Saturday, August 22, 2009

မှော်ကသိုဏ်း

(၂၂/၀၈၊၂၀၀၉)
သုအိုင်စံ

အရိန္ဒမာတို့ ယိမ်းနွဲ့ ပါးတို့လို
ရာဇ၀င်တွေ အခြံအရံနဲ့  ရှင်သန်ခဲ့ရတာမဟုတ်ဘူး။
ငါ့ဘ၀သမိုင်းစာအုပ်ကို
ငါ့ပထမဆုံးခုတ်ချက်နဲ့ ရေးသားပုံဖော်ဖို့ 
ဓါးအိမ်ထဲကခုန်ထွက်လိုက်တယ်။တိုက်ဓါး။

ရေးချိန် ဖတ်ချိန် မရခဲ့တဲ့ ဗဟုသုတလေးနဲ့ 
သွေးချိန် သချိန် မရခဲ့တဲ့ ပင်ကိုရည်လေးနဲ့ 
တိုက်ရင်းနဲ့ ထက်ခဲ့၊ တိုက်ရင်းနဲ့ ပဲ့ခဲ့
လောကက ခုတ်ပစ်ရမှာတွေ သိပ်များတယ်။

ငါ့ ဓါးရိုးမှာ ငါ့ လက်ဗွေရာ ပဲရှိရဲ့
ငါ့ဓါးသွားမှာ ရန်သူ့ သွေးဟာ နီကျင်စွန်းကပ်နေတယ်။

ရေဆေးမ၀ယ်နိုင်လို့ ရေနဲ့ပဲ ရေးလိုက်ရတဲ့ ပန်းချီကားတွေ
ဆီဆေးတွေ ပိုလျှံနေလို့ အဆီအစ် ဗိုက်ရွှဲနေတဲ့ ပန်းချီကားတွေ
လောကပြတိုက်ထဲက ပန်းချီဟာ နရီ ကာရန် ဆေးစပ်မှန်ရင် မကောင်းဘူးလား
တယောက် အရောင် တယောက် နှိုက်မခိုးနဲ့
တယောက် ဘောင် တယောက် ရိုက်မချိုးနဲ့
မတော်တဆ စိုက်ပျိုးခံရတဲ့ လူ့ ဖြစ်တည်ခြင်းမှာ
လူက လူကို ကိုးကွယ်စရာ လိုလို့ လား
ကိုယ့် ခါးရိုး ကိုယ် အားကိုးတဲ့ ကောင်တွေချည်းပဲ ဟေ့ကောင်။

ရဲဘော်ရိုင်ယန်ကို မေ့လိုက်တော့ကွာ
ငါတို့မှာ စားစရာမရှိတော့ဘူး
ဒါမှမဟုတ်...စားမဲ့လူတောင်မရှိတော့ဘူး
ဒီလိုလည်းမဟုတ်သေးဘူးဆိုရမလား
ဥပဒေအစဉ်အလာတွေနဲ့ပဲ
ကုနေတာကြာလာတဲ့ ကင်ဆာဟာ ရင့်ခဲ့ပြီ။

သရက်ထောင်မှာ ရေးခဲ့တဲ့ကဗျာတပုဒ် လွတ်မြောက်ရေးကဗျာလောကကို အုပ်ချုပ်တယ်
ရဲရင့်နဲ့ရဲသီဟ မောင်းခဲ့တဲ့ လေယာဉ်ပျံတစင်း လွတ်မြောက်ရေးကောင်းကင်နံရံကို ထိမှန်တယ်
စစ်ငြိမ်းအေး ရေးခဲ့တဲ့ ပန်ချီကားတချပ် လွတ်မြောက်ရေးပြတိုက်မှာ ကပ်ထားတယ်
ရဲနည်ရေးခဲ့တဲ့ တေးတပုဒ် လွတ်မြောက်ရေးသံစဉ် notes နဲ့ယက်လုပ်တယ်
တိုးအောင်လွင် လက်ထဲက ကြေးနန်းတရွက် လွတ်မြောက်ရေး ဆိုက်ဘာနဲ့ဖော်ခဲ့တယ်
လွတ်မြောက်ရေးကို ပုံဖော်အသက်သွင်းဖို့ တော်လှန်ရေးဆိုတာ ခရီးပြင်းချီအောင်ပွဲခံရတယ်
မောင်ချောနွယ်က ကိုဖော်ဝေးရေ ကျနော် နောက်မဆုတ်တော့ဘူးလို့ ကြွေးကြော်ခဲ့တယ်၊ ရေးခဲ့ ရင်းခဲ့တယ်၊
မောင်ချောနွယ်ဟာ မောင်ချောနွယ်ဖြစ်ခဲ့တယ်။ဒါပဲ။

သေနေတဲ့ အေကေစက်လတ်တလက်လို
ဘ၀ကို (လေးလေးနင့်နင့်) ထမ်းထုတ်သွားကြ အနောက်အရပ်ဆီ (လေးလေးနက်နက်)
ဘာဆက်လုပ်ရမယ်ဆိုတာကို မသိတဲ့ အများအတွက်ဗျူဟာတွေနဲ့
ဘာဆက်လုပ်ရမယ်ဆိုတာကို သိတဲ့ ငါ့အတွက်ဗျူဟာတွေနဲ့ ၊
အခွင့် အရေးကို siege မလုပ်နိုင်တော့ကွဲပြဲ
အချစ်လေးကို keep မလုပ်နိုင်တော့ အသဲကွဲ၊
ပြည်သူ့ သွေးကို lead မလုပ်နိုင်တော့ ဟိုလွှဲဒီလွှဲ၊

ရွက်ကျပင်ပေါက်လို ရောက်လေရာမှာ ချစိုက်ပေမဲ့၊ ဘ၀ဟာပေါက်ဖို့ သေချာရဲ့လား
အကြိမ်ကြိမ် ပြောင်းရွှေ့ စိုက်ပျိုးခံရတဲ့ သစ်ပင်များစွာ၊ ဥယျာဉ်မှားကြီးထဲမှာတိုင်ပတ်ရွာလည်
မြန်မာနိုင်ငံရဲ့လွတ်မြောက်ရေးကုန်သည်များ။

မြေပုံတချပ်နဲ့ ပထ၀ီဘာသာရပ် မဖြစ်ဘူး၊
ရာဇ၀င်တစနဲ့  သမိုင်းဘာသာရပ်မဖြစ်ဘူး၊
ဗေဒင်ဟောစာတမ်းတရွက်နဲ့  နက္ခတ်တာရာကို ရမ်းဟောလို့မရဘူး၊
ဟော့ကင်းပြောတာကို လက်ညိုးထောင်ခေါင်းငြိမ့်ခဲ့၊ ဟော့ကင်း ပြန်ပြင်တာကို ခေါင်းငြိမ့် လက်ညိုးတောင်ခဲ့၊
ဖောက်ထွက်တဲ့ ကိုယ်ပိုင် ဦးနှောက်လေး တည်ထောင်ကြည့်ရအောင်လား၊
သမိုင်းကတော့ တော်လှန်ရေးတခုနဲ့ လွပ်လပ်ရေးကို ပုံဖော်မွေးခဲ့တယ်။

လိမ္မော်ရောင်တွေ မှိန်မှောင်ပျောက်နေတဲ့ လိမ္မော်သီးတွေ
ဘယ်ကိုမှမရောက်တဲ့ ဟိုင်းဝေးလမ်းမ အစုတ်ကြီးပေါ်က
စစ်တလဘတ်ကြီးအုပ်ကာထားတဲ့ ထရပ်ကားကြီးထဲမှာ
လူမိုက်မျက်ခွက်နဲ့  G3 ၄ လက်က ကင်းစောင့်လို့ 
အမိမြေ...
ရှည်ရှည်လျားလျား စစ်ကားတန်းကြီးတွေ
ဖုန်တထောင်းထောင်းနဲ့ မြန်မာပြည် အလယ်ကြောကို မောင်းတက်လာတယ်
နွား ကျွဲ ခွေး လူ ကြောင် အကုန်ရှောင်၊ မာဖီးယား ဆေးကြောင်တဲ့လမ်းစဉ်နဲ့
ဒီလိုနဲ့...
လူချမ်းသာ မြို့ ၁ မြို့ ဖြစ်လာတယ် လူဆင်းရဲ ရွာ ၁၀၀ ပျက်သွားတယ်
အဲဒီဖိနှိပ်မှု ရေပြင်ထဲမြုပ်သွားတဲ့ ဘ၀တွေ
ဘယ်ဘုရားသခင်ရဲ့ ရင်ပြင်မှာ သွားပေါ်ခဲ့ပါသလဲ
စစ်ကားတန်းကြီးဟာ ပျဉ်းမနားမြို့ကို အဖြတ်
မြို့လေးဟာ တဆတ်ဆတ်တုန်ခါ
ကဗျာဆရာ လက်ထဲက ခွက်ဟာကျကွဲ
စာရွက်ပေါ် ဓါးသွားတွေ ညီညာပြန့်ကြဲလို့
တွေးဆရေးထားတဲ့ကဗျာကို သွေး ဇ နဲ့ဖတ်လိုက်တဲ့အခါ
မင်းဟာ...တော်လှန်ရေး...ပေါ့ကွာ။

ငါက တောမီးအလယ်ခေါင်က ခွေးငယ်လေး တကောင်လို
မင်းက ရေခဲမုန်တိုင်းထဲ ညှပ်ပိတ်မိနေတဲ့ မီးသတ်လေယာဉ် တစင်းလို
ကမ္ဘာဟာ
တဟုန်းဟုန်း ဒေါသတကြီးလောင်နေတဲ့မီးကို
တ၀ုန်းဝုန်း လောလတကြီးလျှံနေတဲ့ရေနဲ့ မငြိမ်းသတ်နိုင်ခဲ့ဘူး
လူဟာ
လိုလိုလောလောဆာနေတဲ့ဗိုက်ကို ပိုပိုပေါပေါလျှံနေတဲ့အစာနဲ့ မဖြည့်နိုင်ခဲ့ဘူး
အရူးသစ္စာအတ္တနဲ့ ဥပေက္ခာအက ကို ကခဲ့ အခဲ့ တယ်။

သုအိုင်စံ

1 comments:

ဆောင်းယွန်းလ said...

မှော်ကသိုဏ်း....

အပြည့်အဝခံစားသွားတယ်....ဘာမှပြောစရာမလိုလို့
ဘာမှမပြောတော့ဘူးဗျာ....