ရဲဘော်များ မှတ်မိကြဦးမှာပါ။ အစောပိုင်း ဒေါင်းအိုးဝေစာစောင်တွေမှာ ယောဟန်အောင်၊ တိုက်မောင်း၊ မိဆူးပွင့်၊ ညီနိုင်၊ မောင်လွမ်းဏီ၊ စတဲ့ ကလောင်တွေဟာ ကဗျာရေးကောင်းတဲ့ ရဲဘော်တွေပါ။ အဲဒီထဲက ကဗျာဆရာ ညီနိုင်နဲ့ ပြန်လည် မိတ်ဆက်ပေးလိုပါတယ်။ ညီနိုင်ဟာ ၁၉၉၁ လောက်မှာ ထိုင်းအစိုးရရဲ့ မြန်မာကျောင်းသားတွေကို အတင်းပြန်ပို့မှုကြောင့် ကျနော်တို့နဲ့ ဝေးကွာသွားပေမဲ့ သူ့ကဗျာတွေက ကျနော်တို့နဲ့အတူ ရှင်သန်နေဆဲပါ။ (မီးကိုတိုးသည့် ကြိုးမဲ့ကာရန်)လို့ အမည်ပေးထားတဲ့ ကဗျာတိပ်ခွေတခွေ(ကဗျာရှည် ၆ ပုဒ်)ကိုလည်း ထုတ်ဝေခဲ့ပါတယ်။ အခုဖော်ပြမဲ့ ကဗျာက အဲဒီခွေထဲမှာ မပါဘူး။ ၂၁ နှစ်ကြာပြီဖြစ်တဲ့ ဒီကဗျာဟာ အဲဒီအချိန် အဲဒီကာလရဲ့ နိုင်ငံရေးပယောဂတွေ၊ တော်လှန်ရေး အရှုပ်အထုပ်တွေ ပြည့်နှက်နေပေမဲ့ လေ့လာသင်တဲ့ ကဗျာတပုဒ်ပါ။ နိမိတ်ပုံယူပုံတွေ ကဗျာသံစဉ်စီးဆင်းမှုတွေဟာ မာယာကော့စကီးရဲ့ ဘောင်းဘီဝတ်မိုးတိမ် ဆန်ပါတယ်။ ညီနိုင်ဟာ တခြားကလောင်တခုနဲ့ မြန်မာ့ကဗျာလောကမှာ သေသေချာချာကြီး ဆက်လက်ရပ်တည်နေပါတယ်။ ကဗျာဖတ်သူတွေ လေ့လာလို့ရအောင် အဲဒီကဗျာတွေကိုပါ ဆက်တိုက်တင်သွားပေးပါမယ်။
ဗုဒ္ဓသည် အမျှဝေလျှက်
ပြောပါများသည်ကို ပြောပါနည်းအောင်ပြုလုပ်ခြင်းသည်၎င်း၊
မှားပါများသည်ကို မှားပါနည်းအောင်ပြုလုပ်ခြင်းသည်၎င်း
ခက်ခဲပေစွ။
စကားဦး
အားမလိုအားမရဖြစ်ခြင်း၊ ကြိမ်ဖန်အလီလီပေါက်ကွဲခြင်း၊ နိုင်ငံတော်မွတ်သိပ်ခြင်းများဖြင့်
ဤကဗျာကိုရေးဖွဲ့ ….. ဒေါသကြီးသူ၏ စာကို ဖတ်နေရသည်ဟု ထင်စရာရှိ အားများဖြင့်
ယက်လုပ်ထားသည်။
“နီးစပ်မှုမဲ့ ဖခင်နှင့် ကောင်းကင်ကိုမော့ကြည့်နေသူတဦးအတွက်”
ညီနိုင်
တက်သွား
တံခါးချပ်များပွင့်လာနေပေါ့
အလျင်အမြန်ဆွဲဖွင့်လိုက်လေ …..
(၁)
ကျုပ် ….
ဒူးမတုပ်သူ …
ဆက်လျှောက်နေပေါ့ … ကျုပ်
လျှပ်စီးတွေအပေါ်ဖြတ်နင်း
ကမ္ဘာနဲ့နေရဲ့ခြေလှမ်းအကွာနဲ့
ထတော့ … !
တံတွေးကိုဝမ်းစာအဖြစ်
ဖယ်ချန်ထားရသူတွေ
နှစ်တိုနှစ်ရှည်စီမံကိန်းတွေထဲကျောစုတ်ခဲ့
အနွေးထည်ကောင်းကောင်း
ဝတ်ဘူးခဲ့သလား
ပါးစပ်ဟာ အရသာနဲ့
အဆွေခင်ပွန်းဖြစ်ခဲ့ရဲ့လား
ပါတီနဲ့ဘတ်တေးတွေပေးဘူးသလား
ဝါးကြမ်းခင်းနဲ့
နေရဲ့နှာခေါင်းအရှည်ကသာ
ကျောနဲ့ခေါင်းကိုတလှည့်စီနမ်းခဲ့။
ခင်ဗျားတောင်
ဥပုသ်ကျောင်းမသွား
ဘုရားရှေ့မထိုင်နိုင်ဖြစ်
ဒီထိအောင်ပဲ ထမင်းတလုပ်အတွက်
အလုပ်ရှုပ်နေခဲ့ပါတယ်။
အမေဟာ
တခါမှကျုပ်ကိုမုန့်ဖိုးတဆယ်
ပြည့်အောင်မပေးနိုင်ခဲ့ဘူး
ပြောလိုက်ရင်လက်ကလေး ခါခါ – ခါခါနဲ့
ခေတ်အပူကသူ့ကျောမှာလောင်မြိုက်လို့
ခေါင်းရင်းမှာ
ပန်းအိုးဟာ ညှိုးလို့သာနေတော့
ဆွမ်းဆိုတာတာတခါတရံလောက်ပေါ့
ဘုရားသာ အမျက်တော်ရှတတ်ရင်
ကျုပ်တို့အိမ်ထိပ်ဆုံးဒုက္ခရောက်မယ် …..
(၂)
ခင်ဗျားနဲ့ကျုပ်တောင်
ရန်ဖြစ်ခဲ့ကြပါသေး။
ခင်ဗျားကလည်းဒေါနဲ့မောနဲ့
ကျုပ်ကလည်း ရှူးရှူးရှဲရှဲနဲ့
တခါတခါတုတ်တွေ ဓားတွေကိုင်ကြလို့
မတော်လို့များ
ဖြစ်လိုက်ကြရင်တော့နော်။
လမ်းတွေ့ရင်တောင်နှုတ်မဆက်တတ်
မျက်လုံးချင်းရန်ဖြစ်
အဲဒီလောက်ချစ်ခဲ့ကြ
ပြောစရာရှိတဲ့အခါ အမေဟာ
ခင်ဗျားနဲ့ကျုပ်ကြားမှာပြာတာပေါ့။
ဟား၊ ဟား …
ရယ်ဖို့ပဲကောင်းတော့
ခေတ်သစ်အဇာတသတ်ကြီး
အဇာတသတ်ကြီးကျုပ်
ခုတော့အရာရာကိုခံစားသိ
ကျုပ် …
ခင်ဗျားကိုဦးတိုက်လိုက်ပါပြီလေ …
ဒါပေမယ့်
စာအုပ်ဖိုးနဲ့ကျောင်းလခ
တောင်းတဲ့အခါ
မျက်နှာကြီး
ဘာကြောင့်
လငပုတ်ဖမ်းသွားရတာလဲ
ဘာကြောင့်
မြည်တွန်တောက်တီးရတာလဲ
….. ….. ….. …..
….. ….. ….. …..
ခုတော့
ကျုပ်ပြုံးမိ
ခင်ဗျား … အလုပ်ပင်ပန်းသူ …
(၃)
ယနေ့
လူများစွာ ဘေးသင့်နေရဲ့။
အရှေ့
အနောက်
တောင်
မြောက် … လယ်ကွင်းတွေကြားမှာ
ပင်လယ်ပြာနဲ့ သစ်တောတွေပေါ်မှာ
ရတနာကွင်းနဲ့
ရေနံဓာတ်သတ္တုတွင်းတွေထိပ်မှာ
ငုတ်တုတ်ကြီးငတ်နေကြ
ရယ်ဖို့ပဲကောင်းတော့
သူများဆီလက်ဖြန့်နေကြရတာ …
ကျုပ်တို့လူဖျဉ်းတွေမဟုတ်ဘူး
အလုပ်လုပ်ခဲ့ကြ
(နေကိုခေါင်းမှာပန်ဆင်ရင်း)
ဒါပေမယ့်
အာဏာကခွန်အားတွေကိုဝါးမြိုခဲ့ပေါ့
ဘလိတ်ဓားတွေအပေါ်
လည်ပင်းများတင်မိကာ …
(၄)
ကျုပ်မှာ
ဘယ်သူမှလိုက်လို့မမီနိုင်တဲ့
ချစ်ခင်ရင်းနှီးမှုမာနရှိတယ်၊
ဘယ်သူမှခုတ်ထစ်လို့မရနိုင်တဲ့
ပြည်သူ့သတ္တိရှိတယ်၊
မဖောက်မပြန်တဲ အမျိုးသားရေး
ယုံကြည်ချက်ရှိတယ်။
မြန်မာပြည်ကိုအိပ်ကပ်ထဲမှာထည့်ရင်း
ဘဏ်တဘဏ်ထဲဝင်သွားချေပေါ့
လူတယောက်
လောကကိုသော့တွဲလို
ခါးမှာချိတ်ရင်းလမ်းလျှောက်နေသူ
မိမနိုင်
ဖမနိုင်
သံဃာမနိုင်
တိုင်းပြည်ကိုမီးရှို့နေပေါ့ …..
ပြည်တွင်းစစ်တဲ့
၄၂ နှစ်ရဲ့အရိုးတွေ
မြင့်မိုရ်တောင်ကိုကျော်တက် … တက်
ဆဲထုတ်လိုက်
ပုန်းငုတ်ငုတ်ကြိုးကိုင်နေသူ
သူတရားခံအရင်းပေပါ …..
စက်ဆုတ်လိုက်တော့
အလုပ်မလုပ်ပဲ ဗိုလ်လုပ်နေသူတွေကို …
(၅)
ဟိုမှာ
ခလုတ်မပါတဲ့သင်္ဘော
ပက်ပက်စက်စက်ငိုညီး
ရွက်တိုင်ကြီးအရိုးငေါငေါ
ပြောရင်းအသက်ဝင်လာ
လမ်းမကြီးပွယောင်းယောင်း
မဖြီးသင်တဲ့ခေါင်းလို
ရှုတ်ရှုတ်ထွေးထွေးပဲ …..
ခုန်တက်လာ
လှေကားထစ်တွေအပေါ်
လျောက်ပြေးနေပေါ့
ကုန်တွေဈေးကိုစီးလို့ ….…
ရောက်ချေပေါ့
ထမင်းရည်ပူထဲဝမ်းကိုပစ်ရင်း
ကြံစည်ခြင်းကို
မျက်နှာမှာတတ်ဆင်ကြလို့
မျက်လုံးတွေစူးလက်လက်ရှ
ဝါးမြိုပစ်တော့မယ့်ဟန်
….. ….. ….. …..
….. ….. ….. …..
အရိပ်မဲ့မဲ့သစ်ပင်ကြီး
လွင်ပြင်ထီးထီးမှာ
ငါတို့ဘာလုပ်ရ …
(၆)
သတ္တဝါပေါင်းများစွာကို
ဖန်ဆင်းခဲ့တဲ့လောက
သင့်မျက်ဝန်းတဘက်
ကမ္ဘာဦးစကတည်းက ငှက်သင့်ခဲ့သလား
ဟာနေတဲ့ဝမ်း
သာနေတဲ့လမ်း
ရွှေဘော်ထိုးစမ်းလေ …..
ခုတော့
အရာရာဒယီးဒယိုင်နဲ့
သင် ….. ဆိုင်းကြိုးမတတ်တတ်တဲ့
စွန်လွှတ်သမားပဲ …
ကာလာနထဲ
ပြန့်ကျဲလာကြ
အုဝဲလေးတွေရေ
သင်တို့ တေးသီနိုင်ဦးမှာလား
ဒီမှာ
နှာခေါင်းအောက်က
ချောက်နက်နက်ကြီးတွေ
မှိုတက်၊ ကြွက်ကိုက်ဖြစ်လို့
လေးဘက်ထောက်အရှက်မဲ့ချေပေါ့
ကုလားထိုင်လိုသူ
နိုင်ငံရေးကြက်ညှာဆုံစို့များ
(၇)
တက်သွားလေပေါ့
အားကိုခြေအောက်ခုရင်း
သမိုင်းသစ်ရဲ့ခန်းဦးအဖွင့်ဆီသို့
စာလုံးကိုသွေးနဲ့စီဖို့လေ …..
ကြိုးတိုက်ထဲ
လည်ပင်းတွေဆန့်ထုတ်ခါ …..
အံသွားကြိတ်ခါ
လက်သီးကိုအတောင်တတ်ပေတော့
အမှောင်ခေတ်မှာ သင်ဟာနေ့ရှင်
နေရဲ့အလင်းတသောင်းနဲ့
ကောင်းကင်ကိုဆေးတော့
မိုးကောင်းကင်က
ပန်းပွင့်နဲ့ကျောက်သံပတ္တမြားတွေ
ရှာချပေး
မြေဝဿုန်
လတ်ဆပ်တဲ့သီးနှံတွေကို
ထုတ်လုပ်ပေးတော့ …..
နွေရထားကိုစီးနင်းယင်း
အလင်းကိုညှစ်ထုတ်နေသူ
မြင်းများကိုကကြိုးဆင်ပါ …..
(၈)
နာနာရိုက်ပုတ်ရမယ်
ဟုတ်ကဲ့ စီးနင်းသူတွေကို
လမ်းကြောင်းမှန်အတွက်ဆို
တိုက်မယ်
တိုက်ရမယ် … တိုက်ရမယ် …
တိုက်ကြလိမ့်မယ်
တိုက်ထုတ်ပစ်လိုက်စမ်း
မင်းရဲ့အမျိုးသားရေးဦးခေါင်း
မာထူထူနဲ့
ကျောက်တောင်ရဲ့ဟိုဘက်
မင်းဦးခေါင်းပေါက်ထွက်သွားသည်အထိ
အယူသီးနဲ့ ဝါဒကြီးသမားတွေကို
အာဏာကြီးသမားတွေကို
မဟုတ်တန်းတရား
နှုတ်ကပတ်တော်ရှင်တွေကို
မင်းဟာသတ္တိရှင်ဖြစ်ပေါ့
မင်းဟာသတ္တိရှိခဲ့ရင်လေ
စင်္ကြာဝဠာကြီးဟာ
ဘောလုံးငယ်လေးဖြစ်ပေါ့
ခြေဖျားကော့ကာ … ကော့ကာ
ခလေးငယ်တွေကိုတော့
ကျိုးနွံနွံဝတ်ကြွေးပြု
အရုဏ်ဦးရဲ့
ပထမဆုံးနေကိုပေးလိုက်တော့
(၉)
အလိုက်မသင့်မျောပါကြမလား
(သစ်ကိုင်းခြောက်နဲ့အမှိုက်စများလို့)
သေရင်တောင်အဆဲခံထိပေဦးတော့မယ် …..
လောကခါးရောင်း၊ မြေပြိုလု
ကယ်တင်ရှင်စောင်ခြုံလို့ကွေး
ပုန်းခိုပေါ့
ခပ်ကုတ်ကုတ်တွင်းငယ်လေးထဲမှာ
ငါတို့
ပုခုန်းကျယ်ပြော
လက်ရုံးတောင့်တောင့်သံတိုင်တွေ
စစ်ကားတွေကိုဖိနပ်ပြု
ဆူးချွန်တွေအပေါ်လမ်းလျှောက်စို့ …..
စကားချိုထဲမှာသကြားမရှိဘူး
မျှော်လင့်ခြင်းကိုမှောက်သွန်လိုက်
တိုက်ကြ
မနက်ဖြန်တိုင်းကိုနှင်းဆီပန်ချင်သူ
ကြယ်တွေကိုရင်ထိုးပြု
လက်တွေက နိုင်ငံတော်ကို
မမလေးမိုးပေါ်မှောက်ချီပေး
(၁ဝ)
“တော်လှန်ရေးသည်
တော်လှန်ရေးသမားကို
မစောင့်” တဲ့
အသံတသံ …
ခြေမြန်မြန်သုတ်ခြေတင်ပေါ့
ကောင်းကင်ကိုမြင်းလုပ်လို့စီး
ကမ္ဘာကိုလက်သီးဆုတ်ထဲထဲ့ကာ
ပြီးတော့
ခွေးပုပုလေးလို
တောင်ကုန်းပေါ်ပြေးတက်ချေစမ်း
ရွှင်ကြည်ချစ်စရာလေးပါ့
အဲဒီလောက်ထိအောင်ပဲ
ပျော်ဖို့ကောင်းပါတယ်
နောက် …
ရည်းစားစာတစောင်ရေးပြီးတဲ့အခါ
ရင်ပေါ့သွားတဲ့လွတ်လပ်မှုမျိုး
သင်တို့ကိုပေးပါဦးမယ် …
မြင်နေရပေါ့
လာနေဆဲရောက်ရှိခြင်း
ရင်တွေထဲတိုးဝင်ပူးကပ်ကပ်
လှိုက်လှိုက်ဝမ်းသာဖြစ်ကြ
မျက်နှာပေါ်ပျော်ခြင်းများကိုစိုက်လို့
ကျုပ်
အဦးဆုံးသူဖြစ်ခဲ့ရင်
ကျုပ်ပေးပါ့မယ်
ခင်ဗျားတို့ကို ကျုပ်ထက်ပိုလို့
ခင်ဗျားတို့
အားရဝမ်းသာအလုပ်လုပ်ကြလို့
စိတ်လက်ချမ်းသာ
လုပ်ငန်းကိုင်ငန်းအဖုံဖုံ
(၁၁)
နိတ်သဟ
လူယုတ်မာကောင်
သူကနောက်ထပ်သမီးလောက်
အသစ်လေး တယောက်နဲ့
“၂၆ သုံးလီ ၇၈”
ယတြာချေပစ်သတဲ့လေ …..
မနက်နက်ဆို
ကောင်မလေးက ဘစ်ကနီ
သူကဆီဒီ
ပလီပလာစိုက်
ဟီလာတိုက်လို့
ဘယ့်နှယ်
သွားကြိုးကလေချွန်ချင်ရတယ်လို့
အနားမှာ
ဂိုအားရင်းနဲ့ဟင်းမလားလို
အားကိုးလောက်တဲ့ သားတော်ကြီးတွေ
သြရသ တစ်
သြရသ နှစ်
သူ့အတွက်ဆို
မိုးတိမ်ကိုတောင်
ခြုံစောင်အဖြစ်
ယက်ပေးဦးမယ့်သူတွေ
(၁၂)
“တော်လှန်ရေးကို ငါတို့
အမိန့်ပေးမရဘူး၊
ငါတို့ကိုပဲ တော်လှန်ရေးက
အမိန့်ပေးလေ့ရှိတယ်၊
တော်လှန်ရေးရဲ့တရားသံ
ငါတို့ နာခံရမယ်၊”
အမိန့်ပေးနေပေါ့ …..
ဆုတ်ဖြဲပစ်
အချုပ်ခန်းနဲ့
အကျဉ်းထောင်တံခါးမတွေ
ချွန်ရှရှလက်သည်းတွေကို
ကော်ပတ်စားလို့ …..
ထွက်လာကြ
တယောက်မကျန်ထွက်လာကြ
အလျှိုအလျှို
ဟစ်အော်ပြေးထွက်လာကြ
၅/ည နဲ့ ထောင်ကျနေသူတို့
ကြိုးစင်နဲ့တသက်တကျွန်းတို့
ယုံကြည်ချက်အကျဉ်းသားတို့
တစုတဝေး ကလေးတွေ
ကျောင်းလွှတ်လိုက်သလိုမျိုး
ကမ္ဘာမကြေသီချင်းကိုရွတ်သီလို့
သွေးစွန်းပေကျံခဲ့တယ်
နှစ်အလီလီသေနတ်ပြောင်းအောက်မှာ
အပျိုမတွေအလှပျက်
ခလေးတွေပိန်ညစ်ညစ်
ဦးခေါင်းများစွာကြေမွမွ
ဒိုင်း ….. အား …..
သွေးရွှဲရွှဲလမ်းပေါ်လိမ့်ဆင်းသွား
အလံကိုင်တဦးရဲ့ဖြစ်အင်
အရေပြားများတွန့်ရှုံ့နေတဲ့
လူတွေရဲ့မျောက်မျက်နှာ
ခင်ဗျားတွေ့ဘူးမှာပေါ့
ခုတော့
ကျုပ် …..
ခေတ်တခေတ်မှာ
အခါခါပေါက်ကွဲပါတော့မယ်
ခင်ဗျားတို့ကို လှုပ်နှိုးဖို့
လူတယောက်လုံး
မျက်လုံးကိုစုံနှိုက်ထုတ်
အူတွေက တစစီဆွဲထုတ်ခွင့်ရခဲ့ရင်တောင်
ဒေါသတွေကြေမှာမဟုတ်တော့ဘူး
ထိုး ….. ထိုး ….. ထိုး
အဲဒီအကုသိုလ်ကောင်ကြီးရဲ့မျက်နှာကို
သင် …..
လက်သီးပေါင်းကြယ်တွေတမျှထိုးတော့
(၁၃)
အပုပ်ချကြ
အတင်းအဖျင်းပြောကြ …..
သန်းတုတ်တဲ့မိန်းမတွေလို …..
ကောင်းကင်ဟာ မီးခွက်မှုပြီပဲ
ဒယ်အိုးက မြိန်မြိန်ကြီးပြုံးလို့
ငှက်တကောင်
ကြိုးမဖြုတ်ပဲလေကိုပျံပါလေရော
ပါးစပ်ကကျယ်ကျယ်
အကျဉ်းထောင်နဲ့အချုပ်ခန်းမများ
(၁၄)
အားပါး
ခင်ဗျားတေးသီလိုက်သေးသဗျ
လေချွန်သံတရွှီရွှီနဲ့
ဘဝင်ကိုသွေးနဲ့သီရက်တယ်
ခင်ဗျား
ခြေထောက်မှာဘီးတပ်ခဲ့သူ
မျက်ရည်များကိုကျောမှာထမ်းပိုး
ထွက်ခဲ့ကြ
ခင်ဗျား … ကျုပ်
ရာဇဝင်အကြွေးကိုခါးမှာချီလို့
(၁၅)
တံစဉ်တွေသံချေးတက်ပြီပဲ
စပါးကျည်ငိုမဲ့မဲ့
ပုခုံးတဘက်ပြုတ်ကျသွားပြီတဲ့
အလုပ်သမားတယောက်
ဘဝသေအကျောတွန့်ဆွဲ
ရသဟာ
ကဗျာဆရာဆီမှာပါပဲ
ပေါက်ကွဲကျေပေါ့
ကဗျာဆရာ
ဒေါသတွေထဲ
ဒလိမ့်ခေါက်ကွေးစီးဆင်းလို့
သူ့ကဗျာ
သူ့စိတ်လှုပ်ရှားမှုတွေပေါ့
ဘာကိုအောက်ကြို့ခံငေးဦးမှာလည်း
မျက်နှာလေးညှိုးညှိုးငယ်ငယ်
အောက်ဆုံးအလွှာငရဲပဲ
(၁၆)
ကြည့်စမ်း
အမိုက်ကောင်
ဘယ်လောက်မသတီစရာ
ကောင်းလိုက်သလဲ
ဒီကနေ့ရဲ့ရိုင်းပြမှုတွေ
ဘုန်းကြီးများလူဖြစ်ကြ
အချို့လည်း
ကားစင်ကိုတောင်မြင်ကုန်ရ
နွားသိုးဟာ
နျူးယလိယပ်စစ်ကိုပါးစပ်ခဲ
စင်္ကြာဝဠာကို
ချပ်ပြားကာဒိုင်းပြုလို့
ရွံမုန်းဖို့ကောင်းပြီပဲ
လူ
သူ့ဘဝသင်ကြားမှုနဲ့သူ
မနှိုးနဲ့အိပ်ချင်ယောင်ဆောင်သူတွေကို
သင် … ကနေ့ပဲခရီးစတင်၍
သင်၊
ခုတ်ထစ်ချေတော့
အပြစ်အားလုံးအမှန်တရားက
ဆေးကြာပြီ …
(၁၇)
သင်တို့ ဘယ်ကိုရွေ့ကြဦးမှာလည်း
တကိုယ်တော်လွတ်မြောက်ရေးဝါဒီတို့
အနာဂတ်ခြေမန်းကွင်းအစွပ်ခံရတဲ့အခါ
ZERO ဟာ သုံညလေ
မှောင်ထဲမှာ အရောင်မကွဲဘူး
(၁၈)
ဆန္ဒရှင်ကိုပစ်သွားပြီပဲ
(ခြေထောက်များကို
ကျောပေါ်ပစ်တင်ရင်း)
လက်ဖမိုးနဲ့လမ်းလျှောက်နေ
ရူးကြောက်ကြောက်
စစ်ဘောင်းဘီအောက်
ထိုးဝင်သွားသူတစု
ဝင်ကြ
လွှတ်တော်ခန်းမထဲကို
ခေါင်းပေါင်းတလူလူဝံ့
ပြည်သူ့ကိုယ်စားလှယ်တွေ
အဲဒါ ငါတို့နန်းတော်ပေါ့ …..
ငါတို့ထက်
ဘယ်သူတွေကို ပေးထိုင်ခိုင်းရဦးမှာလဲ
(၁၉)
ပွဲကောင်းနေပေါ့
ကြိုတင်ငွေထုတ်သွားခဲ့
လူစွန့်စားကြီးသင့်ကို ….
ခေတ်ရှနေသူများ …..
သွားတော့
ခွန်အားကိုလေးညှို့မှာတင်တော့
လူမိုက်များ
တရားကိုကြုံးသွင်းတော့တဲ့အခါ
သင့်မျိုးဆက်
ရာဇ၀င်အဆက်ဆက်သေရစ်တော့
(၂၀)
ငုံ့ကြည့်စမ်း
ကုန်သည်ပွဲစားတို့
ဇိမ်ကြီးရှင်တို့
ဝန်ထမ်းတို့
လယ်သမား အလုပ်သမားတို့
လက်ဖက်ရည်ဆိုင်ထိုင်
လေကန်နေသူလေးတို့
လူဘော်ကျော့
လပ်လျားလပ်လျားလေးတို့
ဝတ္ထုဖတ်နေသူ အပျိုဖျန်းလေးတို့
စတူဒီယိုခန်းထဲက လက်သီးလက်မောင်းတန်း
ပေါက်ကွဲနေသူတို့
အကဲဖြတ်နိုင်ငံရေးသုခမိန်ကြီးငယ်တို့
ဗိုလ်ကြီး ဗိုလ်လေးတို့ …..
စစ်နဂါးကသင်တို့ကိုဝါးမြိုမြိုရယ်
တရားနဲ့မရရင် … ဓား
လေပြေးစဉ်ရွက်ကုန်လွှင့်တော့
ထမင်းရည်ပူထဲ
ဗီတာမင်တွေချို့တဲ့ကာ
မြို့တွေ အာဏာနဲ့ထိုးသမို့
ရွံ့ဗွက်တွေထဲ
ဝါးလုံးတိုင်များထူစိုက်ကာ
ပြောင်းရွှေ့ခြင်းဟာအိမ်ယာသစ်တဲ့
လောကတခို
ဖြိုချင်သလိုဖြိုနေပေါ့
ထပ်မံကြံစည်နေကြပြန်ပေါ့
ဒေ၀ဒတ်နှင့် သူ၏အပေါင်းအပါများ …
(၂၁)
သူရူးဟာနှောင့်ယှက်သလိုမျိုး
ဝန်းကျင်ကို ဒုက္ခပေးသူတို့
ဒီတယောက်လည်းသွားဦးမှာပဲတဲ့
တယောက်ခေါ်သွားပြန်ပြီ
နံပါတ်မပါတဲ့ကား … ဘီးလိမ့်သွား
မေးခွန်းပေါင်းသောင်းအထောင်ထောင်
စစ်မေးပြီးတဲ့အခါ
ပြာဖြစ်ချေပေါ့
ညထဲသွေးညှီနံ့များခုန်ဆင်းကာ
မြို့တွေအရေပြားစုတ်ကွာလို့
လက်ချင်းကျစ်ကြ
အလောင်းကောင်ရဲ့သေတ္တာထဲ
လဲလျောင်းနေရသူတွေ
လက်များကိုဆန့်ရှည်ရှည်ထုတ်
ဖနောင့်များ ကြွကာ … ကြွကာ
အလိုမတူငြား
ဇာတ်သူသားကိုရှယ်ရာမိသူတွေ
စိတ်ကိုပြောင်းပြန်လှန်ကြ
ဖိုင်တွဲနဲ့ကုလားထိုင်တွေပစ်ထား
ဖင်အိမ်ပြန်လှည့်တော့
ရုံးခန်းတွေတစ္ဆေခြောက်ခြောက်
“ငါတို့
ရေလက်ကြားကိုဆန်ဖြတ်သူတွေ
မုန်တိုင်းထန်ထန်ညံလည်းမကြောက်”
(၂၂)
ရေကာတာကျိုး ရေထဲသစ်ပင်တွေ
အမြစ်ကပြုတ်ပါသွားသလို
ကြမ်းကြမ်းတမ်းတမ်း
မျောပါနေကြပါရော
ဒီရေလျှံကြွကြွ
မြစ်တွေထဲမြို့တွေမျောပါလို့
ရင်ဝတည့်တည့်ကိုပစ်လိုက်တာ
တယောက်
နှစ်ယောက်
သုံးယောက်
လေးယောက်
ငါးယောက်
ခြောက်ယောက်
ခွန်နှစ်ယောက်
……………………….
……………………….
နောက်ထပ်အယောက်ပေါင်းများစွာ
သေသွားပြီတဲ့
မျောနေတယ်တဲ့
ပုပ်ပွ၊ လောက်တွယ်တွယ် အလောင်းတွေ
ဠင်းတ၀ဲစုပ်စုပ် …..
ဘယ်သူမှ
အသေအချာမကြည့်ရဲကြဘူး
အားလုံးအသံတိတ်ချေပေါ့
(၂၃)
အရိုးတွေထောင်ထောင်ထ
ခုန်ဆွ ခုန်ဆွလုပ်ကာ
လပ်လပ်ဆတ်ဆတ်အသားတစ်တွေ
လမ်းများပေါ်အထပ်ပြုလို့
ထပ်ခိုးပြုလို့
အသံတသံရောက်လာ
မာပြတ်တိုတောင်းတောင်း …
ထတော့
အားလုံးမျိုးပြုတ်ကုန်လိမ့်မယ် … တဲ့
မျက်နှာသစ်လိုက်တယ်
(၂၄)
ဖယောင်းတိုင်မျက်ရည်ကျ
အမွှေးတိုင်တို့ပိန်ခြောက်
ငှက်ပျော၊ အုန်းတွေအပူရှပ်
ယတြာအဆိပ်တက်ပေါ့
……………………………..
ဆူးပုံနင်းသူအော်ဟစ်ချေတော့
မိုးသောက်ခဲ့ပြီ
တမေ့ထဲမေ့နေသူတို့
ချောက်များပေါ်ကျောတင်လို့
(၂၅)
နိုးထလာပေါ့
မြန်မာပြည်ရဲ့ဒီမိုကရေစီနတ်မိမယ်
ညင်သာမွေ့မွေ့ရွေ့ရွေ့လှမ်း
သူ့ကိုလမ်းဖယ်ပေးလိုက်ကြပါ
အနမ်းဦးမချွေရသေးတဲ့ပန်းတွေနဲ့
အစိုးရတဲ့
သင်္ချိုင်းတွေထဲ
ဘီလူးသဘက်တွေအုံကြွကာ
ဂုတ်သွေးစုတ်နေပေါ့
လမ်းကြိတ်စက်များ
ခေါင်းပေါ်လိမ့်နေနေ
သေနတ်များက
လည်မြိုများကိုခလုပ်တိုက်နေပေါ့
သင်
လမ်းများကိုဆန့်ဆွဲထောင်လိုက်
ကောင်းကင်ကိုပျဉ်ပြားပြုကာ
အားနဲ့ရိုက်ချေတော့ …..
လွတ်လပ်ခြင်း
ခွင့်တူညီမျှခြင်း
တရားမျှတခြင်း
…………………….
လွတ်မြောက်ခြင်းမှတ်တိုင်အဖြစ်
ဤအရာကို
မော်ကွန်းအဆက်ဆက်ခိုင်ကျစ်စေတော့
(၂၆)
အချို့ လျှပ်စစ်ကြိုးတွေနဲ့အတို့ခံရ
အချို့ ကောင်းကင်ကို
ဇောက်ထိုးကြီးမြင်ရ
အချို့ အံဖုံးတွေပြုတ်ထွက်ကုန်ကြ
အချို့ တိတ်တဆိတ် ပြာဖြစ်သွားကြ
ရေကြည်အိုင်ထဲမှာ
န၀တရဲ့ ငရဲစခန်းပေါ့
(၂၇)
ကျုပ်ဝိဥာဉ်ကို ပြည်သူ့ရင်ခွင်ဆီ
ခေါ်သွားပေးစမ်းပါတဲ့
သွေးရွှဲရွှဲဝတ်ရုံကိုခြုံသွားသူတွေ
မီးကျည်ခဲကို ဗိုက်မှာကပ်လို့
မိန့်ခွန်းချွေနေကြပေါ့
ဂုဏ်ပြုလိုက်
သူတို့ပုန်ကန်ရဲသူတွေ
အိပ်ငိုက်သူမျက်လုံးကို
ပြူးကျယ်ပစ်
သစ်ပင်ကို ပြောင်းပြန်စိုက်လို့မရဘူး
ဒီလှိုင်းတွေမတ်ရပ်ရပ်စိုက်
ဆွဲခေါ်သွား
ပုဂ္ဂိုလ်မိုက်ကို
ကြိုးတပ်ခွေးတကောင်အဖြစ်
ပြည်သူ့ခုံရုံးရဲ့ ဝက်ခြံထဲမှာ
လှောင်ထားချေတော့
(၂၈)
ခွေးတအုပ်
ဆုတ်ဖြဲပစ်နေပေါ့
ဂေါတမရဲ့ဝတ်ရုံတွေကို
ကြည့်ရက်သူ ကြည့်ကြည့်ငေး
သွေးတွေဟာအလံဖြစ်
ချီတက်နေပေါ့
ခေါင်းတုံးလက်ပြောင်ပြောင်တွေ
လွန်ဖျားကိုငယ်ထိပ်မှာစိုက်ရင်း
ဘာသာတရားကြေမွတဲ့အခါ
ငါတို့သေဆုံးပြီ
သင်
အော်ကြီးဟစ်ကျယ်
အော်ဟစ်ချေတော့
အသံတွေကိုမုန်တိုင်းထဲက စုတ်ယူလို့
နောက်ကလိုက်ကြ
ဒါယိကာ၊ ဒါယိကာမတွေ
အာဏာရှင်တို့ရဲ့ ထစ်ချုံးသံမျိုးကို
ပါးစပ်ပေါ်တင်လို့
အဲဒါ
ဒီကနေ့ခေတ်ရဲ့
အလံကိုင်တပ်မှူးတွေပေါ့
သင်တို့ အတွက်ကယ်တင်ရှင်
သင်တို့ကိုယ်တိုင်ပါပဲ
လှုပ်ခါလိုက်
ကြွက်သားနဲ့လက်ရုံးအားတွေကို
ဖြူကောင်တွေ
ဆူးတောင်ခါလွှတ်သလိုမျိုး
နာနာကျင်ကျင်ပေးဖြစ်စေလိုက်ပါ
ငါတို့
ခွန်အားနဲ့လူတွေ
စင်္ကြာဝဠာစုတ်ပြဲ
သမုဒ္ဒရာထထိုင်လိမ့်မပေါ့
မီးဟာ
ထင်းကိုစောင့်တယ်မရှိဘူး
အဲ့ဒီထဲမှာပါတော့
ခင်ဗျားရဲ့သွေးကျုပ်ထဲစီးဝင်
ကျုပ်သွေး ခင်ဗျားကိုယ်ထဲစီးဝင်နေသူ
ကြိုးမဲ့ခွန်အားတွေရဲ့
ပြေးနှုန်းကိုမြင်ရင်
ကမ္ဘာငယ်သွားလိမ့်
ချီတက်သွား
လိုက်ချေပေါ့
လက်ဖမိုးတွေမြှောက်ချီလို့
လှုပ်ရှားဗျာလှိုက်
အခေါပဏီတပ်ကြီးမိုးလုံးညို့
မြေကမ္ဘာ
တုန်လှုန်လေပေါ့
မာယာရဲ့ နန်းဝမုခ်ဦးမီးစွဲလောင်လို့
ညဥာဥ့်ထဲခွေးတဟောင်ဟောင်ထ
အော်ဟစ်ကာ
ထိတ်ထိတ်ပြာပြာ
စွေ့စွေ့ခါခုန်ပေါက်ချေပေါ့
အာဏာနဲ့ဠာနကြီးအချို့ …..
ထပ်လဲပြိုပေါ့
သပိတ်တွေပုံထပ်လို့
ချီတက်နေကြပြန်ပါရော
သာသနာကိုအောင်လံပြုရင်း
မီးကျည်းလျှံတွေလွင့်လွင့်တက်
ဓား လှံ တွေပြုတ်ကျ
ပထဝီရှုတ်ယှက်ခတ်
ပြဿဒ်မီးလောင်နေပေါ့
ကြံ့ခံဖြိုဖျက်ဦးစို့
အလံပေါင်းများစွာ
လမ်းလျှောက်ကြပါရော
တောင်ထိပ်များပေါ်ခြေတင်လို့
လက်သီးတွေယိမ်းကက
….. ပြုတ်ကျလာ
မိုးကောင်ကင်ရဲ့ပထမဆုံး
ညိုပုပ်ပုပ်ကိုင်းရောင်မျက်နှာ
မင်းနဲ့သာသနာ
သာသနာကမင်းကို
ကြောက်ရပြီဆိုရင်တော့
ကိုးကွယ်ကြမင်းကို
ဒါပေမယ့်
ငါတို့ …..
မင်းကိုကိုးကွယ်သူတွေမဟုတ်ဘူး
သာသာနာကိုကိုးကွယ်သူတွေ
သာသနာပိုင်မထေရ်ကြီးမြတ်တွေ
ဝိနည်းတော်ကျမ်းကိုယ်စီလှန်ကြ
……………………………………..
……………………………………..
ပေးလိုက်တော့
ပြောမရ ဆိုမရသူတို့ကို
ရာစုနှစ်အသန်းသန်းအတွက်
ဆွေစဉ်မျိုးဆက်
သာသနာရဲ့ပစ်ပယ်ခြင်းဆု
တိုင်တည်ရာမဲ့တဲ့အခါ
ဘဝဟာ လပ်ဟာဟာပေါ့
ဘုရား … ကယ်ပါဘုရား
ဒုက္ခရောက်နေသူတွေကို ကယ်ပါဘုရား
ဗောဓိပင်အောက်၌
ဗုဒ္ဓသည် အမျှဝေလျှက်။ ။
“သင့်ဝမ်းပေါ်
ပျားရည်စက်လေးများ
တစက်ချင်းကျသွားပါစေ”
ညီနိုင်
၉၊ ၁၁၊ ၁၉၉၀။
ကနန်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုအပေါ် CDM ကထိက ဌာနမှူး ဆရာမ
#ဒေါ်ရတီအုန်း ရဲ့ ပြောကြားချက် (Jan 12, 2024)
-
Mobile Medical Team-West Division တာဝန်ခံ
CDM ကထိက ဌာနမှူး ဆရာမ #ဒေါ်ရတီအုန်း ရဲ့ ပြောကြားချက် (Jan 12, 2024)
#တမူး မြို့နယ်၊ #ခမ်းပတ် မြို့အနီးရှိ #ကနန်...
9 months ago
0 comments:
Post a Comment