တနေ့တခြားဆိုးရွားလာတဲ့ မြန်မာ့သစ်တောပြုန်းတီးမှုအကြောင်း ရေးဖွဲ့ထားတဲ့ မြန်မာမှုမြောက် ရိုးရိုးယဉ်ယဉ်ကဗျာလေးတပုဒ်တွေ့လို့ ပြန်လည်ဝေမျှလိုက်တယ်။
လွမ်းနေသူ
ငါ့အရိပ်မှာခို
ငါ့အသီးချိုစား
မြူးထူးပျော်ပါး
ငှက်ကလေးများကိုလွမ်းတယ်။
အပူတောက
အမောလွန်ခရီးသွားတွေကို
တဒင်္ဂရင်ဝအေးမြစေခဲ့တဲ့
ရေချမ်းစင်ကလေးကိုလွမ်းတယ်။
တိုင်တွေကယိုင်
အမိုးလည်းမခိုင်တော့ပေမဲ့
လာသမျှသူကိုကြိုဆို
ဇရပ်အိုကိုလွမ်းတယ်။
သပိတ်ပိုက်ကိုရင်ငယ်
ရွာလည်ကိုဆွမ်းခံသွားတော့
မောင်ကျောင်းသားက ဗျတ်ကိုထမ်း
'ဆွမ်းတော်ဗျို့' လို့ အော်သံကိုလွမ်းတယ်။
မနက်ဆိုရွာကထွက်
ညနေဘက်ရွာပြန်ဝင်
နွားတအုပ်ကိုနေ့စဉ်ကျောင်းတဲ့
ကဖိုးကောင်းရဲ့ ပုလွေသံကိုလွမ်းတယ်။
ရွာဘေးနားမှာလဲလျောင်းနေတဲ့
သဲချောင်းထဲကလက်ယက်တွင်း
ရေခပ်ဆင်းတဲ့ လုံမေပျိုတို့
တေးတကြော်ကြော်ဆိုကြတာကိုလွမ်းတယ်။
ဖန်ခုန်ထုတ်စည်း
ကစားနည်းကစုံ
ရွာထဲက ကလေးတပြုံ
ပျော်ရွှင်နေကြပုံကိုလွမ်းတယ်။
(အထူးသဖြင့်တော့လေ)
တနှစ်မှာတခါ
ဒို့ရိုးရာအမွေအဖြစ်
ရွာလုံးကျွတ်နွှဲပျော်
'ကဆုန်လ' ရဲ့ပွဲတော်ကိုလွမ်းတယ်။
ဘုရား... ဘုရား...
ဘယ်လိုကြမ္မာမျိုးနဲ့များ
ငါတိုးခဲ့ရတာပါလိမ့်။
အခုတော့ငါ...
ရေခြားမြေခြားတိုင်းတပါးမှာ
ရေသစ်မြေသစ်ဘ၀သစ်မှာ
အဆောင်အယောင်တွေမှာ ယောင်ခြာခြာ
အလွမ်းတွေနဲ့သာနေရတော့တယ်။ ။
(တရုတ်ပြည်ရောက် ရွာထိပ်ကညောင်ပင်ကြီးသို့)
ကိုကိုညိုညို
oct 2008
Tuesday, May 10, 2011
လွမ်းနေသူ
Posted by Anonymous at 6:32 PM
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment