Thursday, February 10, 2011

ဆရာ အကို လွမ်းဏီ လက်ပေါ်မှာ ကျနော် သေမယ် …

ဇော်ဂျီ… မသိ…
ဂေါ်ကီ… မသိ…
ကော်နီကိုပဲ သိတဲ့အထဲ…
ကျနော် မပါဘူး… အကို လွမ်း…

စွမ်းရည်… မသိ…
လွမ်းဏီ… မသိ…. တဲ့ အထဲ…
ကျနော်လည်း မပါဘူး… အကို လွမ်း…

အကို့ အမေကို
အကို ဆုံးရှုံး သွားခဲ့ရတုန်းက…
ကျနော့် အမေကို ဆုံး ရှုံး သွားရသလို

ကျနော် ငိုခဲ့ဖူးတယ်…
ငါ့ကို မသနားနဲ့…
နင့်ကိုယ်ကို နင်သနား တဲ့…
အကို့ အမေ့ အမှာစကား…
ကျနော့် နားထဲမှာ ဆူကျယ်အူလောင်…

အကိုရယ်… …
ကျနော် ဘာပြောရမယ် မသိတော့ဘူး…

ဂျက်ပင်ထိုးတယ်…
ဝတ်မှုန်ချင်း ထုံကူးတယ်…
စကားလုံးတွေက ဟုန်နေပြီ…

ကျနော်ကတော့ ရိုးသားချင်တယ်…
စကားလုံးတွေကြားမှာ ကျနော် မနေချင်ဘူး အကို…

မာယာတွေ… ကျနော် မုန်းတယ်…
စကားလုံး မာယာတွေကို ကျနော် အမုန်းဆုံးပဲ….

ကျနော့် ခံစားမှုများမှာ
ကျနော် ရိုးသားခဲ့တယ်…
ဘုရားသခင့် သက်သေ…

ကျနော့် နေ့ရက်တွေ ဘယ်လောက် ကျန်နေသေးလဲ…
ကျနော် ရေတွက်မနေပါဘူး….အကို…
အကို့ကို စိန်အေးမာက ချစ်တာထက် ကျနော် ပို ချစ်တယ် …

မောင်လွမ်းဏီရဲ့ ကဗျာတွေကို
စိန်အေးမာ ချစ်တာထက် အောင်သာငယ်က ပို ချစ်ခဲ့တယ်…

မောင်လွမ်းဏီ ကဗျာတွေကို
ကွန်ပြူတာနဲ့
အောင်သာငယ် စာစီ စာရိုက်လုပ်ခဲ့တဲ့နေ့ရက်တွေမှာ
စိန်အေးမာဟာ…
တခြား ကမ္တာမှာ…

ကျနော့် မဖြစ်ညစ်ကျယ် စာတွေကို
ကဗျာတွေ ဖြစ်အောင် လုပ်ခဲ့တာ
မောင်လွမ်းဏီ…

အောင်သာငယ်ကို
ကဗျာဆရာဖြစ်အောင် လုပ်ခဲ့တာ
မောင်လွမ်းဏီ…

ခုတော့ ကျနော် ကဗျာဆရာဖြစ်ပြီ…
မောင် လွမ်းဏီ…

တခုပဲ…
ကျနော် သေရင်…
အကို့ လက်ပေါ်မှာ သေချင်တယ်…

ကျနော့်ကို ဖက်ပြီး
အကို ငိုတာ ကြားချင်လို့…
အဲသလိုမျိုး…။

အောင်သာငယ်
ဖေဖော်ဝါရီ ၁၀၊ ၂၀၁၁

0 comments: