Tuesday, February 15, 2011

ဆေးရုံ

(၁)
ရာဇဝင်လို အိုမင်းတဲ့
တောင်ပူစာ တလုံးရဲ့ နဘေးမှာ
ရေမစီးတဲ့ ခဲခြစ်ကောက်ကြောင်းရှိတယ်
အဲဒိနံဘေးမှာ
အဖုံးမပါတဲ့ မှော်သေတ္တာတလုံးရှိတယ်

မှော်သေတ္တာထဲမှာ . . .
ကြယ်ရောင်တွေကို မြှုပ်ထားတယ်
ဝတ်စုံပြည့် သတို့သမီးတွေကို မြှုပ်ထားတယ်
ခြေတစ်ဖက်ကျိုးနေတဲ့ အနာဂတ်ကို မြှုပ်ထားတယ်
ဒိုမိနစ်လာပီယဲရဲ့ “သုခမြို့တော်” မြှုပ်ထားတယ်
မှော်သေတ္တာထဲမှာ
ကမ္ဘာကြီးအတွက်
ဆရာကြီးသခင်ကိုယ်တော်မှိုင်း ပန်းချီကား
ချန်ထားရစ်တဲ့
ကိုချိုကြီးကို မြှုပ်ထားတယ်
တန့်ဆည်သပိတ်က ကိုချိုထွန်းကို မြှုပ်ထားတယ်
သတင်းထောက်ကြီး ဦးကျော်ညွန့်ကို မြှုပ်ထားတယ်
ရွှေကူသပိတ်က ဦးကိုလေးကို မြှုပ်ထားတယ်
. . . .
. . . .
မြှုပ်ထားတယ် . . မြှုပ်ထားတယ် . . . .
မှော်သေတ္တာထဲမှာ
လူသေတွေထုတ်လုပ်တဲ့
ဆေးရုံ တစ်ရုံ မြှုပ်ထားတယ်

(၂)
သင်္ချိုင်းမြေမှာ တည်ခဲ့လို့များလားမသိ
ဆေးရုံဟာ
အစားကြူးလွန်းလှတယ်

ရှေ့တည့်တည့်က လှမ်းကြည့်ရင်
လူခေါင်းခွံပေါ် နာဇီစစ်ခမောက်ဆောင်းထားသလိုမျိုး
အမိုးခုံးခုံးတို့ ကုန်းရုံးထ
ပြတင်းပေါက်တွေက ဟောက်ပက်ပက် မျက်တွင်းတွေ
တံခါးမကြီးက . .
အစွမ်းကုန်ဟထားတဲ့ ပါးစပ်ပေါက်
နီရင့်ရင့် သံတိုင်တွေက
သွေးအလူးလူး စွယ်သွားတွေနဲ့ . .တူ . .တူ . .နေချေသေးတော့

အပေါ်ထပ်က လှမ်းကြည့်ရင်
စိမ်းစိုလယ်ကွင်း . . မှိုင်းညို့တောအုပ်
ခြေတံရှည်တဲစု
ဗျိုင်းဖြူတကောင်နှစ်ကောင်ကြဲပက်ထား
နွားတချို့မြက်စား အေးအေးလူလူ
ဒီ . . သက်ငြိမ် ပန်းချီကားချက်
ညနေ . . ညနေ . . မှုံငေး
မျက်လုံးတွေနဲ့ လှမ်းပွေ့ဖက်ကြ
အိမ်ရာရဲ့ရနံ့ကို စိတ်ကူးနဲ့ လွမ်းရှိုက်ကြ
ရဲဘက်စခန်း မပြန်ချင်လို့
ဒီနေရာကနေ
ခုန်ချ အသေခံသွားသူတွေ ရှိခဲ့တယ်

ခါးလျားရှည် လှေကားနှစ်စင်းဟာ
သူ့အပေါ်နင်းဖြတ်သွားသူတွေလို
အိုမင်း . . ချိနဲ့
တကျိုးကျိုး တကျွတ်ကျွတ် ညည်းညူ
အပေါ်ထပ်နှင့်အောက်ထပ်ကို
အလျားမှောက် ဆက်သွယ်ထားတယ်

