Tuesday, September 22, 2009

စစ်အစိုးရနှင့် အန်ဒီအေ-ကေ အတွင်းရေးမှူးဟောင်း လျှို့ဝှက်တွေ့ဆုံဆွေးနွေး

ခေတ်ပြိုင်၊ စက်တင်ဘာလ ၂၁ ရက် ၂၀၀၉

စစ်အစိုးရက လွန်ခဲ့သည့် (၄) နှစ် အာဏာသိမ်းပွဲတွင် မအောင်မြင်ခဲ့သည့် အန်ဒီအေ (ကချင်) အတွင်းရေးမှူးဟောင်း ဦးလယောက်ဇယ်လွန်းအဖွဲ့နှင့် လျှို့ဝှက်ဆွေးနွေးနေကြောင်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ စစ်အရာရှိတဦးက ပြောသည်။

အမည်မဖော်လိုသူ အဆိုပါအရာရှိက “ဦးဇလွန်းအဖွဲ့နဲ့ ကျနော်တို့ ဆွေးနွေးနေတယ်။ သူတို့အဖွဲ့ ရပ်တည်ရေးနဲ့ ဆိုင်တယ်” ဟု ပြောဆိုသည်။

အန်ဒီအေ (ကချင်) အဖွဲ့နှင့် နီးစပ်သူတဦးကလည်း ယခုကဲ့သို့ ဦးဇလွန်းအဖွဲ့နှင့် စစ်အစိုးရ လျှို့ဝှက်ဆွေးနွေးမှုများ ရှိနေကြောင်း အတည်ပြုပြောကြားသည်။

၎င်းက “လွန်ခဲ့တဲ့ (၄) နှစ် အန်ဒီအေ (ကချင်) ပန်ဝါဌာနချုပ်မှာ မအောင်မြင်တဲ့ အာဏာသိမ်းပွဲ ဖြစ်ပွားပြီးနောက် ရှုံးနိမ့်သွားတဲ့ ဦးလယောက်ဇယ်လွန်းနဲ့ အဖွဲ့ကို ဘာအရေးယူမှုမှ မလုပ်ဘဲ မြစ်ကြီးနားကို ပြန်ပို့ပေးဖို့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က တောင်းဆိုခဲ့တဲ့အတွက် လက်ရှိဥက္ကဋ္ဌ ဦးဆခုံတိန့်ယိန်းက အာဏာသိမ်းအဖွဲ့ကို မြစ်ကြီးနား ပို့ခဲ့တယ်။ မြစ်ကြီးနားနဲ့ဝိုင်းမော် ရောက်ပြီးနောက်ပိုင်း ကချင်အရေးကိစ္စတွေ ရှိလာတိုင်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က စရဖ တာဝန်ခံနဲ့ တိုင်းမှူးကိုယ်တိုင် အကြိမ်ကြိမ် ခေါ်ယူတွေ့ဆုံလေ့ရှိတယ်” ဟု ပြောသည်။

ယခုတကြိမ် ခေါ်ယူတွေ့ဆုံမှုမှာမူ ထူးခြားကြောင်း၊ ဦးလယောက်ဇယ်လွန်းနှင့်အဖွဲ့ကို သီးခြားအဖွဲ့တခုအဖြစ် ဖွဲ့စည်းပေးထားပြီး နယ်မြေတခု ပေးထားမည်ဖြစ်ကြောင်း၊ လက်ရှိ အန်ဒီအေ(ကချင်) ခေါင်းဆောင် ဦးဆခုံတိန့်ယိန်းနှင့် ပတ်သက်ပြီး စစ်အစိုးရ အနေဖြင့် အလိုမကျဖယ်ရှားလိုပါက ဒေသလူထု ထောက်ခံမှုရထားပြီး အဆိုပါဒေသကို နှစ် (၄ဝ) နီးပါး ခေါင်းဆောင်ခဲ့သည့် ဦးလယောက်ဇယ်လွန်းဖြင့် ချက်ချင်း အစားထိုးနိုင်ရန်ဖြစ်ကြောင်း အန်ဒီအေ (ကချင်) အဖွဲ့နှင့် နီးစပ်သူက ဆက်လက်ရှင်းပြသည်။

အတွင်းရေးမှူးဟောင်း ဦးလယောက်ဇယ်လွန်း၏ အဖွဲ့တွင် ဦးမန်ကျီခေါင်လွန်း၊ ဦးစံဝေခေါင်လွန်း၊ ဦးချန်းလန်း၊ ဦးဇုံးလန်း စသည့်ခေါင်းဆောင်များ ပါဝင်ကြသည်။

ကချင်ပြည်လွတ်လပ်ရေးတပ်မတော် ကေအိုင်အေက ခွဲထွက်ပြီး အန်ဒီအေ (ကချင်) အဖွဲ့နှင့် သွားရောက်ပူးပေါင်းခဲ့သည့် ကေအိုင်အေ ထောက်လှမ်းရေးမှူးဟောင်း လဆန်အောင်ဝါ ဦးဆောင်သည့်အဖွဲ့ကိုလည်း အန်ဒီအေ (ကချင်) နှင့် ပူးပေါင်းသည်ကို နအဖစစ်အစိုးရက လက်မခံဘဲ နယ်မြေသီးသန့် သတ်မှတ်ပေးပြီး အဖွဲ့ငယ်တဖွဲ့အဖြစ် လက်ခံထားသည်။

အလားတူ ရှမ်းပြည်၊ ကရင်နီပြည်နှင့် ကရင်ပြည်နယ်တို့၌လည်း မူလ လက်နက်ကိုင်အဖွဲ့ကြီးတို့မှ ခွဲထွက်လာသူများကို အဖွဲ့ငယ်လေးများအဖြစ် နေရာသတ်မှတ်ပေးကာ အဖွဲ့ကြီးများအား စစ်ရေးအရ တိုက်ခိုက်ရာတွင်လည်းကောင်း၊ နိုင်ငံရေးအရ ဖြိုခွဲရာ၌လည်းကောင်း အသုံးချလေ့ရှိသည်။

ပြီးခဲ့သည့် ကိုးကန့်အရေးအခင်းကာလတွင် အဖွဲ့အတွင်း သဘောထားကွဲလွဲမှုကို အသုံးချခဲ့ရုံမက ယခင်မွေးမြူထားသည့် လက်နက်ကိုင် အဖွဲ့ငယ်လေးများကိုပါ အသုံးပြုပြီး နယ်ခြားစောင့်တပ်ဖွဲ့စည်းရေး လက်မခံသည့် ဦးဖုန်ကြားရှင်နှင့်အဖွဲ့ကို ဖြုတ်ချခဲ့သည်။

ကချင်ပြည်နယ်၊ ကချင်အထူးဒေသ (၁) အတွင်းတွင် စစ်အစိုးရ တပ်ဖွဲ့အချို့နှင့် အစိုးရဝန်ထမ်းအချို့ လာရောက်နေရာယူထားသကဲ့သို့ အစိုးရတပ်မှ အရာရှိများပါဝင်သည့် နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကိုလည်း အကောင်အထည်ဖော်နေကြောင်း စုံစမ်းသိရသည်။

0 comments: