Thursday, December 16, 2010

မေမေ့ အတွက် ကြယ်တစ်စင်းရဲ့ ဒိုင်ယာရီ


(၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီး၏ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ကျရောက်သော ၄၉ နှစ်မြောက် မွေးနေ့အတွက် ကျေးဇူးရှင် မိခင်အား ဂုဏ်ပြုရေးစပ်ထားခဲ့သော ရင်တွင်းခံစားမှု။) (မူရင်း - ဧရာဝတီဘလော့ဘ်)

ကိုကိုကြီး

ဂျိင်းကနဲ
မင်းတုန်းထိုးသံ
သော့ခတ်သံ
မက်တဲလ်လစ်သံတွေ
သံစဉ် မရှိ
နရီ မရှိ
စည်းချက်မကျ
တရွေ့ရွေ့ဝေးသွားတဲ့ ဖိနပ်သံများ
ခါတိုင်းစကားသိပ်များလေ့ရှိတဲ့ အခန်းဖော်က
ရုတ်တရက် စူးစမ်းတ့အဲ ကြည့်
ချက်ချင်းသဘောပေါက်သွားတဲ့ပုံ
သက်ပြင်းချ
တိတ်ဆိတ်
ပြန်လာကတည်းက ဘာစကားမှ မပြောဖြစ်
ပြောချင်စိတ်လည်း မရှိ
ပရိတ်သတ်အမြင်မှာတော့
တည်ငြိမ် ကြံ့ခိုင်နေသယောင်
တကယ်က
ရုပ် နဲ့နာမ် မကပ်တာ။

အခန်းထဲ ပြန်အရောက်
အိပ်ရာနေရာပေါ်လှဲ အချ
လက်ထက်က ယပ်တောင်ကို
တွေတွေကြီးငေးကြည့် နေမိ
ဝဲလာတဲ့ မျက်ရည်တွေကို
ပုတ်ခတ်ပစ်လိုက်ဖို့ 
မကြိုးစားတော့
ကျပါစေလေ
လွတ်လွတ်လပ်လပ်ကြီး ကျပါစေလေ
တိတ်ဆိတ်အခန်းငယ်လေးထဲ
မြေဆွဲအားကို ဆန့် ကျင်နေတဲ့ အိမ်မြှောင်ငယ်က
စုတ်တသပ်သပ်
ရင်းနှီးနေကျ မျက်နှာကျက် ညစ်ထပ်ထပ်ကို
မော့အကြည့်
တအိအိ ပြိုကျလာသလို
“မေမေ အဲဒီမှာနေ သား လာခဲ့မယ်”

“မဟုတ်ဘူး မဟုတ်ဘူး ခုဏ နေရာကို ပြန်သွား သားလာကြိုမယ်”
“သားရယ် မေမေ့ခေါင်းပေါ်မှာ အထုပ်ကြီးနဲ့သားရဲ့“
“မရဘူး ပြန်သွား ပြန်သွား သားလာကြိုမယ်လို့ ပြောနေတဲ့ ဟာကို”
“ကဲ ကဲ သားကျေနပ်အောင် ပြန်သွားပြီ ဟုတ်ပြီလား”
“သားကလေ မေမေ့ကို သိပ်ဆိုးတာပဲ”
“မောလိုက်တာ သားရယ်”
ဆိုးတယ်သာဆိုတယ် မေမေ့ မျက်နှာက ပြုံးလို့
ခေါင်းပေါ်က အထုပ်ကြီးကိုချ
သားကို ပွေ့ ဖက်နမ်း
ပြီးတော့
သားလက်ကို ဆွဲပြီး အိမ်ပြန်
လမ်းထဲက လူတွေက
ဒီသားအမိ ကိုကြည့်ပြီး
သဘောကျ
မေမေက ပုတတ်ပုတက်နဲ့
ဘယ်သူ့ကိစ္စ ဖြစ်ဖြစ် လက်မနှေးတမ်း
ကူညီတတ်တဲ့သူ
လူချစ်လူခင်များတဲ့သူ
ကျနော်တို့ အိမ်က
တောင်ဥက္ကလာ ကတ္တရာလမ်းမကြီး တခုကနေ
ချိုးဝင်ရတဲ့ လမ်းသွယ်လေး
မေမေ ပြန်လာမယ့် အချိန်
ညနေစောင်းဆို
အိမ်ရှေ့ကနေ အဲဒီလမ်းချိုးလေးကို မျှော်နေတာ
မေမေ အ၀တ်ထုပ်ကြီးထမ်းပြီး
ရွက်လာပြီး
ဝင်လာတာ တွေ့တာနဲ့
ထွက်ကြိုနေကျ
အဝေးကနေ
အော် ပြီးတော့ ပြေးကြိုတာ
ရောက်တဲ့နေရာမှာ ရပ်နေမှ
ကိုယ်တိုင်လာကြိုမယ်ပေါ့
မေမေ ကလည်း
သား လာကြိုတာတွေ့လို့ 
ဆက်ပြီးလျှောက်လာရင်
မရဘူး
လာကြိုမယ်လို့ အော်ထားတုန်းက နေရာကို
ပြန်သွား
အဲဒီနေရာမှာပဲ လာကြိုမယ်
ဒါဆို ဒါမှ
ဇွတ်
အဲတုန်းက မေမေ က
နှလုံးသွေးကြောကျဉ်းတဲ့ ဝေဒနာကို
ခွဲစိပ်ကုသပြီးလို့ ပြန်ကောင်းလာတဲ့ အချိန်
မေမေ့ပေါင်ပေါ်ခေါင်းတင်ရင်းနဲ့
အဲဒီချုပ်ရိုးကြီးကို ခဏခဏ ကြည့်ဖူးတယ်
ရင်သားအောက်ဖက်မှာ
တပေပတ်လည်လောက်
ကင်းခြေများကြီး တကောင်
ကန့်လန့်ဖြတ် ကပ်နေသလိုကြီး
တရုတ်-ဗမာ အရေး အခင်းဖြစ်နေတဲ့ အချိန်
ဆေးရုံပေါ်မှာ ချည်းပဲ
မေမေက ခြောက်လလောက်ကြာတယ်
ညီလေးက အခါလည် မရှိတရှိ
အဖွားနဲ့ နို့ဘူးတိုက်ပြီး ထားခဲ့ရတာ
အဲဒီတုန်းက နှလုံးခွဲစိပ်မှုကလည်း ခေတ်ဦး
အဖိတ်အစင်တွေကလည်းရှိ
ကံကောင်းထောက်မစွာပဲ
မေမေ တယောက်
ခွဲစိပ်ပြီးတော့
လူကောင်းလို လုပ်နိုင်ကိုင်နိုင်လာတယ်
ဖေဖေက လက်နှိပ်စက်စာရေး
ခြွဲပီးကောင်းလာတော့
မိသားစု ၀င်ငွေအတွက်
တစ်ဖက်တစ်လမ်းက
ရှာရတယ်
သုံးဆယ်ရှစ်လမ်းဈေးက
မေမေ့ရဲ့ အစ်မကြီးဆိုင်မှာ
ပါတိတ် အဆင်ဒီဇိုင်းမျိုးစုံကို လက်ခံ
တောင်ဥက္ကလာ၊ သင်္ကန်းကျွန်း၊ တာမွေ ပါတိတ်ရုံတွေမှာ
ဒီဇိုင်းနာမည်တွေ၊ နံပါတ်တွေနဲ့
လိုက်ပြီးတော့အပ်
ပြီးတော့ ပြန်ရွေး
ဆိုင်မှာ အပ်ထားတဲ့
ဖေါက်သည်တွေကို ပြန်ပေးပေါ့
ရောင်းတာလည်း ရောင်းပေါ့
အဲဒီအချိန်က
ပေါ်ပလင် အနားပြာ
ပိတ်အဖြူတွေကို
ပါတိတ်ဆေးရိုက်ပြီးတော့
လုံချည်တို့ အင်္ကျီတို့ ချုပ်ပြီး ၀တ်ကြတာ
အခုခေတ်လို
နိုင်ငံခြားကနေ
ဖောဖောသီသီ မ၀င်ဘူးလေ
အဲဒီအပ်ထည်တွေကို
အပေါ်အ၀မှာ
ရှုံ့ကြိုးတပ်ထားတဲ့ အ၀တ်အိပ် အစင်းကြီးထဲကိုထည့်
ပါတိတ်ရုံတွေမှာ ပိတ်စနဲ့
အပ်တဲ့ဒီဇိုင်း နံပါတ်တွဲပြီးအပ်
ပြီးတာတွေ ပြန်ထည့်
အဲဒီအ၀တ်ရှုံ့အိပ် အစင်းကြီးကို ရွက်ပြီး
ညနေစောင်း
အိမ်ပြန်လာတဲ့ မေမေ့ကို
“မေမေ အဲဒီမှာရပ်နေ သားလာခဲ့မယ်”
“သား … ရော့ … အောက်က ခေါင်းခုလေး ခံပြီးတော့ရွက်”
“သွားနှင့် မေမေ လိုက်ခဲ့မယ်”
ပုဆိုးဟောင်း တထည်ကို ကရွတ်ခွေပြီးတော့
ခေါင်းခုလေး လုပ်ပေးတယ်
ပြီးတော့ ချဉ်ဖတ်ဇလုံ ခေါင်းပေါ်တင်
ဘောက်ဆတ်ဘောက်ဆတ်နဲ့
နံနက်စောစော
နန္ဒ၀န်ဈေးမှာ
ဆိုင်ဖွင့်မယ်လေ
မေမေကလည်း ဇလုံတလုံးရွက်လို့ 
နောက်က လိုက်လာ
အဲသလို
နှစ်ခေါက် သုံးခေါက်
ဇလုံတွေ သူ့နေရာနဲ့သူချ
ခင်းကျင်းပြီး အိမ်အပြန်
ရေမိုးချိုးပြီးမှ ကျောင်းတက်ရတာ
မူလတန်းကျောင်းက
အိမ်နဲ့ ဈေးကြား
အိမ်နဲ့ နှစ်လမ်းပဲ ခြားတယ်
အထက်တန်းကျောင်းကလည်း လမ်းထိပ်တင်
အော်ခေါ်ရင် ကြားရတဲ့ နေရာ
ချည်ဖတ်က အရင်က အဖွားရောင်းတာလေ
ခြေထောက် သံဆူးလို့
မေမေက ဆိုင်ခဏ ကူထွက်ပေးရင်းနဲ့
ချည်ဖတ်သည် ဖြစ်ကရော
ငယ်ငယ်က
သူငယ်ချင်းတွေက
နောက်တယ်
“ချည်ဖတ်” တဲ့
ဘာဖြစ်သေးလဲ “ချဉ်ဖတ်ပေါ့”
ဖေဖေကလည်း
တောင်ဥက္ကလာ အိမ်ကနေ
အလုံ သစ်လုပ်ငန်းဌာနကို
တခါတလေ
စက်ဘီးနဲ့ ရုံးတက်တယ်
အပြန်မှာ စက်ဘီးနဲ့
ဟင်းဂလာရွက်တွေ
အချိန်တဆယ်
ပုဆိုးနဲ့ ထုပ်ပြီး တင်လာတယ်
ပုဆိုးတထည်ကို
အောက်က စုချည်
ပြီးတော့ ပြောင်းပြန်လှန်ပြီး
ဟင်းဂလာ အချိန်တဆယ်ထည့်
ထိပ်ကနေချည်
စက်ဘီးနောက်ခုံပေါ်မှာ
ကြိုးနဲ့သေချာတုတ်ပြီးတော့
သယ်ရတာ
အဲတုန်းက အလုံအမှိုက်ပုံပေါ်မှာ
ဟင်းဂလာ စိုက်ပြီးရောင်းတဲ့သူတွေ ရှိတယ်
မြေသြဇာကလည်း ကောင်းတော့
အရမ်း သန်တယ်
ဟင်းဂလာချဉ်ဖတ်ကလည်း
လူကြိုက်များမှ များ
ချည်ဖတ်ကလည်း အစုံ
ပဲပင်ပေါက်၊ မုန်လာဥ၊ မုန်လာအပင်
ကန်စွန်း၊ ကြောင်လျှာ၊ ဇရစ်၊ မာလာဖူး
သရက်ကင်း၊ ငှက်ပျောဖူး၊ ငှက်ပျောအူ
ခံတက်ချဉ်၊ ဟင်းဂလာချဉ်
သရက်သီး ဆားစိမ်၊ သရက်သီးပိုးတီ
အို … အစုံတကာကို စေ့လို့ 
ပင်ပန်းတာကတော့ အရမ်းကို ပင်ပန်းတာ
မိသားစု လက်ရေ တပြင်တည်းလေ
ကိုယ်ပြန်တွေးတာတောင်
အဲဒီဘ၀လေး ပျော်တုန်း
နောက် ချဉ်ဖတ်ကနေပြီး
မေမေ့လက်ငုတ် အထည်ဆိုင်လေး
ပြန်ဖွင့်တယ်
ဓားစက်လိုက်တယ်
ဘီတင်လိုက်တယ်
မိန်းမ၀တ်၊ ကလေးဝတ်
လက်ခံတယ်
ချုပ်ပြီးတော့လည်း ရောင်းတယ်
ဖေဖေက
အလုပ်အားရင် ဆိုင်ဝိုင်းထိုင်တယ်
စက်တွေဘာတွေ ပျက်ရင်လည်း
တော်ရုံတန်ရုံဆို ဖေဖေပဲပြင်တယ်
ညီလေးကလည်း အရွယ်ရောက်ပြီ
ကြုံတဲ့သူ
ဓါးစက်ဝင်လိုက်
ဘီတင်ဝင်လိုက်
စက်ချုပ်ပစ္စည်း မျိုးစုံရောင်း
မိသားစု
စည်းစည်းလုံးလုံး
တခရီးတည်း
ဦးတည်ရာ တခုတည်း
မေမေနဲ့ အတူဆိုင်ဖွင့်
မေမေနဲ့ အတူ ဆိုင်သိမ်းပေါ့
“သားရယ် အစစအရာရာ ဂရုစိုက်နော်”
“မေမေ ကတော့ စိတ်ပူတာပဲ”
“သား အတွက်စိုးရိမ်တာပဲ သိတယ်”
ဟုတ်တယ်
တကယ်တော့
မေမေက ဘာမှ နားလည်တာ မဟုတ်ဘူး
သူ့သားလုပ်နေတာတွေကို နားမလည်ရိုး အမှန်ပါ
အကြောင်းကိစ္စရှိလို့ 
စာရွက်ပေါ်မှာ လက်မှတ်ထိုးဆိုရင်
“၀င်းကြည်” လို့ 
တွန့်တွန့်လောက်ပဲ ထိုးတတ်တဲ့ အမေ
သူ့သားကို သူ ယုံတာ တခုပဲရှိတယ်
သူ့သားဟာ ငယ်ငယ်ကတည်းက မဟုတ်တာ မလုပ်ဘူး
သူ့သားလုပ်တာ ဆိုရင် ဟုတ်တာပဲ ဖြစ်ရမယ်
မေမေသိတာ ဒါ အကုန်ပဲ
ဒါဆိုလုံလောက်ပြီလေ
စိတ်ထဲ ကတော့
မိခင်တစ်ယောက်ရဲ့ မေတ္တာ
သည်းသည်းကိုလှုပ်လို့ 
တလောကလုံးကိစ္စထက်
သူ့သားကိုချစ်တာ သူ့အရေးကိစ္စပဲ
ဖေဖေ ကတော့ သိတယ်
ထောက်ခံတယ်
သူ့သားကို ယုံလည်း ယုံတယ်
အဲဒီအချိန်တုန်းက
ဖေဖေ သစ်ကုမ္ပဏီမှာ လုပ်နေတဲ့အချိန်
ပိန်းပိတ်အောင် မှောင်နေတဲ့ခေတ်
သားတွေ အတွက်
မျှော်လင့်ချက် တံခါးလေးများ
ပွင့်လာမလားလို့ 
စိတ်ရှည်သည်းခံမှုတွေနဲ့ လုပ်နေတာ
အဲဒီတံခါးချပ်ကလေး
ပွင့်လာတဲ့ အချိန်
ညီလေးက ဖေဖေ့ သစ်ကုမ္ပဏီရဲ့ အစီအစဉ်နဲ့
ဟိုး အဝေးမှာ
ပြန်လာရင်
မိသားစု အနာဂတ်တွေ
တပွေ့ တပိုက်နဲ့ပေါ့
ကျနော့်မှာလည်း မျှော်လင့်ချက်တွေ
တလှေကြီး
မေမေက သူ့သားအလုပ်ကို
ဂဃ ဏန မသိပေမယ့်
ကြားဖူး နားဝတော့ ရှိတာပေါ့
သူလည်း သူ့အသက်အရွယ်
သူ့ဖြတ်သန်းမှု
နည်းတာမှ မဟုတ်ဘဲ
သူ့တသက်မှာ
ဒီအလုပ်သဘာမျိုးဆိုတာက
သူ့အနီးအပါးက
တချို့ခပ်လှမ်းလှမ်းက
ဖြတ်သွားတာ တိုးသွားတာတွေ
ရှိမှာပေါ့
အခုတော့
ဆိုင်းမဆင့် ဗုံမဆင့်
အချစ်ဆုံးသားနဲ့မှ ပက်ပင်းတွေ့တော့
ခြေမကိုင်မိ လက်မကိုင်မိ
တဖက်ကလည်း အတန်းပညာ မရှိပေမယ့်
ဘယ်ဟာက မှားတယ်
ဘယ်ဟာက မှန်တယ် ဆိုတာလောက်တော့
အရိုးခံနဲ့ပဲ သိသပေါ့
စိုးရိမ်တာက တဖက်
တားရမှာကလည်း အခက်
တားဖို့ ကလည်း မလွယ်
ရင်က ဖြစ်တဲ့သား
ဘယ်အရွယ်ရောက်ရောက်
ရင်ခွင်ပိုက် ကလေးတယောက်လိုပဲ မြင်နေတဲ့ သား
အဲဒီ သားကလည်း
ဒါဆိုဒါမှ
ဇွတ်
ပျောက်သွားလိုက်တာ
ပျောက်ကျား ပျောက်ကျား အသံတွေကတော့ ကြားနေရသား
မိုးသံ လေသံတွေ ကလည်း ညံလို့ 
တော်ပါသေးရဲ့
သား အငယ်က ပြန်ရောက်လာလို့ 
ရှိတာမှ သားနှစ်ယောက်
သားအမိ သားအဖ ပေါင်း လေးယောက်
ညီလေးက ငယ်ငယ်ကတည်း က
အိမ်နဲ့ကျောင်း၊ ဈေး
ဒီလောက်ပဲ သွားသွားလာလာ ရှိတာ
ဆယ်တန်း အောင်တော့ ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေ
(RC 2) အာစီ တူးဆိုတာ ဒါ နယ်ကုန်ပဲ
အမျိုးတွေအိမ်
ဖေဖေ့ရုံး
ဒါသူသွားတတ်တဲ့ နေရာတွေပေါ့
ရပ်ဝေးဘယ်မှ မသွားဖူးဘူး
မိသားစု အနာဂတ်အတွက်
ပင်လယ်ရပ်ခြား ခရီးဆိုတာ
တကယ့် အိပ်မက်ပဲ
စွန့်စားခန်းပဲ
အခုလိုလည်း ဥဒဟို သွားလာနေကြတဲ့အချိန်
မဟုတ်ဘူးလေ
ဒီကြားထဲ
အလုပ်ထဲမှာ
လက်ကို မီးဟပ်သွားတယ် ဆိုလို့ 
မေမေ မသိအောင် သားအဖ နှစ်ယောက်
ဖုံးဖိထားရ
တိတ်တိတ်ကလေး စိတ်ပူခဲ့ကြရတာ
ညီလေး အနေနဲ့
သူစိမ်း သက်သက် ပတ်ဝန်းကျင်
အတွေ့ အကြုံသစ်မှာ
ဘယ်လောက်ရုန်းကန်ခဲ့ရမလဲ ဆိုတာ
တွေးကြည့်ရုံ နဲ့သိလောက်ပါတယ်
ညီလေးက ဆက်နေလို့ ရှိရင်
အခွင့်အလမ်းတွေ
အများကြီးရှိရဲ့သားနဲ့
မိသားစု အခြေအနေကို ကြားလို့ 
ပြန်လာတာ
အဓိက
ကျနော့်ကြောင့်ပါ ပဲ
ညီလေး ရှာဖွေလာသလောက်ကလည်း
မိသားစုကို တဆစ်ချိုး
ပြောင်းသွားစေလောက်တဲ့ ပမာဏပါ
ခြိုးခြိုး ချန်ချန်စုခဲ့တာကိုး
တလှေတည်း စီး
တခရီးတည်း သွားခဲ့
လှော်ခဲ့ခတ်ခဲ့ရတာတွေ
ကမ်းခြေ ဖွေးဖွေး
လေနုအေးအေးလေးတော့
ကြုံရချည်သေးရဲ့လို့ တွေးရင်း
သားကြီးကို မျှော်နေမှာ
အသေအချာပေါ့
သားငယ်ရောက်လို့ 
သားကြီးကို အစားထိုးတယ် ဆိုပေမယ့်
မေမေ သိပါတယ်
သားငယ်ကို ချစ်တာက ချစ်တာ
သားကြီးကို ချစ်တာက ချစ်တာ
တူမှ မတူတာ
ခု ပိုလို့ တောင်သတိရသေး
မျှော်သေး
တလျှောက်လုံး
ပင်ပန်းကြီးစွာရုန်းခဲ့ကြရတာ မဟုတ်လား
မေမေ အမျှော်ကြီး မျှော်နေတုန်း
ညီလေး ပြန်ရောက်လာတယ် ကြားလို့ 
ဗြုန်းဆို အိမ်ပြန်ရောက်လာတော့
မေမေလေ
အံ့လည်းသြ ၀မ်းလည်းသာ
တုန်လို့ ဆို့နင့်လို့ 
ခဏ တဖြုတ်
မေမေနဲ့အတူနေ
စားသောက်
မေမေကလည်း မျက်စေ့အောက်က ပျောက်သွားမှာ
စိုးနေတဲ့ အချိန်
ဘာတတ်နိုင်မှာလည်း
မေမေရယ်
ခွဲခဲ့ရဦးမယ်
ချန်ထားခဲ့ရဦးတော့မယ်
ကလေး ဘဝကတည်းက
ကျောင်းပြီးရင်း ကျောင်းတက်
မိဘ ကူနဲ့လုပ်လာလိုက်တာ
မိသားစု စိုက်ခဲ့သမျှ
ရိတ်သိမ်းရတော့မယ့် အချိန်
ဂျီးတော် နွားက ကျောင်းမှ ဖြစ်မှာမို့ 
တား မရမယ့် သားကို
ခွင့်လွှတ်ပါ မေမေရယ်
အေးအေး ဆေးဆေး တနေ့ 
မကြာတော့ပါဘူးရယ်လို့ 
လေးတွဲ့ တွဲ့ ခြေလှမ်းများနဲ့
ဝေးရွေ့  ဝေးရွေ့  ဝေးရာ ဝေးရာ ။
သြော်
မေမေ ရယ်
အခု ချိန်အထိ
သားကို စောင့်နေတုန်းပါလား
တွေးရင်း အောက်နုတ်ခမ်းကို
ဖိကိုက်ထားလိုက်မိတယ်
“ကိုကိုလာမှ မေမေ့ကိုထုတ်မယ် ဆိုပြီး စောင့်နေတာ”
“ရောက်မှ လာပါ့မလားလို့ စိတ်ပူရင်းနဲ့ပဲ စောင့်နေတာ” လို့ 
တည်တည် ငြိမ်ငြိမ်နဲ့ နုတ်ဆက်နေတဲ့
ညီလေးကို ငေးကြည့်နေရင်း
အိမ်မှာ အငယ်ဆုံး ကလေးလိုပဲ ထင်ပြီးတော့
ဆူလိုက် ငေါက်လိုက်နဲ့ လုပ်ခဲ့တာတွေဆီကို
ပြန်ရောက်သွားတယ်
လွန်ခဲ့တဲ့ နှစ်နှစ်က
ဖေဖေ့ ဈာပန
အခု ဒီညီလေး တယောက်တည်း
မေမေ့ ဈာပနကို ဦးစီးပြီးတော့နေတယ်
တကယ့် လူကြီးတယောက်လို
ဖေဖေရော မေမေရော
မရှိတော့တဲ့ နောက်
နှစ်ကောင်ကြွက်
တယောက် တနေရာစီ
တကောင်ကြွက်ဆီမှာ
တကောင်ကြွက် ညီလေးက အိမ်ရှင်
တကောင်ကြွက် အကိုက ဧည့်သည်
ဧည့်သည်မှ ဘွားကနဲ
ကိုယ်ထင်ပြလာတဲ့ ဧည့်သည်
အတွေးတွေကို လက်စသတ်ရင်းနဲ့
အအေးတိုက်ထဲ ကနေ
မေမေ့ကို ထုတ်
အလောင်းစင်မှာ ပြင်ဆင်
မေမေ့ မျက်နှာကို
တစိမ့်စိမ့် ကြည့်နေမိတယ်
နှလုံးရောဂါသည် မေမေ
ခွဲစိတ်ပြီးလို့ ပြန်ကောင်းလာတယ်ဆိုပေမယ့်
စိတ်ပူစရာရှိရင်
သူများထက် ပူတတ်တဲ့ မေမေ
သားအတွက် စိုးရိမ်စိတ်တွေ
တထိပ်ထိပ်နဲ့
မျှော်နေမယ့် မေမေ
မျှော်ကိုး မျှော်ရိပ်တွေ
ခုထိ ထင်းနေတုန်း
မေမေ့ နောက်ဆုံးခံစားချက်
နောက်ဆုံး အတွေးတွေကို
အေးခဲပြီး သိမ်းထားတာ ထင်ပါတယ်
ကျနော့် ဖက်ပြီး
ရှိုက်ကြီးတငင် ငိုကြွေးနေတဲ့
ဝမ်းကွဲ အစ်မတွေ ညီမတွေ
ခပ်လှမ်းလှမ်းကနေ
အသံတိတ်
စိတ်ထိခိုက်နေကြ
ကရုဏာ သက်နေကြသူတချို့
ကျနော် ငိုရမလား
ငိုနေတာလား
တခုခု စဉ်းစားနေတာလား
မျက်ရည် မကျဘူး
တည်ငြိမ်ရင့်ကျက်နေတာလား
တရားသံဝေဂ ယူနေတာလား
မဟုတ်ဘူး
မဟုတ်ဘူး
ဘာမှ မဟုတ်ဘူး
ငိုလို့ မရတာ
ငိုရမယ်ဆိုတာ မေ့နေတာ
အသိ မဲ့နေတာ
ဝိဥာဉ် မဲ့နေတာ
ရုပ်နဲ့နာမ် မကပ်တာ
စိတ်ထဲမှာ ကျိတ်ပြီး
အသံတိတ် ပူဆွေးနေတာက
သောက
ရှိုက်ကြီး တငင် ငိုကြွေးဟစ်အော် ပူဆွေးနေတာက
ပရိဒေဝ
ငို လို့မရတော့လောက်အောင်
လောင်ကျွမ်းပြီး မှင်သက် ကြောင်တက်နေတာက
ဥပါယာသ တဲ့
လက်မောင်းကို လာကိုင်ပြီး
“ကိုကို ကန်တော့ ကြရအောင်” လို့ 
ညီလေးက ပြောမှ
ညီအကို နှစ်ယောက်
လက်အုပ်ချီပြီး
မေမေ့ အလောင်းကို
ကန်တော့
“သားကို ခွင့်လွှတ်ပါ မေမေရယ်”
အားပေး နှစ်သိမ့် နုတ်ဆက်သူ တချို့ကို
အသိအမှတ်ပြုရုံ
ပြန်ပြုံးပြရမယ် ဆိုတဲ့
ဗီဇ အသိနဲ့
အသိမဲ့ တုံ့ပြန်
“ပြန်ကြရအောင်” တဲ့
လက်မောင်းကို ကိုင်ထားရင်းနဲ့
သတိပေးလိုက်တဲ့ အသံတသံ
ဟုတ်တယ်
ပြန်ရဦးမယ်လေ
သူတို့ သဘောကို ကိုယ်က ဆောင်နေရတာကိုး
မကြာခင် မေမေ့ကို
မီးသဂြိုလ်တဲ့ အခန်းထဲ ထည့်ကြတော့မယ်
ချစ်သူ ခင်သူတွေနဲ့
ဘ၀ ခြားသွားတော့မယ့် အသံ
ဂျိုင်းကနဲ ဆိုတဲ့ အသံ
မကြားရက်တော့
မကြားဝံ့တော့
မကြားလိုတော့
မေမေ
ဘ၀ တလျှောက်လုံး
တောက်တဲ့ ဖားယား
ရုန်းကန် ကျွေးမွေးခဲ့တဲ့ မေမေ
ခုတော့
တဘ၀တာ အမောတွေ
ရပ်သွားပြီပေါ့
ဒီခရီးဟာ
အားလုံး သွားရမယ့် ခရီးပါ
သားလည်း သွားရမှာပါ
ဒီနေရာ
သားလည်း လာရမယ့် နေရာပါ
မေမေဟာ
ဒီကို မလာခင်
ဒီနေရာကို မရောက်ခင်
မေမေ့ မိသားစု
မေမေ့ ပတ်ဝန်းကျင်လေးကို
စွမ်းနိုင်သမျှ အကျိုးပြုခဲ့ပြီပဲ
ပိုအရေးကြီးတာက
မေမေဟာ ရှင်သန်နေတဲ့ အခိုက်မှာ
ဘယ်သူ့ကိုမှ မျက်ရည် ကြီးငယ် မကျစေခဲ့ဘူးလေ
ဒါပါပဲ
သားတို့လည်း စွတ်စိုနေတဲ့
မျက်ရည်တွေကို သုတ်ပေးဖို့ 
မျက်ဝန်းတွေ လင်းလက်စေဖို့ 
ကိုယ့်ကိုယ်ကို လောင်ကျွမ်းခံနေကြတာပါ
မေမေရယ်
“မေမေ အဲဒီမှာ ရပ်နေ သားလာခဲ့မယ်” လို့ အော်ရင်း
တောက်တောက် တောက်တောက်နဲ့ ပြေးကြိုခဲ့တဲ့သား
ပျော်ပျော်ပါးပါး
အတူတူ သွားနေကြရာကနေ
ခွဲထွက်သွားတဲ့သား
အခု
မေမေ ရပ်သွားပြီလေ
ရပ်နေပြီ
သား သွားမယ် မေမေ လိုက်ခဲ့မယ်ဆိုတဲ့ မေမေရေ
သွားနှင့်တော့
သွားနှင့်ဦးတော့
သား လိုက်လာခဲ့မှာပါ။

2 comments:

THU_I_SAN said...

တိုင်းပြည်ကောင်းစားရေးလုပ်တဲ့ မိဘတိုင်း သားသမီးတိုင်းကို အလေးပြုတယ်ကွာ။

seinnmyanaddy said...

ရင်ထဲမှာမကောင်းလိုက်တာ။ လေးစားပါတယ်ကိုကိုကြီးရေ။
ခင်ညွန့်ဗွီဒီယိုခွေကိုကြည့်တော့မသနားမိတဲ့အပြင်
ဒင်းတို့ခံရတာမကျေသေးဘူးလို့ထင်တယ်။
သန်းရွှေအလှည့်မြန်မြန်ရောက်ပါစေ။