Monday, September 28, 2009

သံတမန်အချို့နှင့်တွေ့ဆုံခွင့် ဒေါ်အောင်ဆန်းစုကြည် တောင်းဆို

ခေတ်ပြိုင်၊ စက်တင်ဘာလ ၂၈ ရက် ၂၀၀၉

နေအိမ်အကျယ်ချုပ်ကျခံနေရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံဆိုင်ရာ အနောက်နိုင်ငံအချို့မှ သံတမန်များနှင့် တွေ့ဆုံဆွေးနွေးလိုကြောင်း စက်တင်ဘာ (၂၅) ရက်စွဲဖြင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ ပေးပို့ခဲ့သည့်စာတွင် ထည့်သွင်းတောင်းဆိုထားသည်။

မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ထားမှုများ ရုပ်သိမ်းပယ်ဖျက်ရေးကိစ္စနှင့် စပ်လျဉ်းသည့် အဆိုပါစာတွင် ထိုကဲ့သို့ သံတမန်များနှင့်တွေ့လိုကြောင်း ထည့်သွင်းတောင်းဆိုထားခြင်းဖြစ်သည်။

အဆိုပါတောင်းဆိုချက်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြေညာချက်အမှတ် ၆/၀၉/၀၉ အဖြစ် ယနေ့ တရားဝင်ထုတ်ပြန်လိုက်သည်။

နအဖဥက္ကဋ္ဌထံပေးပို့သော ဒေါ်အောင်ဆန်းစုကြည်၏စာတွင် မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ထားမှုများ ရုပ်သိမ်းပယ်ဖျက်ရေးကိစ္စကို သူ့အနေဖြင့် ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် စက်တင်ဘာ (၁၂) ရက်တွင် အထက်အာဏာပိုင်များထံ တင်ပြအသိပေးနိုင်ရန် သတင်းတပ်ဖွဲ့မှတဆင့် နှုတ်ဖြင့်ပြောကြားခဲ့ပြီးဖြစ်ကြောင်း ဦးစွာဖော်ပြထားသည်။

မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ထားမှု ရုပ်သိမ်းပယ်ဖျက်ရေး ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံပေါ် အရေးယူပိတ်ဆို့ထားမှုများအားလုံး သိရှိနားလည်စေရေး၊ ပိတ်ဆို့မှုကြောင့် နစ်နာရမှု အတိုင်းအတာကို သိရှိနားလည်စေရန် ပိတ်ဆို့မှု ချမှတ်ဆောင်ရွက်လျက်ရှိသည့် နိုင်ငံအစိုးရများ၏ သဘောထားများကို သိရှိနားလည်နိုင်ရေးတို့အတွက် အမေရိကန်သံမှူး၊ အီးယူသံအမတ်ကြီး၊ သြစတြေးလျ သံအမတ်ကြီးတို့နှင့် တွေ့ဆုံဆွေးနွေးခွင့်ပေးရန် မေတ္တာရပ်ခံကြောင်းနှင့် ပါတီ၏သဘောထားကို ညှိနှိုင်းရယူနိုင်ရေးကိုလည်း ခွင့်ပြုပေးရန် မေတ္တာရပ်ခံကြောင်း အဆိုပါစာတွင် ရေးသားထားသည်။

မြန်မာစစ်အစိုးရ၏ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ဒီမိုကရေစီအရေး လှုပ်ရှားမှုများအပေါ် ဖိနှိပ်မှုများကြောင့် အနောက်နိုင်ငံများက ၁၉၉၆ ခုနှစ်မှစ၍ မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည်။

ထိုကဲ့သို့ အရေးယူဒဏ်ခတ်မှုများ ပယ်ဖျက်ရေး၊ အလုံးစုံပျက်သုဉ်းရေးလမ်းစဉ် စွန့်လွှတ်ရေး၊ ထိပ်တိုက်ရင်ဆိုင်ရေး၊ အလုံးစုံပိတ်ဆို့ရေး စသည့်အချက် (၄) ချက်ကို ဒေါ်အောင်ဆန်းစုကြည်ဘက်မှ စွန့်လွှတ်ပါက တွေ့ဆုံမည်ဟု နအဖဥက္ကဋ္ဌက ၂၀၀၇ ခုနှစ် အောက်တိုဘာလအတွင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း အဆိုပါအချက်များကို သူလုပ်ဆောင်ထားခြင်းမရှိကြောင်း၊ သက်ဆိုင်ရာနိုင်ငံများ၏ သဘောထားသာဖြစ်ကြောင်း ဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကြည်ထံမှတဆင့် သဘောထားထုတ်ပြန်ပြောဆိုခဲ့သည်။

0 comments: