ် ကို
သွန်မပစ်ခဲ့ပါဘူး။

(၂၂)
ကျွန်တော် တို့ ခေါင်းထဲ
ခြင် မအောင်း အောင်
အဖုံး ဖုံး ထားရုံ ။

(၂၃)
တစ်ခါ တစ်ရံ
စိတ်ဟာ ဂူအောင်းရင်း
သူ့ဒဏ်ရာ ကထွက်တဲ့
သူ့သွေး သူပြန်လျက် ရင်း
အနာကျက်ချိန် ကို စောင့်ရတယ်။
အမှားလည်း
အမှားကြာရင်
အမြစ်ထွက် လာတတ်တယ်။
ကြိးကောင်ကြီးမားမှ
နေရာရွှေ့ စိုက်ရရင်
ခက်ပြီ။
မိမိ အား
ဟို ဖက်ကမ်းပို့ဖို့ အရေး
မိမိ ကိုယ်တိုင် '' ဖေါင် '' ပဲ ။
ငါတို့
မိမိ ကိုယ် ကိုယ်
ရွေး နုတ်ကြစို့ ။

(၂၄)
အချစ်ရေ
ကမ္ဘာ ကြီးဟာ
မြေမြုပ် မိုင်းတွေ ပေါတဲ့
ကမ္ဘာကြီးပါကွာ။
ကမ္ဘာကြီးဟာ
သူကိုယ် တိုင်
ပေါင်တိုကြီးပါကွာ ။
နေရာတိုင်း မှာ
အကြမ်းဖက်သမားတွေ
ချောင်းမြောင်းနေတဲ့
ကမ္ဘာကြီးပဲ။
ငါတို့ တိုက်ထဲ
ဘယ်အချိန် လေယာဉ်ပျံ ကြီးဝင်လာမလဲ လို့
တွေး နေရတဲ့ ကမ္ဘာကြီး ပါကွာ။
(အရေးထဲ
ငါတို့မြို့က
လေယာဉ် လမ်းကြောင်းကျတယ်)
ဒါနဲ့တောင်
လူတွေ မျော့တွေ
အတူတကွ
ကမ္ဘာကြီး ကို သွေးစုပ်တုန်း ။

(၂၅)
တကယ်တော့
ကမ္ဘာ ကြီးပေါ်မှာ
ငါတို့ ခြေထောက်တွေ ဟာ တန်းလန်းကြီး
သုတ်ကိုင်းမိ နေကြပေါ့။
ရုန်းလည်း
မလွတ်သာ
ငါတို့ ခြေထောက်တွေသာ
ပြတ်ထွက် သွားမှာ။

(၂၆)
တစ်ခါတစ်ရံ
ကျွန်တော်ဟာ
ရေငတ်သလို
နေမထိ ထိုင်မသာ ဖြစ်ခဲ့ ။
သွေးဆုတ်သလို
ဖြူ ဖတ်ဖြူယော် နဲ့
စိတ် အစည်းပြေကာ
ဦးတည်ရာ သွားနေခဲ့ ။
သြော် ..
ငါလို့ ထင်နေတုန်း
ငါ့ အဆင်မပြေမှု လို့ ထင်နေတုန်း
တကယ်တော့
သဘောမျှသာပဲ
အဆင်မပြေမှု ဟာ
အဆင်မပြေ မှု မျှသာပဲ။

(၂၇)
( တရားကို သိမြင် နိုင်သောသူ
ဖြစ်ရစေသား။ )

(၂၈)
ပန်းကလေးရေ
ခွင့်လွှတ် ပါတယ်ကွယ် ။
နေမင်းအား
ခွင့် လွှတ်ပါတယ်ကွယ် ။
ကိုယ့် ကို ကိုယ်လည်း
ခွင့်လွှတ်ရမှာပဲ။
(ခွင့်မလွတ်ရင်
ဘယ်လို ရှေ့ဆက်သွားမလဲ)
အညစ် အကြေးဟာ
အညစ် အကြေးမျှသာ ....။

(၂၉)
ဘယ်လိုအကြောင်းကြောင့် မှ
လူတွေ
တစ်ယောက် ကိုတစ်ယောက်
သတ်ဖြတ် ဖို့
အားပေးအားမြောက် မပြုနိုင်။
ဒါဟာ
ငါ့အသံပဲ
ငါ့ ကိုယ်ပိုင် အသံ ။
တော်လောက်ပြီ
ငါတို့ တွေ
တစ်ယောက် ကိုတစ်ယောက်
ဆင်းရဲ အောင်
ထပ် မလုပ်ကြနဲ့။
သံဇကာ ခြားတဲ့ မျက်ရည်
ငါ ဘယ့်နှယ် သုတ်ပေးမလဲ။

(၃၀)
တစ်ချက်ချင်း
အသက်ရှင်နေဖို့
သံပတ်
ခြေလက် လှုပ်ရှားမှု
ဓာတ်ခဲ
နေရောင်ခြည်
သင်္ခါရ မျှသာပဲ။
ငါတို့ဟာ တဲတဲလေးပဲ။

(၃၁)
များသော အားဖြင့်
ငါတို့ဟာ
ကိုယ်လာတဲ့ လမ်း
ကိုယ် ပြန် မမှတ်မိ သူတွေပေါ့။

(၃၂)
ဘယ်က
အစပြန် ကောက်မလဲ
ငါတို့ လည်း
ငါတို့ ရှေ့ ရထား ဆိုက်လို့
တက်ခဲ့ ကြရတယ်။
ဒီရထား
ဘယ်က စ ထွက်သလဲ
ငါတို့
မသိကြဘူး မဟုတ်လား။
ငါတို့ ဟာ
ဘယ်နှစ် ဘူတာမြောက်လဲ ။
နောက်ထပ် ဘယ်လောက်ကြာ
သွားဦး မှာလဲ။
ဘာတစ်ခု မှ
အပ်ချ မတ်ချ
ငါတို့ မသိကြဘူး မဟုတ်လား ။
နောက်တစ်စင်းမှ စီးမယ် လို့ကော
ငါတို့မှာ
ရွေးခွင့် ရှိခဲ့ ပါသလား။
ကဲ
ကျားမြီး ဆွဲ သလို
ရထားပေါ် (ငါတို့)
စီးမိပြီ ။

(၃၃)
ငါတို့ ခရီး
ငါတို့ သွားရမှာပါလား။
ငါတို့ခရီး
ငါတို့ ငြင်းမရ ပါလား။
လောကရဲ့
အစိတ်အပိုင်း တော်တော်များများ ကို
ငါတို့ ချစ် နိုင်ခဲ့ပါတယ်။
ဘယ်လောက် ဝေးဝေး
ချစ်တဲ့ အရာများ အပေါ်
မေတ္တာ မပျက် ရှိခဲ့ပါတယ်။
ငါတို့၏ အချစ်များ
သဘောမျှ သာ တကား။

(၃၄)

လမ်းလည် ခေါင်မှာ
ကုလားထိုင် တစ်လုံးဟာ ထိုင်လို့
ငါချင်း မိုးမွန် နေသော အခါ
ငါတို့ဟာ
ပြူတင်းပေါက် တွေ ပိတ်ပြီး
အိပ်ယာ ၀င်ကြတယ်။
မနက်ဖြန် ဖြစ်ဖြစ်
တစ် နေ့နေ့ ဆက်ရန်ပေါ့
ဒီကဗျာ က
မဆုံးဘူး။ ။

ရည်မွန်
(၁.၁၁.၂၀၀၂ - မှ ၆.၁၁.၂၀၀၂ အတွင်း)

( kaungkin.com မှကူးယူဖော်ပြပါသည်၊ မူရင်းမှာကိုက အပိုဒ် ၁၅ နဲ့ ၁၆ မပါဘူး။)

1 comments:

ALVARO said...

Hi, nice but unfotunately I can´t read. I invite you to visit my blog at:

http://alvarogomezcastro.over-blog.es

Greetings from Colombia