အောက်ထပ်မှာ . .
အနံ့တလှောင်းလှောင်း . . မှောင်အိုက်အိုက်
မာသာထရီဆာနဲ့
လူထုဒေါ်အမာ သိမသွားရှာတဲ့
ခေါင်းတလားလိုမျိုး
ရှည်မျောမျော အခန်းတစ်ခန်းရှိတယ်

အဲသမှာ . .
သေအံ့မူးမူး လူနာတွေ
တွား . . တွား . .တက်လာတဲ့
ဆင်သင်္ချိုင်းလို့ခေါ်တဲ့
ကွပ်ပျစ်တလုံးရှိတယ် . .

အဲသမှာ . .
အခင်းမရှိ . . စောင်မရှိ
ရက်စက်တဲ့ လာနီညာ ဆောင်းညများ
ရိုးတွင်းချဉ်ဆီဖေါက် . .ကိုက်ခွဲ
ယမ်းနံ့စွဲ သစ်ရွက်ကြွေတွေလို
လူ့အဖွဲ့အစည်းရဲ့အံဖတ်တွေ . . .
နေ့စဉ် . . ညစဉ် . .
တဖြုတ်ဖြုတ်ကြွေ . . .

အဲသမှာ . .
နိုင်ငံရေးအကျဉ်းသား
ဆေးဖက်ပညာသည်တွေ ဆေးကုပေးခဲ့ကြတယ် . .
ဆရာသင်း ဆေးကုပေးခဲ့တယ်
ဆရာဝင်းအောင် ဆေးကုပေးခဲ့တယ်
ဆရာစိုးမြင့် ဆေးကုပေးခဲ့တယ်
ဆရာခင်မောင်ဆွေ ဆေးကုပေးခဲ့တယ် . . .

အဲသမှာ . .
အကြောင်းထူးမရှိ . . ကောင်းဗျား တဲ့
အခွင့်အရေးကို ဆေးစွဲသလိုစွဲနေသူတစ်ယောက်
သံကြောင်ဟစ်ကြေညာနေတုန်း
ဖင်စီဒိုင်း တခါသာသယ်ရောင်းဘူးတဲ့
ကလေးမြို့က . .
ရှစ်တန်းကျောင်းသားလေး “မောင်မောင်လတ်”
သွေးပွက်ပွက်ထိုးအံ . . လဲကျသေရှာ
ပိတောက်လမ်းသီချင်း အဆိုကောင်းတဲ့
အိမ်ခြေရာခြေမဲ့ . . သာတီဖိုက် မောင်ကို
အသက်ငင် . . နေရှာ . .
ဒါဟာ ဒီနေရာမှာတော့  အကြောင်းထူးမဟုတ်ခြေဘူး
ကုလသမဂ္ဂ ရဲ့
လူ့အခွင့်အရေးအစီရင်ခံစာထဲမှာ . .
စာကြောင်းတကြောင်းအဖြစ် ပါမပါတော့မသိ . .
မနက်လင်းရင် ခရမ်းခင်းထဲ ပစ်ထည့်ထားမယ့်
ဖျာလိပ်ခေါင်းထဲမှာ
ခြေလေးချောင်း ရှိနေမှာသေချာ . . ။

ဆေးရုံဟာ
အခင်းအကျင်းတွေ
အတင်းအဖျင်းတွေ
အတင်းအဖျင်းတွေနဲ့
အသက်မရှူတော့တဲ့ “ဆောင်ပုဒ်” တွေကို ဝတ်ဆင်ထားတယ် . . .

ဆေးရုံရဲ့ . .
သွေးခုန်သံတွေမှာတော့ . . .
မင်းတို့အကျဉ်းသားတွေဟာ
ငါ့မိန်းမ ပစ္စည်းလောက်မှ တန်ဘိုးမရှိတဲ့ . .
မတ္တရာက . .
လာဘ်စား အလုပ်ပြုတ် ထောင်မှူး တင်မော်ရဲ့ “အကြွား”
မင်းတို့ အကျဉ်းသား (၁) ယောက်သေရင် (၁၀၀) လာမယ်
(၁၀၀) သေရင် . . (၁,၀၀၀) လာမယ်တဲ့
နမ့်ဆန်ထောင်ပိုင် ဗိုလ်ကြီးစိုးအောင်ရဲ့ “စကား”
ထောင်ဝက်တကောင်သေရင် . . .
စာရွက် (၃)ရွက် ကုန်တယ် . .
မင်းတို့အကျဉ်းသား တယောက်သေရင်
စာရွက်တရွက်ဘဲကုန်မတဲ့ . .
ညွှန်ကြားရေးမှူး . .ဗိုလ်မှုးဘမှန်ရဲ့ တရား

ဒီ . . ငရဲကောင်တွေရဲ့ .
စကြာတံဆိပ် ဝိညာဉ်တွေ . . ပူးကပ်စွဲဝင်နေတယ် . .

ဘော်ဒါတေဝါးမယ်ဟေ့ . . .
ရေချိုးတန်းစီမယ်ဟေ့ . . .
အော်သံစူးစူးရဲ့ လက်များက
ကန့်လန့်ကာကိုဆွဲဖွင့်လိုက်တော့ . . . ။

အရောင်လွင့်နေတဲ့
သူတို့ဘဝလိုမျိုး . . .
မျက်နှာတွေ . . မျက်နှာတွေ . . မှိန်ဖျော့
ပိန်ချိုင့်မျက်တွင်း ဟောက်တွေထဲ
ခြေချော်ကျ မျက်လုံးတွေမှာ . .
ပြာကျအိပ်မက်တွေ ချိတ်ဆွဲလို့ . .
အသက်ရှူနေတဲ့ . .
လူသေကောင်တွေစီတန်း လှည့်လာကြ . . .
တချို့ဝတ်လစ်စားလစ်
တချို့အောက်ပိုင်း ဗလာ . .
ဒါနာဇီအကျဉ်းစခန်း အော့ဇဝစ်မဟုတ်
ရှင်ဒဲလား စာရင်း ရုပ်ရှင်မဟုတ်
အီသီယိုပီးယားမဟုတ်
မဟုတ် . . မဟုတ် . . မဟုတ် . .

ခပ်တဲတဲတေ့ဆက်ထားတဲ့
ဖဲထီးသံကိုင်းနံရိုးတွေ
ပုလွေရိုးပေါင်တံတွေ
ကျူပင်ရိုး လက်မောင်းလက်ဖျံတွေကို
လောကဓံ ပြင်းပြင်းစိမ်ထားတဲ့
အရေပြားတွေနဲ့ထုပ်ပိုး . .
သူတို့ဘဝလိုချိုငဲ့တဲ့ . .
ထမင်း တပုံစံ စားဘို့ . . .
သူတို့ဘဝလို ညစ်ထေးတဲ့
ရေ . . တပုံစံ ချိုးဘို့
ပါးလှပ်လှပ် စက္ကူလူတွေ
အဖြူအမဲ ရုပ်ရှင်အနှေးပြကွက်လိုမျိုး
တရွေ့ရွေ့ လှမ်းထွက်လာကြ
ဒါ . .
ကဘော်မှာ
ကြိမ်ခရန်ခမှာ . .
နမ့်ဆန်မှာ . .
တောင်လေးလုံးမှာ . .
ထုံးဘိုမှာ . .
ရာဇဂြိုဟ်မှာ . .
ဘဝသစ်စခန်းမှာ . .
ဒီ . . သေမင်းတမန် ရဲဘက်စခန်းတွေမှာ

ငတ်မွတ်မှုက တတိတိ တိုက်စား
ကျောက်တုံးတွေက တအိအိဖိပြား
ပေါက်တူးတွေက ဒရစပ်ဝါးမျိုပစ်လို့
နွားတစ်ကောင်အဖြစ် ထွန်ယက်ရင်း . .
ပဲစင်းငုံခင်းထဲအားပြတ်လဲကျ . .
ကျောက်မိုင်းထိ ခြေပြတ်လက်ပြတ် . .
ဝါး တလုံး . .
နှီးသုံးချက်ချည် အလောင်းတလောင်းအဖြစ်
လက်ယက်တွင်းထဲ ခွေးဖော်စားမခံခဲ့ရလို့
မသေလို့ကျန်ခဲ့သူတွေ . . .
ဒါမှမဟုတ် . . သေဘို့ကျန်ခဲ့သူတွေ
ဒါမှမဟုတ် . . သေဘို့ပြန်ခဲ့သူတွေဖြစ်ကြတယ် . . .။
ကပ္ပိလဝတ် နန်းဆောင်လယ်
လရောင်ပြက် . . ည . .မှိုင်ငေး . . တွေးမော
သူအိုသူနာတွေ့ခဲ့သူ . . မင်းသားသိဒ္ဓတ္ထ
ဒီလူတွေသာမြင်ခွင့်ရခဲ့ရင် . .
ဒီမင်းသား . .
ဆယ်ခါပြန် ဘုရားပွင့်လောက်ရဲ့ . .
ဆယ်ခါပြန် ဘုရားပွင့်လောက်ရဲ့ . .။

(၃)
စားဖိုရဲ့ညှော်နံ့တွေကိုရှုရှိုက်
ထိုးခွာနေတဲ့ မီးကျွမ်းထမင်းချိုးတွေကိုငေးစိုက်
ဖိုခေါင်းရဲ့ကြောင်စားနေတဲ့ . .
သူတို့ “ပုံစံ” ထက်များတဲ့
အသားတုံးတွေကို အာသာငမ်းငမ်းလှမ်းမျှော်
လူတန်းကြီးရဲ့ . . .
ဗို့အားကျ မျက်နှာတွေမှာ . .
အရောင် နဲနဲ . . လက်လာ . . .

ငရဲသားတွေကတော့
ပုခုံးပေါ် သတ္တုကြယ်တွေထိုးချိတ်
တဝါးဝါး ရယ်ပွဲဖွဲ့လိုက်ကြ
တရွှမ်းရွှမ်း ကြိမ်စွမ်းပြလိုက်ကြ
သေလူလည်ချောင်းထဲက နို့ပေါင်မုန်ု့ကြက်ဥတွေကို
လုယက်နှိုက်စားလိုက်ကြနဲ့
“ကောင်းဗျား” ဂီတသံစဉ်ကို
မြိန်မြိန်ယှက်ယှက် စင်တင်နေတယ်

(၄)
တူတူတူတူ . .
တူတူတူတူ . . .
တတူတူနဲ့
ကြေကြေကွဲကွဲ ညည်းရှိုက်
ဒီလူနာတွေကို တင်ခေါ်မသွားနိုင်လို့
တဂျုံးဂျုံး တဂျုတ်ဂျုတ် စုတ်သပ်ရင်း
မတ္တရာ ရထား ဖြတ်ခုတ်သွား
ဒါ . .
ပြင်ပကမ္ဘာကြီးနဲ့ စည်းခြားထားတဲ့
အနားသတ် ငရဲမျဉ်းပေါ့ . .

ဆေးရုံကတော့
ဒီလူနာတွေရဲ့ ဘဝကို တစက်စက်လောင်းငှဲ့
တစက်မကျန် တရှိန်ထိုး ကောက်မော့ချလိုက်ရင်း
အကြွင်းအကျန်တွေကို
စားဖိုမီးနဲ့ လောင်ကျွမ်းပစ်
ဝိညာဉ်တွေကိုတော့
စားဖိုမီးခိုးခေါင်းတိုင်ကနေ
အန်ထုတ်ပစ်လိုက်ပါတော့တယ်

(၁၉၉၉ ဖေဖော်ဝါရီ၂၅ - မတ် ၁၅)
တာကောဒီ

kaungkin.com မှကူးယူဖော်ပြပါသည်။

0 comments: