Tuesday, August 18, 2009

ဒေါ်အောင်ဆန်းစုကြည်အမှု စီရင်ချက် ရန်ကုန်မြို့ခံများ မကျေနပ်ကြ

ဧရာဝတီ၊ သြဂုတ်လ ၁၈ ရက် ၂၀၀၉

ဒေါ်အောင်ဆန်းစုကြည် အပေါ် ချမှတ်လိုက်သည့် စီရင်ချက်နှင့် ပတ်သက်၍ ရန်ကုန်မြို့ခံ ၂၅ ဦးအား မေးမြန်းကြည့်ရာ ၂၁ ဦးမှာ လုံးဝ ကျေနပ်မှု မရှိ၊ လွှတ်သင့်သည် ဟု ဖြေကြား ကြပြီး ၄ ဦးမှာ ထောင်ဒဏ် ၃ နှစ် ချခံရခြင်းထက် ၁၈လ အကျယ်ချုပ် နေရသည်က တော်သေးသည်ဟု ဖြေဆိုကြသည်။

အဆိုပါ စစ်တမ်းငယ်ကို ရန်ကုန်အခြေစိုက် သတင်းထောက် တဦးက ကောက်ခံခဲ့ရာ အဆင့်မြင့် အစိုးရ၀န်ထမ်း ၅ ဦး၊ စာပေသမား၊ အယ်ဒီတာ ၅ ဦး၊ စီးပွားရေးလုပ်ငန်းရှင် ၅ ဦး၊ နေ့စားအလုပ်သမား ၅ ဦးနှင့် တက္ကသိုလ် ကျောင်းသူ ကျောင်းသား ၅ ဦးတို့ပါဝင်ဖြေဆို ကြခြင်းဖြစ်သည်။

အများစုက ဒေါ်အောင်ဆန်းစုကြည်အပေါ် ဗိုလ်ချုပ်အောင်ဆန်း ၏ သမီးဖြစ်သောကြောင့် ထောက်ထားခြင်း အားဖြင့် ပြစ်ဒဏ်လျှော့ချခြင်း မဖြစ်နိုင်ကြောင်း၊ နိုင်ငံတကာ ဖိအားများကြောင့်သာ ယခုကဲ့သို့ လျှော့ပေါ့ပေး သည်ဟု ထင်ကြောင်း ပြောကြသည်ဟု သိရသည်။

“အားလုံးနီးပါးက ဗိုလ်ချုပ်အောင်ဆန်းသမီးဖြစ်လို့ တကယ်ထောက်ထားတယ်ဆိုရင် အစကတည်းက ဒီလို ဘယ်ဆက်ဆံမလဲ၊ နိုင်ငံတကာက ဖိအားတွေကြောင့်ခုလို လုပ်လိုက်တာပဲလို့ ပြောတယ်၊ တချို့ကလည်း အစိုးရရဲ့ သဘောထား ပြောင်းလဲလာပြီလို့ တွက်လို့ မရနိုင်သေးပါဘူးလို့ ပြန်ဖြေကြတယ်၊ ၁ ယောက်ကပဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဒေါ်အောင်ဆန်းစုကြည်နဲ့ တကယ်လက်တွဲပြီး နိုင်ငံရေးလုပ်ချင်လာတာလည်း ဖြစ်နိုင်တယ်လို့ ဖြေတယ်” ဟု အဆိုပါ စစ်တမ်းငယ်ကို ပြုစုသူ သတင်းထောက်က ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်အား ပြီးခဲ့သည် သြဂုတ် ၁၁ နေ့တွင် အင်းစိန်ထောင်တွင်း အထူးတရားရုံးက ထောင်ဒဏ် ၃ နှစ် ချလိုက်သည်ကို စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်ဖြင့် နေအိမ်အကျယ်ချုပ် တနှစ် ခွဲသို့ ပြောင်းလဲ သတ်မှတ်ခဲ့သည်။

ထို ပြစ်ဒဏ်လျှော့ပေါ့ရခြင်း အကြောင်းအရင်းမှာ ဒေါ်အောင်ဆန်းစုကြည်သည် ဗိုလ်ချုပ်အောင်ဆန်း ၏ သမီးဖြစ် ၍ လည်းကောင်း၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တည်ငြိမ်ရေးကို ရှေးရှု၍ လည်းကောင်း၊ အာဃာတ မရှိစေရေး အတွက် လည်းကောင်း၊ ဒီမိုကရေစီ လမ်းကြောင်းတွင် အနှောင့်အယှက်မဖြစ်စေ ရေးအတွက် လည်းကောင်း ဖြစ်သည်ဟုလည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဆိုသည်။

အကျယ်ချုပ် ၁ နှစ်ခွဲကာလ အတွင်း သတ်မှတ် စည်းမျဉ်းစည်းကမ်းများနှင့် ညီညွတ်စွာ နေထိုင်ပါက ဒေါ်အောင်ဆန်းစုကြည် ကို လွတ်ငြိမ်း ချမ်းသာခွင့်ပေးမည်ဟုလည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၏ အမိန့်တွင် ပါရှိသည်။

ရန်ကုန်မြို့ခံ ရှေ့နေတဦးကလည်း ဒေါ်အောင်ဆန်းစုကြည်အား ထောင်ဒဏ် အပြစ်ပေးပြီးမှ နိုင်ငံတော် အကြီးအကဲက ညှာတာထောက်ထားသည်ဟု ဆိုကာ ပြစ်ဒဏ်တ၀က် လျှော့ပေါ့၍ နေအိမ်တွင် အကျယ်ချုပ် နေထိုင်စေခြင်းမှာ ကျေနပ်စရာမရှိကြောင်း ပြောဆိုသည်။

“ဒေါ်အောင်ဆန်းစုကြည်က အပြစ်မှမရှိဘဲ။ မပြစ်မရှိတဲ့သူကို ပြစ်ဒဏ်ချတာ ကျေနပ်စရာမကောင်းဘူး၊ မလုပ် သင့်တဲ့ ကိစ္စပါ။ အပြစ်မရှိတဲ့သူကို အပြစ်ပေးပြီးတော့မှ ထောက်ထားတဲ့ အနေနဲ့ လျှော့ပေါ့ပေးတယ် ဆိုပြီး ကျေးဇူးတင်ခံချင်ပါတယ် ဆိုတော့ ဘယ်လိုကျေးဇူးတင်ရမလဲ” ဟု သူက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အနေနှင့် စစ်အစိုးရသတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ နေထိုင်ရမည့်ဟု ကန့်သတ်ခံထားရခြင်းမှာ စစ်အစိုးရက ချုပ်ကိုင်လိုခြင်းနှင့် ၎င်းတို့ လိုသလို ပြုမူဆောင်ရွက်နိုင်ရေး အတွက် ဖြစ်သည်ဟု သုံးသပ်မိကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အား ရွေးကောက်ပွဲပြီးလျှင်လည်း ပြန်လွှတ်ပေး လိမ့် မည်ဟု မမျှော်လင့်နိုင်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ အဆင့်မြင့် ၀န်ထမ်းတဦးက ဆိုသည်။

“အရင်အကျယ်ချုပ်နေရတဲ့ အခြေအနေထက်ပိုပြီး ကျပ်တည်းလိမ့်မယ်ထင်တယ်၊ ၁၈ လပြည့်ခါနီးရင်လည်း နောက်ထပ် တမျိုးမရိုးတဲ့ ပြဿနာရှာဦးမှာပဲ။ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ဆိုတာ သိပ်မဖြစ်နိုင်ပါဘူး” ဟု သူက ပြောသည်။

အင်းစိန်ထောင် တရားရုံးက ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ တိတ်တဆိတ်ဝင်ရောက်မှုဖြင့် အလုပ်ကြမ်းနှင့် ထောင် ၇ နှစ်ချ မှတ်ခံထားရသည့်အဓိက တရားခံ မစ္စတာ ယက်ထောအား သြဂုတ် ၁၆ ရက်နေ့က ပြန်လွှတ်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ၁ နှစ် ခွဲ ချမှတ်၍ ဆက်လက် ထိန်းသိမ်းထားခြင်းအပေါ် ပြည်သူလူထုက မကျေမနပ်ဖြစ်နေကြသည်။

“သူတို့က ဇာတ်ထောင်ပြီးသားဖြစ်နေတော့ ဆက်ကရတာပေါ့ဗျာ။ ကျနော့်အမြင်ပြောရရင်တော့ သူတို့မှာ ဇာတ်ညွှန်းရှိပြီးသားပဲ။ အံ့သြစရာမရှိဘူး၊ ဒေါ်အောင်ဆန်းစုကြည်ကို ခုလို မတရားလုပ်လို့ လူတွေ ဒေါသ ဖြစ်ရုံ၊ မကျေမနပ်ဖြစ်ရုံကလွဲပြီး ဘာမှ မလုပ်နိုင်တော့ဘူး ဆိုတာလည်း သူတို့က တွက်ထားပြီးသားပဲ” ဟု ရန်ကုန်အခြေစိုက် အယ်ဒီတာချုပ်တဦးက သုံးသပ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ဒေါ်အောင်ဆန်းစုကြည်အား ပြစ်ဒဏ်ချမှတ်ခြင်း အပေါ်တွင် ဥပဒေပါ ပြဌာန်းချက်များ နှင့် ညီညွတ်ခြင်းမရှိသည့်အပြင် လူ့အခွင့်အရေးကိုပါ ချိုးဖောက်ခြင်းဖြစ်သည့်အတွက် ပြင်းထန် စွာ ကန့်ကွက်ကြောင်း သြဂုတ် ၁၃ ရက်နေ့တွင် ကြေညာခဲ့သည်။

0 comments: