Wednesday, June 24, 2009

မြောက်ကိုရီးယားသင်္ဘောနောက်သို့ အမေရိကန်ရေတပ်သင်္ဘော နောက်ယောင်ခံဆဲ

NEJ / ၂၄ ဇွန် ၂၀၀၉

ကုလသမဂ္ဂလုံခြုံရေးကောင်စီက တားမြစ်ထားသည့် စစ်လက်နက်ပစ္စည်း များ တင်ဆောင်ကာ မြန်မာနိုင်ငံ ဘက်ဆီသို့ ဦးတည်သွားနေသည်ဟု ယူဆရသည့် Kang Nam မြောက်ကိုရီးယားကုန်တင်သင်္ဘော၏ နောက်သို့ အမေရိကန်ရေတပ်သင်္ဘောက ဆက်လက် နောက်ယောင်ခံ လိုက်ဆဲ ဖြစ်သည်။

ပြီးခဲ့သည့်လ၌ မြောက်ကိုရီးယားက အနုမြူဗုံးစမ်းသပ် ဖောက်ခွဲခဲ့သည့် အတွက် လုံခြုံရေးကောင်စီက ယင်းသို့ ပိတ်ပင်တားမြစ်မှုများ ချမှတ်ခဲ့ခြင်းဖြစ်သည်။

Kang Nam မြောက်ကိုရီးယားသင်္ဘောသည် လက်နက်များ တင်ဆောင်လာသည်ဟု သံသယရှိဖွယ်ဖြစ်ပါက အဖွဲ့ဝင်နိုင်ငံများ အနေဖြင့် စစ်ဆေးရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီက ညွှန်ကြားချက် ထုတ်ပြန်ထားသည်။

ထို့ကြောင့် မြောက်ကိုရီးယားသင်္ဘောသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ မကြာသေးခင်က ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်ကို ပထမဆုံး အကဲစမ်းလိုက်ခြင်းဖြစ်သည်ဟု သတင်းမီဒီယာများတွင် ဖော်ပြသည်။

နောက်ယောင်ခံလိုက်နေသည့် အမေရိကန်ရေတပ်သင်္ဘောအနေဖြင့် ကြားဖြတ်ဝင်ရောက်စစ်ဆေးရန် ညွှန်ကြားချက်မရဟု အမေရိကန်အစိုးရက ပြီးခဲ့သည့်သီတင်းပတ်အတွင်းက ပြောကြားခဲ့သော်လည်း မြောက်ကိုရီးယားသင်္ဘောသည် မကြာခင် လောင်စာဆီဖြည့်ရန် တထောက်ရပ်နားရန် လိုအပ်လိမ့်မည်ဟု ကျွမ်းကျင်သူများက သုံးသပ်ကြောင်း အေပီသတင်းတွင် ဖော်ပြထားသည်။

ကုလသမဂ္ဂ၏တားမြစ်ချက်များအရ လက်နက်သယ်ဆောင်သည်ဟု သံသယဖြစ်နေသည့်သင်္ဘောကို အဖွဲ့ဝင်နိုင်ငံ များအနေဖြင့် လောင်စာဆီဖြည့်တင်းသော ၀န်ဆောင်မှုလုပ်ငန်းများ လုပ်ဆောင်ခွင့်မရှိပေ။

ကမ္ဘာ့သင်္ဘောများ လောင်စာဆီဖြည့်ရာ အချက်အချာဖြစ်သည့် စင်ကာပူနိုင်ငံကမူ စင်ကာပူဆိပ်ကမ်းသို့ Kang Nam မြောက်ကိုရီးယားသင်္ဘော ဆိုက်ကပ်ပါက လိုအပ်သလို အရေးယူဆောင်ရွက်မည်ဟု ပြောကြားထားသည်။

ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့၌ Kang Nam မြောက်ကိုရီးယားကုန်တင်သင်္ဘောသည် Nampo သင်္ဘောဆိပ်မှထွက်ခွာခဲ့ပြီး အမေရိကန် ရေတပ်ဖျက်သင်္ဘော USS John S. McCain က နောက်ယောင်ခံလိုက်နေခြင်းဖြစ်သည်။

မြောက်ကိုရီးယားကမူ ၎င်း၏သင်္ဘောကို ကြားဖြတ်ဟန့်တားမှု ပြုလုပ်ပါက စစ်ကြေညာသည့်လုပ်ရပ်ဟု ထုတ်ဖော် ပြောဆိုထားသည်။

ပြီးခဲ့သည့် ၂၀၀၇ ခုနှစ်၌လည်း Kang Nam 1 သင်္ဘောတစင်းသည် မြန်မာနိုင်ငံသို့ တရားမ၀င် စစ်လက်နက် ပစ္စည်းများ တင်ပို့ပေးခဲ့သည်ဟု အနောက်တိုင်းသံတမန်များက ပြောဆိုခဲ့သည်။ မြန်မာအာဏာပိုင်များက အဆိုပါသင်္ဘောတွင် သံသယဖြစ်စရာ မည်သည့်ကုန်ပစ္စည်းမှ မပါဝင်ကြောင်း ယင်းအချိန်က ပြောကြားခဲ့သည်။

ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးအင်အားစု၊ သုတေသနနှင့်မှတ်တမ်းတင်ဌာနမှ သုတေသနမှူး ဦးဌေးအောင် ကလည်း ၂၀၀၇ ခုနှစ်တွင် မြန်မာနိုင်ငံ သီလ၀ါဆိပ်ကမ်းသို့ စစ်လက်နက်ပစ္စည်းများတင်ဆောင်လာသည့် Kang Nam 1 မြောက်ကိုရီးယား သင်္ဘောတစင်းဆိုက်ကပ်သည်မှာ အမှန်ဖြစ်ကြောင်း ပြောသည်။

၎င်းက “ကျနော်တို့သိရသလောက်ဆိုရင် အဲဒီတုန်းက Kang Nam 1 သင်္ဘော သီလ၀ါဆိပ်ကမ်းမှာ မဆိုက်ခင် ကတည်းက ဆိပ်ကမ်းပတ်ဝန်းကျင်ကို (၂) ရက် (၃) ရက်ကတည်းက လုံခြုံရေးယူတယ်။ ကက (၂) လို့ခေါ်တဲ့ စစ်လက်နက်ပစ္စည်း ညွှန်ကြားရေးမှူးရုံးနဲ့ ကက (လျှပ်) လို့ခေါ်တဲ့ လျှပ်စစ်နဲ့ စစ်မှုအင်ဂျင်နီယာညွှန်ကြားရေးမှူးရုံးက ရှင်းလင်းသယ်ယူရေးအဖွဲ့တွေက ကြိုတင်ရောက်ပြီးတော့ ဆိပ်ခံတံတားပတ်ဝန်းကျင်မှာ မိုင်းရှင်းတာတွေ အနီးကပ်လုံခြုံရေးတွေ လုပ်ခဲ့တယ်။ နောက်မှ အင်းတိုင်မှာအခြေစိုက်တဲ့ အမှတ် (၁) ပင်မအလုပ်ရုံ (လျှပ်စစ်) က ဒုတိယတပ်မှူး ဒု-ဗိုလ်မှူးကြီးရဲဒင်နဲ့ ဗိုလ်ကြီးအောင်မိုးဇော်တို့ ခေါင်းဆောင်တဲ့အဖွဲ့က တာဝန်ယူကြီးကြပ်ပြီးတော့ ပစ္စည်းတွေကို သယ်တယ်။ အင်းတိုင်၊ ပတောင်း၊ မန္တလေးကို သယ်တာ” ဟု ပြောသည်။

ထိုအချိန်က အဆိုပါသင်္ဘောတွင် ဒုံးကျည်လက်နက်၊ တာဝေးပစ်အမြောက်ကြီးများနှင့် ပတ်သက်သည့် အစိတ်အပိုင်းများ ပါဝင်ကြောင်း ဦးဌေးအောင်က ပြောသည်။

ယခုတဖန် မြောက်ကိုရီးယားမှ Kang Nam 1 သင်္ဘောတစင်း စစ်လက်နက်ပစ္စည်းများတင်ဆောင်ကာ မြန်မာနိုင်ငံသို့ ဦးတည်နေသည်ဆိုသည့်သတင်းနှင့်ပတ်သက်၍ ဦးဌေးအောင်က “ယခုသင်္ဘောလာတာ နည်းနည်းထူးဆန်း နေတယ်။ အရင်ကလည်း ဒီသင်္ဘောက မြန်မာနိုင်ငံကို လာခဲ့ဖူးတယ်။ မြောက်ကိုရီးယားနဲ့ မြန်မာကြားမှာလည်း စစ်ရေးဆက်ဆံမှုတွေက နီးနီးကပ်ကပ်လုပ်နေတယ်ဆိုတော့ ဒီသင်္ဘောဦးတည်တဲ့ လမ်းကြောင်းအရကတော့ ဗမာပြည်ကို ဆိုက်ကပ်ဖို့ ဖြစ်နိုင်တယ်လို့ ထင်ရတာပေါ့” ဟု ပြောသည်။

မြန်မာစစ်အစိုးရက ၎င်းတို့စစ်တပ်ကို ခေတ်မီတိုးတက်စေရန် လုပ်ဆောင်နေသည့်အတွက် နည်းပညာရော၊ ခေတ်မီလက်နက်ပစ္စည်းအစိတ်အပိုင်းမှာပါ ရရာနေရာက လိုက်ဝယ်နေခြင်းဖြစ်သည်ဟု ၎င်းကပြောသည်။

“အနောက်နိုင်ငံတွေက လက်နက်ပိတ်ဆို့တဲ့အခါ အစပထမတုန်းကတော့ သူတို့ တရုတ်တို့ ရုရှားတို့က ၀ယ်တာပေါ့နော်။ ဒါပေမယ့် တချို့ဗျူဟာမြောက် လက်နက်တွေကြတော့ ဗမာစစ်အစိုးရကို ရောင်းဖို့ သူတို့ နောက်တွန့်နေတဲ့ အနေအထားမျိုး ရှိတယ်လို့ကြားရတယ်။ အဲဒီတော့ ရနိုင်တဲ့နေရာကနေ ရှာဝယ်ရင်းနဲ့ မြောက်ကိုရီးယားနဲ့ ဆက်စပ်မိသွားတဲ့သဘောပေါ့” ၎င်းက ဆက်လက်ရှင်းပြသည်။

“ကျနော်တို့သိရသလောက်ကတော့ ၁၉၉၉ ခုနှစ်ကတည်းက သူတို့စပြီးတော့ အဲလို မြောက်ကိုရီးယားနဲ့ စစ်လက်နက်ပစ္စည်း ဆက်စပ်မှုတွေ ရှိနေတာလေ။ အခုအချိန်မှာ မြောက်ကိုရီးယားက တာဝေးပစ်ဒုံးကျည် နည်းပညာတွေကို ဗမာအစိုးရက စိတ်ဝင်စားနေတယ်လို့ ကျနော်တို့ ကြားရတာရှိတယ်။ နောက်တခုက တာဝေးပစ် အမြောက်ကြီးတွေကို စိတ်ဝင်စားတယ်။ နောက် မြောက်ကိုရီးယားမှာပဲ နျူကလီးယားနဲ့ပတ်သက်တဲ့ သုတေသန နည်းပညာတွေကိုလည်း သူတို့ရရှိဖို့ ကြိုးစားတယ်ဆိုတာလည်း ကြားရတယ်။ သေချာတာတခုကတော့ ဒုံးကျည်နဲ့ အမြောက်ကြီးတွေ မြောက်ကိုရီးယားကနေ ယူနေတယ်။ နောက် မြောက်ကိုရီးယားက ခေတ်မီရေဒါ နည်းပညာတွေ သူတို့ယူနေတယ်” ဟု ဦးဌေးအောင်က ပြောသည်။

အမေရိကန် ပင်တာဂွန်မှ စစ်အရာကြီးတဦးကမူ အဓိကသံသယဖြစ်စရာမှာ မြောက်ကိုရီးယားသင်္ဘော မြန်မာနိုင်ငံဘက်သို့ ဦးတည်သွားနေခြင်းဖြစ်သည်ဟု အေပီသတင်းဌာနသို့ပြောသည်။

မြောက်ကိုရီးယားနိုင်ငံသည် မြန်မာနိုင်ငံသို့ စစ်လက်နက်ပစ္စည်းအငယ်စားများကို ရောင်းချခဲ့ကြောင်း သတင်းများ လည်း ထွက်ပေါ်ခဲ့သည်။

မြန်မာနိုင်ငံမှ ဆိုးဝါးသည့် လူ့အခွင့်အရေးမှတ်တမ်းများနှင့် ရွေးကောက်ပွဲအနိုင်ရပါတီကို အာဏာလွှဲပြောင်း ပေးခြင်းမရှိသည့်အတွက် အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂတို့က မြန်မာနိုင်ငံအပေါ် လက်နက်တင်ပို့မှု တားမြစ်ပိတ်ဆို့ထားသည်။

0 comments: