Thursday, September 17, 2009

ရွှေဝါရောင် ၂ နှစ်ပြည့် ကာလ အဖမ်းအဆီးကြမ်း

ဧရာဝတီ၊ စက်တင်ဘာလ ၁၆ ရက် ၂၀၀၉

စစ်အာဏာပိုင်များက ယခု ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု နှစ်ပတ်လည် ကာလအတွင်း မန္တလေးတိုင်း မြင်းခြံမြို့မှ သံဃာတော်တပါး အပါအ၀င် ၈ ဦးကို ယနေ့နံနက်ပိုင်းက ထပ်မံ ဖမ်းဆီး ထိန်းသိမ်း လိုက်သည်ဟု သတင်းရရှိသည်။

အဆိုပါ ၈ ဦးကို မန္တလေးတိုင်း အထူးရဲတပ်ဖွဲ့မှ အကြောင်းပြချက် တစုံတရာမရှိဘဲ လာရောက်ခေါ်ဆောင် သွား ခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“လူငယ်တွေကတော့ သူတို့က သာမန် အပြင်က တက်ကြွသူတွေပဲ။ ဘာအဖွဲ့အစည်းကမှ မဟုတ်ဘူး။ မနက် ၃ နာရီလောက်က ခဏဆိုပြီး တချိန်တည်းလောက် အိမ်ကိုလာခေါ်သွားတာ။ စက်တင်ဘာနှစ်ပတ်လည်နီးလို့ ခဏခေါ်ထိန်းတာထင်တာပဲ” ဟု အဖမ်းခံရသူ လူငယ်တဦး၏ မိတ်ဆွေက ဧရာဝတီသို့ပြောသည်။

အဖမ်းခံရသော လူငယ်များမှာ မြင်းခြံမှ ကိုမျိုးဟန်၊ ဒေါက်တာဝင့်သူ၊ ကိုလှမျိုးကျော်၊ အောင်မျိုးလတ်၊ စိုးရာဇာဖြိုး၊ တောင်သာမှ ကိုကြည်စိုး၊ အမည်မသိရသေးသော လူငယ်တဦးနှင့် သံဃာတော်တပါး တို့ဖြစ်ကြပြီး ယခုအချိန်ထိ မည်သည့်နေရာသို့ခေါ်ဆောင်သွားသည်ကို မသိရသေးကြောင်း ၎င်းက ဆိုသည်။

ဒေါက်တာဝင့်သူ၏ မိခင်ဖြစ်သူက“နှစ်နာရီခွဲလောက်က လာရှာကြတာ။ ဘယ်သူတွေမှန်းလဲ မသိပါဘူး။ လာတုန်းကတော့ သားက မရှိတော့ မတွေ့သွားဘူး။ နောက်တော့ သူ့သူငယ်ချင်းတွေ ဘယ်သူဖြင့် ပါသွားပြီ ဆိုတာတွေ ကြားတော့ သူက မနေနိုင်ဖြစ်ပြီး ထလိုက်သွားတော့တာပါပဲ။ သားက ဥပဒေနဲ့ ငြိစွန်းတာ ဘာမှ လုပ်ထားတာ မရှိပါဘူး”ဟု ပြောပြသည်။

ဖမ်းဆီးခံရသူ လူငယ်များသည် မြင်းခြံမြို့တွင် မရှိတော့ဘဲ မန္တလေးသို့ ခေါ်ဆောင်သွားသည့်သတင်းသာ ကြားရသည်ဟု မိသားစုဝင်များက ဆိုသည်။

အဆိုပါ လူငယ်များမှာ မည်သည့်အဖွဲ့အစည်းနှင့်မျှ ပတ်သက်ခြင်းမရှိသော်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး ၀တ်ပြုဆုတောင်းပွဲများတွင် တက်တက်ကြွကြွ ပါဝင်ခဲ့ဖူး၍ မြင်းခြံမြို့ မယကမှ ခေါ်ယူသတိပေးခြင်းခံရဖူးကြောင်း သိရသည်။

မြင်းခြံမြို့ရှိ စာသင်ကျောင်းတိုက်များတွင် လုံခြုံရေးများ အထူးချမှတ်ထားသည့်အပြင် လူငယ်များ စုဝေးလေ့ရှိ သော မြင်းခြံမြို့စွန်ရှိ စွန်းလွန်းဂူကျောင်းတွင်လည်း အထူးရဲတပ်ဖွဲ့များ တင်းကြပ်စွာ ချထားသည်ဟု မြင်းခြံဒေသ ခံများက ပြောသည်။

ရန်ကုန်မြို့တွင်လည်း၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး ၂ နှစ်ပြည့်ကာလဖြစ်သဖြင့် ဆူးလေ၊ မြေနီကုန်း၊ လှည်းတန်း စသော လူစည်ကားရာ နေရာများတွင် လုံထိန်းများ၊ ရဲတပ်ဖွဲ့ဝင်များ ချ၍ ယနေ့တွင် လုံခြုံရေး တင်းကျပ်ထားကြောင်း တာဝန်ကျ ရဲအရာရှိ တဦး ကပြောသည်။

ထို့အပြင် ည သန်းခေါင်ယံ အချိန်တွင် အာဏာပိုင်များက ဧည့်စာရင်းလိုက်လံ စစ်ဆေးမှုများလည်း ပြုလုပ်နေ ကြောင်း သိရသည်။

လွန်ခဲ့သည့် အပတ်က မကွေးတိုင်း ပခုက္ကူမြို့ရှိ သာသနာ့ ဝိပုလာရာမ ပါဠိတက္ကသိုလ် (အနောက်တိုက်) တွင် ၀င်ရောက်သတင်းမေးခဲ့သော အမျိုးသမီးတဦးအပါဝင် အကူ အညီ ပေးခဲ့သည့် အမျိုးသား၂ ဦး ကို အာဏာ ပိုင်များက ဖမ်းဆီး ထိန်းသိမ်းထားကြောင်း ဒေသခံများက ပြောသည်။

သြဂုတ်လအတွင်းကလည်း ၎င်း ကျောင်းတိုက်မှ ဆရာတော် ဦးဝိသုဒ္ဓ ထိန်းသိမ်းခံရသည်ဟုလည်း သိရသည်။

စစ်အစိုးရသည် ၂၀၀၇ခုနှစ် ရွှေဝါရောင်တော်လှန်ရေး နောက်ပိုင်းတွင် သံဃာတော်များ ခရီးသွားလာ သီတင်းသုံး နေထိုင်ရာတွင် အထူးတင်းကျပ်ခြင်း၊ ကျောင်းတိုက်များကို စောင့်ကြပ်ကြည့်ရှုခြင်း၊ စစ်ဆေး မေးမြန်း ဖမ်းဆီးမှု များကို ပြုလုပ်လျက်ရှိသည်။

မြန်မာနိုင်ငံ သံဃာ့တပ်ပေါင်းစုကလည်း ရွှေဝါရောင်တော်လှန်ရေး ၂ နှစ်ပြည့်အချိန်တွင် ပြည်တွင်းပြည်ပရှိ သံဃာတော်များကို စစ်အစိုးရအား ဆက်လက်၍ သပိတ်မှောက် ကံဆောင်ရန် နှိုးဆော်ထားသည်။

ယင်းသံဃာအဖွဲ့က အကျဉ်းကျသံဃာတော်များကို ပြန်လွှတ်ရန်၊ လွန်ခဲ့သည့် ၂ နှစ်က မေတ္တာပို့လမ်းလျှောက် ဆန္ဒပြခဲ့သော သံဃာတော်များအပေါ် ပြုမူထားသည်များကို လာမည့် အောက်တိုဘာ၂ ရက်နေ့ နောက်ဆုံး ထား၍ သံဃာထုကို တောင်းပန်ရန် အာဏာပိုင်တို့ကို တောင်းဆိုထားသည်။ တောင်းဆိုချက်များကို အာဏာ ပိုင်တို့က မလိုက်လျောပါက အောက်တိုဘာ ၃ ရက်နေ့မှ စ၍ ငြိမ်းချမ်းသော သံဃာ လှုပ်ရှားမှုများ ပြုလုပ် ပြီး ဆန္ဒပြ တောင်းဆိုသွားမည်ဟု ထုတ်ပြန် ကြေညာထားသည်။

၂၀၀၇ ခုနှစ် စက်တင်ဘာ ၅ရက်နေ့တွင် ပခုက္ကူမှ သံဃာ ၅၀၀ ကျော်က မေတ္တာပို့ လမ်းလျှောက် ဆန္ဒပြခဲ့ရာ လုံခြုံရေး တပ်ဖွဲ့ဝင်များက အကြမ်းဖက် ဖြိုခွဲခဲ့သည်။ သံဃာ ၃ ပါးကို ဓာတ်တိုင်တွင် တုပ်နှောင်ကာ ရိုက် နှက်ခဲ့သောကြောင့် မြန်မာပြည် အနှံ့အပြားမှ ရဟန်း ရှင်လူများ စိတ်ဆိုးဒေါသထွက်ခဲ့ကြသည်။

ထိုဖြစ်ရပ်ကို စစ်အစိုးရက ပြန်လည် တောင်းပန်ခြင်း မပြုသဖြင့် နိုင်ငံအနှံ့မှ သံဃာတော်များက ၂၀၀၇ စက်တင် ဘာ ၁၈ ရက်မှစ၍ အာဏာပိုင် တို့ကို ပတ္တနိကုဇ္ဇန ကံဆောင် သပိတ်မှောက်ခဲ့သည်။ ထို့ပြင် သံဃာ တော်များ မေတ္တာပို့ ဆန္ဒပြ ကြွချီရာမှ လူထု လှုပ်ရှားမှု အသွင်သို့ ကူးပြောင်းခဲ့သည်။ အာဏာပိုင်တို့က စက်တင်ဘာ ၂၆ နှင့် ၂၇ ရက်နေ့တို့တွင် ရန်ကုန်မြို့ရှိ ဆန္ဒပြမှုများကို အကြမ်းဖက် ပစ်ခတ် ဖြိုခွင်းကာ သံဃာနှင့် သီလရှင်များကို ဖမ်းဆီး တရားစွဲပြီး နှစ်ရှည် ထောင်ဒဏ်များ ချမှတ်လိုက်သည်။

ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း ၏ ဖော်ပြချက်အရ မြန်မာပြည် အနှံ့ အကျဉ်းများထောင်များရှိ နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော်ထဲတွင် သံဃာ ၂၃၇ ပါး ပါဝင်ကြောင်း သိရသည်။

ဤသတင်းအား ဧရာဝတီ သတင်းထောက်များ ဖြစ်သော အိန္ဒိယ အခြေစိုက် ဇာနည်မာန်၊ ရန်ကုန်အခြေစိုက် လွင်ကို နှင့် ချင်းမိုင် အခြေစိုက် သန်းထိုက်ဦး တို့ ပူးပေါင်းရေးသားသည်။

0 comments: