Wednesday, August 26, 2009

မှော်ကသိုဏ်း

သုအိုင်စံ
(၂၅/၀၈/၂၀၀၉)

ဧရာဝတီဟာ
ရေငန်တွေကို ပြန်အန် မထုတ်နိုင်သေးဘူး
စပါးပင်တွေမှာ အားအင်မရှိသေးဘူး
များပြားလှတဲ့ မိဘမဲ့ခလေးတွေဟာ
အစားစားရဖို့ အရေး အချင်းချင်း ကြီးကြပ်ရှာကျွေးနေရရှာတယ်
အရေးကြီးလွန်းလှတဲ့ မူလတန်းကျောင်းတွေဟာ
ရေကြီးသွားခဲ့တဲ့ အရပ်မှာ ပြန်ပေါ်မလာသေးဘူး
နာဂစ် အလုပ်အကျွေးပြုသွားတဲ့ ၁၁ ဘီလီယံနဲ့ 
ရွာအသစ်အုပ်စုလေးတောင် ပြန်မတည်နိုင်ဘူးလားကွာ။

မိုက်တွင်းနက်နက်နဲ့ တူးထားတဲ့ လှိုဏ်ဂူနက်နက်ထဲမှာ
ပြည်သူတွေ ခူးစားနိုင်တဲ့ သီးရွက်သီးနှံ မရှိဘူး
စစ်အတ္တအတွေးအခေါ်နဲ့ အသစ်လှလှအရေးပေါ် ဆောက်ထားတဲ့မြို့မှာ
ပြည်သူတွေသောက်ဖို့ ကော်ဖီဆိုင် မရှိဘူး
လုပ် ပင်း စားနေတဲ့ စီးပွားရေး သံသရာမှာ
ပြည်သူတွေဟာ မုန့်ဟင်းခါးလေးတောင် အကြွေး မစားနိုင်ဘူး
တခြားဖက်မှာ မြင်းဆေးတွေ ထောင် သောင်း သိန်း နဲ့ ချီထုတ်နေပေမဲ့

ဖျားတဲ့အခါ ကွီနင်းလေး တောင် ဆောင်မသိမ်းထားနိုင်တဲ့ ဆေးရုံမှာ
ခလေးအုပ်တွေ အထွေးလိုက် အထုပ်လိုက် တုပ်ကွေးမိနေရဲ့
ဆရာဝန်တွေက ရေကြည်ရာ မြက်နုရာ ရွက်လွှင့်သွားကြတဲ့အခါ
ဟောဒီ ရေမွဲ မြေမွဲ အဟောင်းအနွမ်းမြေမှာ
ရောဂါတွေ ပွဲတော်လို သောင်းကျန်းနေတာ မဆန်းပါ။

ငါတို့ ထဲမှာကလည်း
အပ်ကွက်နဲ့ ဘ၀ပျက်သွားတဲ့ ကောင်တွေလည်းရှိရဲ့
ခွချက်နဲ့ အမြတ်ထွက်သွားတဲ့ ကောင်တွေလည်းရှိရဲ့
အပြီးသတ် end gameကို အနီးကတ် ထိန်းကစားမဲ့ဗျူဟာလိုပြီ
ဗျူဟာများစွာ ဆွဲခဲ့ပါရဲ့
ဘူတာထဲ ရထား ရောက်မလာတဲ့ ဖြစ်စဉ်တွေနဲ့ 
စောင့်နေသူ ပရိသတ်ကြီးဟာ ခြေညောင်း ဗိုက်ဆာ ရင့်ရော် အိုမင်း
ချခင်းထားတဲ့ ဘ၀သံလမ်းများကို အဆွေးမခံကြနဲ့ ဟေ့
ထပ်ရင်းရမဲ့ ဘ၀မာန်အားများကို ဖြည့်ခဲ့ပါ။

ရှေ့ထွက်မိုင်း ၂ လုံးကြားထဲက ပေါ်တာလို
ကရင်ရွာအိုလေးမှာ ငါနေတယ်
အစိုးရတပ်တွေလည်း ဆုတ်ပြေးသွားကြပြီ
သူပုန်တပ်တွေလည်း ဆုတ်ပြေးသွားကြပြီ
မင်းတို့ ပြုတ်ကျကျန်ခဲ့တဲ့ လက်ပစ်ဗုံး
ဘယ်ရွာသားတွေမှ စားသုံးလို့ မရဘူးကွာ
မင်းတို့ မြှုပ်နှံခဲ့တဲ့ အလောင်း ပုတ်နံ့ တထောင်းထောင်းနဲ့ ရွာပတ်တယ်
အစိုးရတပ်သားတွေက
ငါ့သမီးကို နမ်းရှိုက်ဖို့ ခေါ်သွားတယ်
သူပုန်တပ်သားတွေက
ငါ့သားကို အထမ်းလိုက်ဖို့ ခေါ်သွားတယ်
ငါကတော့ နှမ်းငပိ လုပ်ဖို့ နှမ်းစိုက် ကျန်ခဲ့တယ်
ဆန်လုပ်ဖို့  တမံတုတ် စပါးစိုက် ကျန်ခဲ့တယ်
ခရစမတ်အလှူမှာ ကျွေးမဲ့ ၀က် ကြက်တွေ ငါမွေးထားခဲ့ပေမဲ့
စစ်ကပူလာတဲ့အခါ မင်းတို့ တွေကိုပဲ ငါ ပေး ပေးစား လိုက်ရတယ်
မင်းတို့ အခွေပြန်ပြန်ရစ် နားထောင်တဲ့ ပြည်တွင်းစစ် တောင်ကုန်းတောင်ရိုးပေါ်မှာ
ငါလိုကောင် အဖိုးအိုဟာ ရိုးအစွာ လူဖြစ်ရှုံးခဲ့တာ နှစ် ၆၀ ကြာပြီ။


အမှားဦးနှောက်ပျက်လမ်းစဉ်နဲ့ တောက်လျှောက် တည်ဆောက်လာတာ
အများသုံးသောက်မဲ့ ရေချမ်းစင်လေးတောင် မဖြစ်လာဘူးဆိုတော့
နွားတသိုက် နေရီညိုမှာ ခြံသွင်းသွားသလိုမျိုး
ဘားတိုက်တွေဆီကို ပြန်ဆင်းသွားပါတော့ ဗိုလ်ချုပ်တို့ရေ…

ပြည်သူ့ ဆန္ဒတွေကိုတော့ လူထုသံအမတ်ခန့် ပေါ့ကွာ။

သုအိုင်စံ

0 comments: